spot_img
Tuesday, February 10, 2026
More
    spot_img
    Homeသတင်းထောင်ချီသော မြန်မာအလုပ်သမားအများစု ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်မရ

    ထောင်ချီသော မြန်မာအလုပ်သမားအများစု ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်မရ

    -

    ဇွန်လ ၂၃ ရက်နေ့တွင် ထိုင်းနိုင်ငံသို့ရောက်ရှိနေသော နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမည့် တလေထိုင်းခန်းမရှေ့တွင် မြန်မာအလုပ်သမား ထောင်နှင့်ချီ ရောက်ရှိလာသော်လည်း တွေ့ဆုံခွင့်မရရှိခဲ့ကြောင်း သိရသည်။

    ဒေါ်အောင်ဆန်စုကြည်နှင့်တွေ့ဆုံခွင့်မရသဖြင့် ဒေါသထွက်နေသောမြန်မာအလုပ်သမတစ်ဦး(Internet)
    ဒေါ်အောင်ဆန်စုကြည်နှင့်တွေ့ဆုံခွင့်မရသဖြင့် ဒေါသထွက်နေသောမြန်မာအလုပ်သမတစ်ဦး(Internet)

    ထိုင်းအလုပ်ရှင်များရွေးချယ်ထားသည့် မြန်မာအလုပ်သမား ၅၀၀ ခန့်သာ ဝင်ခွင့်ရရှိခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားချိန်တွင် အလုပ်သမား ၂၀၀ ခန့်သာ တွေ့ရှိရကြောင်း အခမ်းအနားတက်ရောက်သူများထံမှ သိရသည်။

    ခန်းမထဲဝင်ခွင့်မရသူ မွန်အလုပ်သမားအဖွဲ့ ခေါင်းဆောင် မင်းသီဟက “အလုပ်သမားတွေက သူတို့ခံစားနေရတဲ့ ဒုက္ခတွေ၊ သူတို့အခွင့်အရေးချိုးဖောက်ခံနေရတာကို ဖွင့်ပြောချင်တာ၊ ဒါကိုတကယ်ခံစားနေရတဲ့ အလုပ်သမားတွေက ခန်းမထဲဝင်ခွင့်မရှိဘဲ အလုပ်ရှင်တွေနဲ့ ထိုင်းအာဏာရှင်တို့ ပူးပေါင်းပြီးရွေးချယ်လာတဲ့ အလုပ်သမား ၅၀၀ လောက်ပဲ ဝင်ခွင့်ရတယ်ဆိုတော့ ကျန်တဲ့ အလုပ်သမားတွေက ဘာမှတင်ပြဆွေးနွေးခွင့်မရခဲ့ဘူး” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားများအနေဖြင့် ၄ နှစ်ဗီဇာသက်တမ်းတိုးရပ်တန့်လိုက်သည့် ကိစ္စနှင့်ပတ်သက်ပြီး တရားမျှတမှုမရှိသည့်အတွက် ထိုင်းအစိုးရကို ညှိနှုိင်းပြောဆိုဆွေးနွေးစေလိုကြောင်း၊ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးသည့်အခါ ၄င်းတို့နေထိုင်ရာ မြို့နယ်အတွင်း၌ တိုးခွင့်ရရှိရန်၊ ထိုင်းအစိုးရ ထုတ်ပြန်ထားသည့် အလုပ်သမား ဥပဒေများကို အလုပ်ရှင်များလိုက်နာစေရန် စသည့်ကိစ္စများကို ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြနိုင်ရန် မှျော်လင့်ထားကြောင်း သူကဆိုသည်။

    ထိုင်းနိုင်ငံတွင် အဓိကအလုပ်လုပ်ကိုင်နေကြသည့် အလုပ်သမားများ၏ ခံစားချက်အစစ်အမှန်ကို ဒေါ်အောင်ဆန်းစုကြည်အား သိစေလိုကြောင်း၊ သို့သော် ယခုတွေ့ဆုံပွဲတွင် မြန်မာအလုပ်သမားများ ပါဝင်ဆွေးနွေးခွင့်မရခဲ့သည့်အတွက် ထိရောက်မှု မရှိဘူးဟု မင်းသီဟက ဆက်ပြောသည်။

    ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံမည့် မြန်မာအလုပ်သမားများအား ထိုင်းအာဏာပိုင်များ ရွေးချယ် စီစဉ်ခဲ့သည့်အပေါ် စိတ်ပျက်ခဲ့ကြောင်း၊ အပြင်ဘက်မှာစောင့်ဆိုင်းနေသူများအား မိန့်ခွန်းပြောရန်စီစဉ်ခဲ့သော်လည်း မိုးရွာသောကြောင့် အစီအစဉ်ဖျက်သိမ်းခဲ့ရသည့်အပေါ် စိတ်ပျက်မိကြောင်း အလုပ်သမားအရေးဦးဆောင်သူများနှင့် အပြင်ဘက်တွင် တွေ့ဆုံနှုတ်ဆက်စဉ် ဒေါ်အောင်ဆန်းစုကြည် ပြောဆိုခဲ့ကြောင်း သိရသည်။

    ထိုနောက် ဒေါ်အောင်ဆန်းစုကြည် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ရာတွင် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံနှုတ်ဆက်ခွင့် မရခဲ့သည့်အတွက် စိတ်မကောင်းဖြစ်ရကြောင်း၊ အခုလိုတွေ့ဆုံခွင့် အဆင်မပြေ ဖြစ်ခဲ့ရသော်လည်း ထိုင်းနိုင်ငံရောက် မြန်မာ အလုပ်သမားများ ကြုံတွေ့နေရသော အခက်အခဲများအားလုံးကို သိရှိပါကြောင်း “မိုးထဲရေထဲတွင် စောင့်ဆိုင်းနေခဲ့ကြသာ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ မှျော်လင့်ချက်များ၊ အားကိုး မှုများ၊ ယုံကြည်ချက်များအတွက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ အမှာစကား” တွင် ရေးသားဖော်ပြထားသည်။

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သည် ထိုင်းနိုင်ငံ ဝန်ကြီးချုပ်၏ ဖိ်တ်ကြားမှုဖြင့် ဇွန်လ ၂၃ ရက်နေ့မှ ၃ ရက်ကြာ ချစ်ကြည်ရေးခရီးစဉ်အဖြစ် ထိုင်းနိုင်ငံသို့ ရောက်ရှိနေခြင်း ဖြစ်သည်။

    ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ် ဒုတိယနေ့တွင် ထိုင်းတက္ကသိုလ်ကျောင်းသူ/ ကျောင်းသားများအား Myanmar, ASEAN and the World : The Way Forward” ဆိုသည့် ခေါင်းစဉ်ဖြင့်ဟောပြောခြင်း၊ ညနေပိုင်းတွင် ထိုင်း၀န်ကြီးချုပ် ပရာယွတ်ချန်အိုချားနှင့် ထား၀ယ်ရေနက်ဆိပ်ကမ်းကိစ္စ၊ နယ်စပ်စီးပွားရေးဇုန်ကိစ္စအပြင် ၂ နိုင်ငံရွှေ့ပြောင်းအလုပ်သမားကိစ္စ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီး ကြမည်ဖြစ်သည်။

    ဒေါ်အောင်ဆန်စုကြည်သည် အတိုက်အခံခေါင်းဆောင်ဘဝနှင့် ထိုင်းနိုင်ငံသို့ ပြီးခဲ့သည့် ၂၀၁၂ ခုနှစ်တွင် ပထမအကြိမ်ရောက်ရှိခဲ့စဉ် မြန်မာအလုပ်သမားများနှင့် မဟာချိုင်မြို့တွင် တွေ့ဆုံခဲ့သလို ထိုင်းမြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းသို့လည်း သွားရောက်ခဲ့ပြီး ဖြစ်သည်။

    ထိုင်းနိုင်ငံတွင် တရား၀င်မှတ်ပုံတင်ပြီး အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားဦးရေ ၂ သန်းခန့်ရှိပြီး အထောက်အထားမဲ့ မြန်မာအလုပ်သမားများစွာရှိနေသေးကြောင်း ထိုင်းအစိုးရက ခန့်မှန်းထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks