Tuesday, March 10, 2026
More
    spot_img
    Homeသတင်းUNA အဖွဲ့ဝင်ပါတီများကိုယ်စား အနိုင်ရပါတီများက ၂၁ ရာစုပင်လုံညီလာခံသို့တင်ပြမည်

    UNA အဖွဲ့ဝင်ပါတီများကိုယ်စား အနိုင်ရပါတီများက ၂၁ ရာစုပင်လုံညီလာခံသို့တင်ပြမည်

    -

    ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်တစ်ဦးမျှအနိုင်မရရှိခဲ့သည့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA အဖွဲ့ဝင်နိုင်ငံရေးပါတီများ၏ သဘောထားများ ရယူကာ ရွေးကောက်ပွဲအနိုင်ရရှိခဲ့သည့် နိုင်ငံရေးပါတီများက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံညီလာခံသို့ ကိုယ်စားတင်ပြသွားမည်ဖြစ်ကြောင်း UNA အဖွဲ့ဝင်ထံမှ သိရသည်။

    UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများဆွေးနွေးပွဲ-၂၀၁၅(UNA)
    UNA နှင့် မိတ်ဖက်အဖွဲ့အစည်းများဆွေးနွေးပွဲ-၂၀၁၅(UNA)

    UNA အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD တွဲဖက်အတွင်းရေးမှူး(၁) ဦးစိုင်းလိတ် က “ UNA အဖွဲ့ဝင်ထဲကနေ ရွေးကောက်ပွဲမှာ ရွေးကောက်မခံရတဲ့ အဖွဲ့ဝင်ပါတီကိုယ်စားလှယ်တွေရဲ့ တင်ပြချက်၊ သူတို့ရဲ့ စာတမ်းတွေကို လေ့လာပြီးတော့ သူတို့အသံပါအောင် ညီလာခံတက်ခွင့်ရှိတဲ့ ပါတီတွေက သယ်ဆောင်ပေးသွားမယ်၊ ဒါကို တစ်သံတည်းဖြစ်အောင် ညှိနှိုင်းကြမယ်၊ ပြီးရင် သူတို့ကိုယ်စား အနိုင်ရတဲ့ အဖွဲ့အစည်းတွေက တင်ပြပေးသွားမယ်” ဟု ဆိုသည်။

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပစဉ်တွင် နိုင်ငံရေးအဖွဲ့ အစည်းများ အနေဖြင့် လွှတ်တော်အသီးသီးတွင် ကိုယ်စားပြုမှုအပေါ် အခြေခံ၍ ဆောင်ရွက်ရမည်ဟု ယုံကြည် ပါကြောင်း၊ တစ်နိုင်ငံလုံးရှိ ၉၀ ကျော်သော နိုင်ငံရေးပါတီအားလုံးမဟုတ်ဘဲ လွှတ်တော်တစ်ခု သို့မဟုတ် တစ်ခုတွင် အနည်းဆုံး ကိုယ်စားလှယ်တစ်ဦး ပါဝင်သည့် နိုင်ငံရေးပါတီများကိုသာ ငြိမ်းချမ်းရေးညီလာခံသို့ ကိုယ်စားလှယ်အဖြစ် ထည့်သွင်းသွားရန် စဉ်းစားထားသည်ဟု ပြောကြားထားသည်။

    အဆိုပါ ပြောဆိုချက်အရ ၂၀၁၅ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်တစ်ဦးမျှအနိုင်မရရှိခဲ့သည့် နိုင်ငံရေးပါတီများအနေဖြင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံညီလာခံသို့ တက်ရောက်၍ တင်ပြ ဆွေးနွေးခွင့်ရမည်မဟုတ်ကြောင်း သိရသည်။

    ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် သုံးရပ်၌ရွေးကောက်ခံခဲ့ရသည့် UNA အဖွဲ့ဝင် နိုင်ငံရေးပါတီများမှာ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ် SNLD၊ ရခိုင်အမျိုးသားပါတီ ANP၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် ZCD နှင့် မွန်အမျိုးသားပါတီ MNP တို့ဖြစ်သည်။

    ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသား ပါတီ ၈ ပါတီဖြင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA ကို ဖွဲ့စည်းထားရာ ၂၀၁၆ ခုနှစ်၊မေ ၇ ရက်နေ့ UNA အဖွဲ့ဝင်များ အစည်းအဝေးတွင် UNA သို့ အဖွဲ့ဝင်အဖြစ် လျောက်ထားသည့် တိုင်းရင်းသားပါတီများထဲမှ ၄ ပါတီကို လက်ခံလိုက်သဖြင့် လက်ရှိတွင် UNA အဖွဲ့ဝင် ၁၂ ပါတီဖြစ်လာသည်။

    ထိုရွေးကောက်ခံ UNA အဖွဲ့ဝင် ပါတီများသည် ကရင်အမျိုးသားပါတီ၊ ကယန်းအမျိုးသားပါတီ၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ်ပါတီ၊ ကချင်အမျိုးသားများဒီမိုကရေစီကွန်ဂရက်ပါတီတို့၏ သဘောထားများ အပြင် အဖွဲ့ဝင်အသစ်များဖြစ်သော ခူမီး(ခမီး)အမျိုးသားပါတီ၊ ရခိုင်မျိုးချစ်ပါတီ၊ မြို အမျိုးသား ဒီမိုကရေစီပါတီ၊ ဓနုတိုင်းရင်းသားလူမျိုးများ ဒီမိုကရေစီပါတီတို့ သဘောထားများကိုလည်းရယူကာ အားလုံး UNA ကိုယ်စားလှယ်များက ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစုပင်လုံညီလာခံသို့ ကိုယ်စား တင်ပြ သွားမည်ဖြစ်ကြောင်း သိရသည်။

    ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစု ပင်လုံညီလာခံကို ဇူလိုင်လကုန် သို့မဟုတ် သြဂုတ်လဆန်းပိုင်း တွင် ကျင်းပသွားနိုင်ရန် အစိုးရဘက်မှ ပြင်ဆင်ဆောင်ရွက်လျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks