spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းမွန်နိုင်ငံရေးအကျဉ်းသားများနေ့စာပေဟောပြောပွဲကျင်းပရန် အကျဉ်းသားဟောင်းများတောင်းဆို

    မွန်နိုင်ငံရေးအကျဉ်းသားများနေ့စာပေဟောပြောပွဲကျင်းပရန် အကျဉ်းသားဟောင်းများတောင်းဆို

    -

    မွန်နိုင်ငံရေးသမားများနေ့အထိမ်းအမှတ် စာပေဟောပြောပွဲအခန်းအနားပြုလုပ်ရန် အကျဉ်းထောင်ကျခဲ့သော မွန်နိုင်ငံသမားများက ဇွန်လ ၁၆ (နယုန်လဆန်း ၁၁) ရက်နေ့တွင် တောင်းဆိုလိုက်ကြောင်း သိရသည်။

    မွန်နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့သူ နိုင်ယက္ခ(Facebook)
    မွန်နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့သူ နိုင်ယက္ခ(Facebook)

    AD ၁၀၄၇ နယုန်လဆန်း ၁၁ ရက်နေ့တွင် မွန်ဘုရင် မနူဟာမင်းအား မြန်မာဘုရင် အနော်ရထာမင်းက သုဝဏ္ဏဘူမိ(သထုံပြည်)မှ အကျဉ်းသားအဖြစ်ဖမ်းဆီး၍ ပုဂံသို့ယူဆောင်သည့်နေ့ကိုအစွဲပြု၍ မွန်နိုင်ငံရေးအကျဉ်းသားနေ့အဖြစ်၂၀၁၃ ခုနှစ်တွင် စတင်သတ်မှတ်ကျင်းပခဲ့ခြင်းဖြစ်သည်။

    မွန်နိုင်ငံရေးအကျဉ်းသားဟောင်း နိုင်ယက္ခ က “ ၂၀၁၂ ခုနှစ်ကနေ လွတ်လာပြီး ၂၀၁၃ မှာ ဒီအထိမ်းအမှတ်နေ့ကို စတင်လုပ်ဆောင်ခဲ့တယ်၊ နှစ်စဉ်ကျင်းပသွားဖို့ဆုံးဖြတ်ထားပေမယ့်လည်း အကြောင်းအမျိုးမျိုးကြောင့် မဖြစ်လာခဲ့ဘူး၊ ဒါကြောင့် ဒီနှစ်ကနေ ပြန်စလိုက်ပြီး နောက်နှစ်တွေမှာ အများကြီးလုပ်ဖို့မလိုပါဘူး၊ စာပေဟောပြောပွဲလောက်ဆိုရပါတယ်” ဟု ပြောသည်။

    နိုင်ယက္ခသည် ၂၀ဝ၉ ခုနှစ်၌ နိုင်ငံတော်ပုန်ကန်မှုဖြင့် သေဒဏ်ကျခဲ့ရာမှ မွန်ပြည်သစ်ပါတီ၏ အကြိမ်ကြိမ်တောင်ဆိုညှိ့နိုင်းမှုဖြင့် ၂၀၁၂ ခုနှစ် ဧပြီလ၌ ပြန်လည်လွတ်မြောက်ခဲ့ရကြောင်း၊ သို့ရာတွင် ပြစ်မှုကျူးလွန်ခြင်းမရှိဘဲ အစိုးရထောက်လှန်းရေးများ အကွက်ဆင်လုပ်ကြံဖန်တီး၍ မတရားဖမ်းဆီးတရားစွဲဆိုခဲ့ခြင်းဖြစ်သည်ဟု သူကဆိုသည်။

    အကယ်၍ မွန်နိုင်ငံရေးအကျဉ်းသားများနေ့၌ စာပေဟောပြောပြုလုပ်နိုင်ပါက မွန်နိုင်ငံရေးသမားတို့၏ ရုန်းကန်လှုပ်ရှားမှုများ ၊ မတရားအမှုဆင်လုပ်ကြံဖန်တီး အဖမ်းဆီးခံရသည့် မွန်နိုင်ငံရေးသမားများအကြောင်းများကို မွန်လူငယ်များသိရှိနားလည်လာမည်ဟု ၄င်းကဆက်ပြောသည်။

    မွန်နိုင်ငံရေးအကျဉ်းသားဟောင်း အရှင်အဇ္ဇ က “ ၂၀၁၄ မှာ လူမစုံလို့ မလုပ်ဖြစ်တာ၊ ၂၀၁၅ မွန်အမျိုးသားကွန်ဖရင့်မှာ ဆွေးနွေးအသိမှတ်ပြုပြီးမှ ဆက်လုပ်ဆောင်ရင် ပိုသင့်တော်တယ်လို့ အကြံပေးလာတယ်၊ မွန်အမျိုးသားကွန်ဖရင့်က မဖြစ်မြောက်တော့ ဒီအထိမ်းအမှတ်နေ့ကိုလည်း မလုပ်ဖြစ်ခဲ့ဘူး၊ ဒီ၂၀၁၆ မှာ မွန်အမျိုးသားကွန်ဖရင့်ကို မစောင့်တော့ပဲ အခုလို ဆွေးနွေးပွဲလေး လုပ်လိုက်တယ်” ဟု ပြောသည်။

    အရှင်အဇ္ဇသည် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲဆန့်ကျင်မှု၊ တရားမဝင်ပုံနှိပ်ထုတ်ဝေမှုတို့ဖြင့် ၂၀၁၀ ခုနှစ် (၉)လပိုင်း၌ ဖမ်းဆီးခံရပြီး (၁၅)နှစ်ထောင်ဒဏ်၊ ၂၀၁၂ ခုနှစ်၌ နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ခဲ့ရကြောင်း သိရသည်။

    ထို့အတူ နိုင်ငံရေးအမှုဖြင့် ထိုစဉ်က အဖမ်းခံခဲ့ရသည့် မွန်နိုင်ငံရေးအကျဉ်းသားပေါင်း ၁၀ဝ ဦးဝန်ကျင်ရှိခဲ့သည်ဟု သူကဆိုသည်။

    မွန်နိုင်ငံရေးအကျဉ်းသားများနေ့အထိမ်းအမှတ် ဖြစ်မြောက်ရေးကော်မတီဝင် အရှင်ပညိန္ဒက “ထောင်ကျခံရတဲ့သူတွေကို ထောက်ပံ့ကြေးပေးဖို့က အစီစဉ်တွေကိုတော့ ၂၀၁၃ မှာ ချမှတ်ထားပေမယ့် အကောင်ထည်ဖော်မှုအားနည်းခဲ့တယ်၊ ထောက်ပံ့ကြေးငွေမပြည့်စုံသေးတာရယ်၊ အဖွဲ့ရဲ့ဖွဲ့စည်းပုံကလည်း အသက်မဝင်သေးဘူး” ဟု ဆိုသည်။

    အဖွဲ့၏ဖွဲ့စည်းပုံ အသက်မဝင်သေးသည်မှာ တာဝန်ယူထားသူများ အဝင်အထွက်ရှိနေသည့်အတွက် လာမည့် ဇူလိုင် (၂၄)ရက်နေ့၌ ထပ်မံအစည်းအဝေးလုပ်ပြီး တာဝန်ပြန်လည်ခွဲဝေဦးမည်ဟု အရှင်ပညိန္ဒက ဆက်ပြောသည်။

    ၂၀၁၃ ခုနှစ်၌ ချမှတ်ထားသည့် လုပ်ငန်းစဉ်များတွင် တစ်နှစ်တစ်ကြိမ် မွန်နိုင်ငံရေးအကျဉ်းသားနေ့အထိမ်းအမှတ်အခန်းအနား ကျင်းပရန်၊ နိုင်ငံရေး အမှုရင်ဆိုင်နေရသော မွန်တိုင်းရင်းသားရှိပါက ကူညီဖြေရှင်းပေးရန်၊ နိုင်ငံရေးအကျဉ်းသား အဟောင်း/အသစ်တို့၏ အတ္ထုပ္ပတ္တိကို စုဆောင်းသွားမည်အပါအဝင် အချက်(၉)ချက် ဆုံးဖြတ်ထားသော်လည်း လက်တွေ့၌ အကောင်အထည်ဖေါ်မှု မရှိသေးဟု သိရသည်။

    ၂၀၁၂ ဒီဇင်ဘာလတွင် မွန်နိုင်ငံရေးအကျဉ်းသားများနေ့ကျင်းပရေး ကော်မတီတရပ် ဖွဲ့စည်းခဲ့ရာ ဥက္ကဌ နိုင်ယက္ခ၊ ဒုဥက္ကဌ (၁) ဒေါက်တာမင်းစိုးလင်း၊ ဒုဥက္ကဌ (၂) နိုင်လှအောင် စသည့် ဗဟိုကော်မတီဝင်၂၁ ဦး အပါအဝင် အဖွဲ့ဝင် ၆၀ ဦး ပါဝင်ကြောင်း သတင်းမှတ်တမ်းများအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks