spot_img
Wednesday, February 18, 2026
More
    spot_img
    Homeသတင်းတိုယိုထိုင်းကုမ္ပဏီနှင့် မွန်ပြည်နယ်အစိုးရ တွေ့ဆုံမှုကို စိုးရိမ်၊ မျက်ခြေမပြတ် စောင့်ကြည့်မည်ဟုဆို

    တိုယိုထိုင်းကုမ္ပဏီနှင့် မွန်ပြည်နယ်အစိုးရ တွေ့ဆုံမှုကို စိုးရိမ်၊ မျက်ခြေမပြတ် စောင့်ကြည့်မည်ဟုဆို

    -

    မွန်ပြည်နယ်အတွင်း ဂက်စ်ရည်ဗူး ထုတ်လုပ်သည့်လုပ်ငန်း၌ ရင်းနှီးမြုပ်နှံရန် မွန်ပြည်နယ် ဝန်ကြီးချုပ်အား ပထမဆုံးအကြိမ် လာရောက်တွေ့ဆုံသည့် တိုယိုထိုင်းကုမ္ပဏီ (Toyo Thai Corporation Public Company Limited – TTCL) ၏ ခြေလှမ်းကို စိုးရိမ်ကြောင်းနှင့် မျက်ခြေမပြတ် စောင့်ကြည့်သွားမည် ဖြစ်ကြောင်း ကျောက်မီးသွေးအရေး ကန့်ကွက်နေသည့် အဖွဲ့များက ပြောသည်။

    တိုယိုထိုင်းကုမ္ပဏီနှင့် မွန်ဝန်ကြီးချုပ်အားနှုတ်ဆက်နေစဉ်(Min Min Oo FB)
    တိုယိုထိုင်းကုမ္ပဏီနှင့် မွန်ဝန်ကြီးချုပ်အားနှုတ်ဆက်နေစဉ်(Min Min Oo FB)

    ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းတွင် တိုယိုထိုင်းကုမ္ပဏီ ဥက္ကဋ္ဌ ဦးဆောင်သည့်အဖွဲ့က ဝန်ကြီးချုပ် ဧည့်ခန်းမဆောင်တွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဆောင်သည့် အစိုးရအဖွဲ့အား လာရောက်တွေ့ဆုံပြီး၊ မွန်ပြည်နယ်အတွင်း ထင်းအစားထိုး အသုံးပြုသည့် LPG Bottling Plant ( ဂက်စ်ရည်ဗူး) ထုတ်လုပ်သည့်စက်ရုံ တည်ဆောက်နိုင်ရန် ဆွေးနွေးခဲ့သည့်အပေါ် ယင်းကဲ့သို့ ပြောဆိုခြင်း ဖြစ်သည်။

    အံဒင်လူငယ်အဖွဲ့မှ မင်းဖိုးဇော် က“တိုယိုထိုင်းနဲ့ မွန်ပြည်နယ် အစိုးရ တွေ့ဆုံတာဟာ ကျွန်တော်တို့ အံဒင်ဒေသခံတွေအနေနဲ့ ကျောက်မီးသွေးစက်ရုံစီမံကိန်း စတင်အကောင်အထည်ဖော်လာမှာကို စိုးရိမ်တယ်။ ဘာတွေ ဆွေးနွေးခဲ့ကြသလဲဆိုတာ အသေးစိတ် မသိရသေးဘူး။ ဒီစီမံကိန်းအပေါ် ဒေသခံတွေရဲ့ သဘောထားကို မွန်ပြည်နယ်အစိုးရအနေနဲ့ အလေးအနက်ထားစေလိုပါတယ်” ဟု ပြောသည်။

    တိုယိုထိုင်းကုမ္ပဏီသည် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာအနီး မြေဧက ၅၀ဝ တွင် ဒေါ်လာသန်း ၂၇၀ဝ ရင်းနှီးမြှုပ်နှံပြီး လျှပ်စစ်ဓါတ်အား ၁၂၈၀ မဂ္ဂါဝပ် ထုတ်မည့် ကျောက်မီးသွေးလောင်စာသုံးစက်ရုံ စီမံကိန်း အကောင်အထည်ဖော်ရန်အတွက် ၂၀၁၅ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ပြည်ထောင်စုအစိုးရ၊ လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာနနှင့် လုပ်ငန်းဆောင်ရွက်ခွင့် သဘောတူစာချုပ် (MoA) လက်မှတ်ရေးထိုးထားပြီး ဖြစ်သည့် ကုမ္ပဏီတစ်ခု ဖြစ်သည်။

    ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့ အတွင်းရေးမှူး ဦးအောင်နိုင်ဝင်း က “သူတို့ (တိုယိုထိုင်းကုမ္ပဏီ) အနေနဲ့ MoA အဆင့်ထိ ရောက်ထားတဲ့အတွက် နောက်ဆုတ်ချင်မှာ မဟုတ်ဘူး။ ဒီနှစ် ဧပြီ ၉ ရက်နေ့က သူတို့ကုမ္ပဏီ အစည်းအဝေးမှာလည်း ဒီစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်မယ်လို့ ပြောထားတာတွေလဲ ရှိတယ်။ ဒါ့ကြောင့် ဒီတွေ့ဆုံမှုဟာ တိုယိုထိုင်းအနေနဲ့ အံဒင်ကျောက်မီးသွေးစက်ရုံစီမံကိန်းကို ပြန်လည်စတင်ဖို့ မွန်ပြည်နယ်အစိုးရသစ်ကို လာရောက်ချဉ်းကပ်တာလို့ပဲ မြင်တယ်” ဟု ပြောသည်။

    ထို့အပြင် “ကျွန်တော်တို့ YSS အဖွဲ့ကတော့ စဉ်ဆက်မပြတ် စောင့်ကြည့်ပြီး အံဒင်ကျောက်မီးသွေးစက်ရုံစီမံကိန်းနဲ့ ပတ်သက်တဲ့ လုပ်ဆောင်ချက်အားလုံးကို ကန့်ကွက်သွားမှာပါ” ဟုလည်း သူက ဆက်ပြောသည်။

    ဝန်ကြီးချုပ်နှင့် တွေ့ဆုံစဉ်တွင် တိုယိုထိုင်းဘက်က ဂက်စ်ရည်ဗူးစက်ရုံနှင့် ပတ်သက်၍ စက်ရုံတည်ဆောက်မည့် မြေနေရာကိစ္စ၊ စက်ရုံမှ တစ်နေ့တာ ထုတ်လုပ်နိုင်မည့် ဂက်စ်ရည်၊ သဘာဝပတ်ဝန်းကျင်နှင့် ပတ်သက်သည့် အခြေအနေများ၊ ကုမ္ပဏီမှ အာမခံဆောင်ရွက်ပေးနိုင်မည့် အခြေအနေများကို ဆွေးနွေးခဲ့သည်ဟု ဝန်ကြီးချုပ် ဦးမင်းမင်းဦး၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။

    ၎င်းပြင် မွန်ပြည်နယ်တစ်ခုလုံး၌ ထင်းသုံးစွဲမှုပမာဏ ၇၀ ရာနှုန်းကျော် ရှိပြီး ယခုတင်ပြသည့် စီမံကိန်းကို စိတ်ဝင်စားကြောင်း၊ ပြည်နယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်း တိုးတက်ရရှိပြီး ထင်းသုံးစွဲမှု လျှော့ချနိုင်မည့် စီမံကိန်းတစ်ခု ဖြစ်ခြင်းကြောင့် အလေးထားစဉ်းစားကာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ခွင့်ပြုနိုင်ရေးအတွက် နောက်တစ်ကြိမ် တွေ့ဆုံဆွေးနွေးသည့်အခါ အသိပေးသွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြန်လည်ဆွေးနွေးခဲ့သည်ဟု ဖော်ပြထားသည်။

    တိုယိုထိုင်းကုမ္ပဏီသည် ၂၀၁၃ ခု နှစ်ဦးပိုင်းမှ စ၍ မြန်မာနိုင်ငံတွင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်ရန် ပြည်ထောင်စု အစိုးရအဖွဲ့နှင့် နားလည်မှုစာချွှန်လွှာ (MoU) ရေးထိုးခဲ့ပြီး၊ ၂၀၁၄ ဧပြီလကုန်ပိုင်းတွင် အံဒင်ကျေးရွာသို့ ရောက်ရှိကာ စီမံကိန်း အကောင်အထည်ဖော်မည့်အကြောင်း ဒေသခံများအား အသိပေးခဲ့သည်။

    စီမံကိန်းသည် မိမိတို့ဒေသ၏ သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်သည်ဟု ဆိုကာ ရေးမြို့နယ် လူမှုအကျိုးဆောင်အဖွဲ့က ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်နေ့တွင် အင်အား ၅၀ဝ ဝန်းကျင်ဖြင့် ဆန္ဒပြခဲ့ကြပြီး၊ ဒေသခံများကလည်း ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စီမံကိန်းကို ကန့်ကွက်ကြောင်း ကန့်ကွက်စာကို တိုယိုထိုင်းကုမ္ပဏီသို့ တရားဝင်ပေးပို့ခဲ့သည်။

    ၎င်းပြင် ကုမ္ပဏီနှင့် ပြည်ထောင်စုအစိုးရတို့ (၂၀၁၅ ခုနှစ် ဧပြီလ ၉ ရက်နေ့၌) MoA ရေးထိုးပြီးနောက်တွင်လည်း ယင်းကို ကန့်ကွက်သည့်အနေဖြင့် ဒေသခံ အင်အား ၆၀ဝ၀ ကျော်က ၂၀၁၅ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် လူထုဆန္ဒ ဖော်ထုတ်ပွဲတစ်ရပ်ကို အံဒင်ကျေးရွာ ဘောလုံးကွင်း၌ ပြုလုပ်ခဲ့ကြသည်။

    ဤအံဒင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံစီမံကိန်းသည် ဒေသခံများ၏ သဘောတူညီမှု မရှိသေးမီကာလအတွင်း သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်စစ်တမ်း EIA/ SIA လုပ်ငန်းများ အပါအဝင် အခြားသော စူးစမ်းလေ့လာမှုလုပ်ငန်းများ ဆောင်ရွက်ခြင်း မပြုရန် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ခေတ္တဆိုင်းငံ့ထားသည့် စီမံကိန်းကြီးတစ်ခု ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,900SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks