spot_img
Saturday, January 31, 2026
More
    spot_img
    Homeသတင်းမွန်တစ်မျိုးသားလုံးဆိုင်ရာ အစည်းအဝေးတစ်ရပ်ကျင်းပရန် မွန်ပြည်သစ်ပါတီစီစဉ်နေ

    မွန်တစ်မျိုးသားလုံးဆိုင်ရာ အစည်းအဝေးတစ်ရပ်ကျင်းပရန် မွန်ပြည်သစ်ပါတီစီစဉ်နေ

    -

    မွန်နိုင်ငံရေးပါတီများ၊ မွန်လူမှုဖွဲ့စည်းများ အချိုးကျပါဝင်သော မွန်တစ်မျိုးသားလုံးဆိုင်ရာ အစည်းအဝေးတစ်ရပ် ကို မကြာမီကျင်းပနိုင်ရန် မွန်ပြည်သစ်ပါတီ စီစဉ်နေကြောင်း သိရသည်။

    NMSP, MNP ဇွန် ၆ ရက်နေ့တွင်တွေ့ဆုံခဲ့စဉ် ( Facebook ဗော်ကောန်ဂကူမန်)
    NMSP, MNP ဇွန် ၆ ရက်နေ့တွင်တွေ့ဆုံခဲ့စဉ် ( Facebook ဗော်ကောန်ဂကူမန်)

    ၂၁ ရာစု ပင်လုံညီလာခံတစ်ရပ် ကျင်းပနိုင်ရန် လက်ရှိအစိုးရပြင်ဆင်လျက်ရှိရာ ၎င်းညီလာခံတွင် မွန်အမျိုးသားအရေး ကိုယ်စားပြုတင်ပြသွားနိုင်ရန်အတွက် မွန်တစ်မျိုးသားလုံးဆိုင်ရာ အစည်းအဝေးတစ်ရပ် ကျင်းပနိုင်ရန် မွန်ပြည်သစ်ပါတီ စီစဉ်နေကြောင်း မွန်ပြည်သစ်ပါတီ ပြည်တွင်းရေးရာတာဝန်ခံ နိုင်ဝင်းလှက မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    နိုင်ဝင်းလှက “အရင်တုန်းက MAU ပဲ အစည်းအဝေးလုပ်ရာကနေ အခု ကျွန်တော်တို့ (မွန်ပြည်သစ်) ပါတီကနေ အဓိကတာဝန်ယူလုပ်ဆောင်သွားမယ်။ အရင်တုန်းကလို MAU အဖွဲ့ကို အဓိကထားပြီး လုပ်ဆောင်တော့မှာ မဟုတ်ဘူး။ မွန်ပြည်သစ်ပါတီက ဦးဆောင်သွားမယ်” ဟု ဆိုသည်။

    ယခင် မွန်ရေးရာအဖွဲ့ချုပ် MAU အဖွဲ့ ဦးဆောင်ကျင်းပခဲ့စဉ်က မွန်ပြည်သစ်ပါတီ၊ ပြည်တွင်းနိုင်ငံအင်အားစု၊ နယ်စပ်နှင့်ထိုင်းနိုင်ငံ၊ အဝေးရောက်မွန်ရေးရာအဖွဲ့ဟူ၍ မဏ္ဍိုင်လေးရပ်ကိုယ်စားပြု မွန်အမျိုးသားကွန်ဖရင့်များ ကျင်းပခဲ့ကြောင်း၊ ယခုအခါ မွန်ပြည်သစ်ပါတီ၊ မွန်နိုင်ငံရေးအင်အားစုနှင့် မွန်လူမှုအသိုင်းအဝန်းဟူ၍ မဏ္ဍိုင်သုံးရပ်ကိုယ်စားပြု မွန်တစ်မျိုးသားလုံးဆိုင်ရာအစည်းအဝေး ကျင်းပနိုင်ရန် စီစဉ်နေကြောင်း နိုင်ဝင်းလှက ဆက်ပြောသည်။

    မွန်ပြည်သစ်ပါတီ(ဗဟိုဌာနချုပ်) တွဲဖက်အတွင်းရေးမှူး နိုင်ဇဲယျ ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့သည် ပြီးခဲ့သည့် ဇွန်လ (၆) ရက်နေ့တွင် မွန်အမျိုးသားပါတီ MNP ဦးဆောင်ကော်မတီများနှင့်လည်းကောင်း၊ ဇွန်လ (၈) ရက်နေ့တွင် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP နှင့်လည်းကောင်း တွေ့ဆုံခဲ့ပြီး ၂၁ ရာစုပင်လုံညီလာခံတွင် မွန်အမျိုးသားဆိုင်ရာကိစ္စရပ်များ တင်ပြနိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

    သို့ရာတွင် မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတမက “မွန်ပြည်သစ်ပါတီက ဦးဆောင်ပြီး အစည်းအ ဝေးတို့ ညီလာခံတို့ လုပ်မယ်လို့ ပွင့်ပွင့်လင်းလင်း မပြောသေးပါဘူး။ အဓိကက အဲဒီလိုမျိုး လုပ်နိုင်ဖို့ မွန်တမျိုး သားလုံးနှင့် ဘယ်လိုတိုင်ပင်ရမယ်။ ဘယ်လိုလုပ်ပြီး စုစည်းကြမလဲဆိုတာ ကျွန်တော်တို့ပါတီနဲ့ လာရောက်တွေ့ဆုံ ကမ်းလှမ်းတဲ့သဘောပါ” ဟု ပြောသည်။

    သို့ရာတွင် မွန်ရေးရာအဖွဲ့ချုပ် MAU က ပြီးခဲ့သည့်မေလကုန်ပိုင်းတွင် မွန်အမျိုးသားကွန်ဖရင့်ကျင်းပရန် စီစဉ် ထားသော်လည်း မွန်နိုင်ငံရေးပါတီများမှ ထောက်ခံမှုမရရှိသည့်အတွက် ကျင်းပနိုင်ခြင်းမရှိခဲ့ပေ။

    MAU တွဲဖက်အတွင်းရေးမှူး (၂) နိုင်ဝဏ္ဏက “မွန်ပြည်သစ်ပါတီ ဦးဆောင်သွားမယ်ဆိုရင် အများစုရော အားလုံးပါဝင်နိုင်မယ်ဆိုရင် အမျိုးသားရေးအတွက် အကျိုးဖြစ်ထွန်းစေမယ်။ ဒါကို ကြိုဆိုပါတယ်။ ကျွန်တော်တို့ MAU ကလည်း လက်ခံသင့်တယ်” ဟု ဆိုသည်။

    မွန်ပြည်သစ်ပါတီအနေဖြင့် မွန်နိုင်ငံရေးပါတီများ၊ မွန်လူမှုအဖွဲ့စည်းများ၊ နယ်စပ်နှင့်ထိုင်းနိုင်ငံ၊ နိုင်ငံတကာမွန်အဖွဲ့အစည်းများနှင့် အချိုးအစားညီမျှစွာ (၃း၁)ပုံစံဖြင့် မွန်ရေးရာအဖွဲ့ချုပ် MAU (သို့မဟုတ်) အခြားအမည်နာမသစ်ဖြင့် ဆက်လက်ဖွဲ့စည်းပြီး ထိပ်ပိုင်းခေါင်းဆောင်အဆင့်ကို နိုင်ငံရေးပါတီများက ဦးဆောင်သွားရန် MAU သို့ တောင်းဆိုခဲ့သော်လည်း အကြောင်းပြန်ကြားခဲ့ခြင်းမရှိပေ။

    မွန်ရေးရာအဖွဲ့ချုပ် MAU ကို ၂၀ဝ၂ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ရာတွင် ပြည်တွင်းရှိ ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ တတ်သိပညာရှင်၊ အဖွဲ့အစည်း ကိုယ်စားပြုသူများ၊ ထိုင်းမွန်အဖွဲ့အစည်းများ၊ ထိုင်းမြန်မာနယ်စပ်ရှိ မွန် လူမှုအခြေပြုအဖွဲ့အစည်းများ ၊ မွန်ပြည်သစ်ပါတီနှင့် နိုင်ငံတကာ မွန်အမျိုးသား ပူးပေါင်းဆောင်ရွက်ရေးကော်မတီ OMCC တို့ ပါဝင်ခဲ့ခြင်း ဖြစ်သည်။

    MAU ဦးဆောင်၍ မွန်တစ်မျိုးသားလုံးဆိုင်ရာ အဖွဲ့အစည်းများအားလုံးလွှမ်းခြုံပါဝင်သော ပထမအကြိမ် မွန်အမျိုးသားညီလာခံကို ၂၀၁၃ ခုနှစ် စက်တင်ဘာလကုန်ပိုင်းတွင် မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks