Friday, March 13, 2026
More
    spot_img
    Homeသတင်းပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အဆိုများကြိုတင်မပေးပို့နိုင်သဖြင့် လွှတ်တော်၌တင်ပြခွင့်မရ

    ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တစ်ဦး အဆိုများကြိုတင်မပေးပို့နိုင်သဖြင့် လွှတ်တော်၌တင်ပြခွင့်မရ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ် အမှတ်(၂) မဲဆန္ဒနယ်မြေမှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်သည် ပြီးခဲ့သည့်သီတင်းပတ်၌ကျင်းပခဲ့သော မွန်ပြည်နယ်လွှတ်တော်အထူး အစည်းအဝေးသို့ အဆိုများတင်သွင်းရန် ပြင်ဆင်ထားသော်လည်း ကြိုတင်ပေးပို့နိုင်ခြင်းမရှိသဖြင့် လွှတ်တော်၌တင်ပြခွင့်မရခဲ့ဟု လွှတ်တော်ဥက္ကဋ္ဌထံမှ သိရသည်။

    ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်(MNA)
    ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်(MNA)

    လွှတ်တော်ဥက္ကဋ္ဌ ဒေါ်တင်အိက “လွှတ်တော်ကနေ အစည်းအဝေးမတိုင်ခင် (၁၀)ရက်ကြိုပြီးတော့ အဆိုတွေ မေးခွန်းတွေ တောင်းတယ်။ ဘာဖြစ်လဲဆိုလို့ရှိရင် အစိုးရအဖွဲ့ကို ပို့နိုင်ရအောင် ဦးချစ်တင်ကို ဖုန်းနဲ့လှမ်း ဆက်တယ်။ သူမအားဘူး သူမပို့ဘူး အန်တီတို့ (၂)ရက်နေ့မှာ အစည်းအဝေးကစမှာ (၁)ရက်နေ့မှာ သူပို့တော့ အစိုးရအဖွဲ့ကို ပို့မမှီတော့ဘူး။ အစိုးရအဖွဲ့ကို ပို့မမှီတော့ အစိုးရက ဘယ်လိုအထောက်အထားနဲ့ ဖြေမှာလဲ။ ဒါကြောင့် သူရဲ့အဆိုတွေ မပါဝင်ခြင်းဖြစ်ပါတယ်” ဟု ပြောသည်။

    ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးချစ်တင်သည် ရေးမြို့နယ်အံဒင်ကျေးရွာတွင် ဆောက်လုပ်ရန်လျာထားသည့် ၁၂၈၀ မဂ္ဂါဝပ်ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ စီမံကိန်းဖျက်သိမ်းပေးရန်၊ ပလိုင်ကီး- ရေးလမ်းပေါ် ရှိ တံတား(၁)စင်းတည်ဆောက်ပေးရန်၊ ချောင်းတောင်-ကလော့ ကတ္တရာလမ်းဖြစ်မြောက်ရေး၊ ဟံဂံ- ခေါဇာလမ်းပိုင်းတွင် တံတား (၁)စင်းတည်ဆောက်ရန်၊ အာယုတောင်-တောင်ဘုံမြေသားလမ်းကို ကတ္တရာလမ်း ဖြစ်မြောက်ရန်၊ အာယုတောင်-သောင်ပြင် ကတ္တရာလမ်းဖြစ်မြောက်ရန်၊ ကလော့ကျေးရွာတွင် အထက်တန်းကျောင်း ဖြစ်မြောက်ရန် အဆို(၇) ရပ်ကို လွှတ်တော်အထူးအစည်းအဝေး၌ တင်ပြရန် ပြင်ဆင်ထားကြောင်း သိရသည်။

    ဦးချစ်တင်က “အကြိုရက်တွေအတွင်းမှာ အဆိုတွေကို တင်ဖို့လက်မှတ်ထိုးဖို့က ကျွန်တော်ခရီးလွန်နေလို့ မော်လမြိုင်ကိုမလာဖြင့်တာ ၊ မေးခွန်းလောက်ဆိုရင်တော့ သူတို့ ခွင့်ပြုတယ်” ဟု ပြောသည်။

    လွှတ်တော်အတည်မပြုရရှိသေးမီ မည်သည့်မေးခွန်းမေးမည်၊ မည်ကဲ့သို့အဆိုတင်သွင်းမည်ကို ထုတ်ဖော် လိုက်သည့်အတွက်လည်း ယင်းကဲ့သို့ဆွေးနွေးတင်ပြခွင့်မပြုခြင်းဖြစ်သည်ဟု ဦးချစ်တင်က ၄င်း၏ယူဆချက်ကို ပြောသည်။

    တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော်ဆိုင်ရာနည်းဥပဒေ အပိုဒ် (၁၁၁) တွင် လွှတ်တော်သို့ အဆို တင်သွင်းလိုလျှင် အဆိုလွှာတွင် အဆိုပေးပို့သူက လက်မှတ်ရေးထိုးပြီး လွှတ်တော်အစည်းအဝေးမကျင်းပမီ အနည်းဆုံး ၁၅ ရက် ကြိုတင်၍ လွှတ်တော်ရုံးအကြီးအမှူးထံ ပေးပို့ရမည်ဟု ပါရှိသည်။

    ပြီးခဲ့သည့် ဇွန်လ ၂-၃ ရက်များအတွင်းကျင်းပခဲ့သော လွှတ်တော်အထူးအစည်းအဝေး(၁/၂၀၁၆) ၌ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် (၁၀)ဦးမှ အဆို (၁၃)ရပ် မေးခွန်း (၁၂)ရပ် ပြင်ဆင်ထားသော်လည်း လွှတ်တော်ကိုယ်စားလှယ် (၈)ဦးမှ မေးခွန်း(၉) ရပ်နှင့် ကိုယ်စားလှယ် (၅) ဦးမှ အဆို (၅) ရပ်သာ တင်ပြဆွေးနွေးနိုင်ခဲ့သည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks