spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမော်လမြိုင်ဘိလပ်မြေစက်ရုံ MCL ကို မွန်လွှတ်တော်သွားရောက်လေ့လာ

    မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL ကို မွန်လွှတ်တော်သွားရောက်လေ့လာ

    -

    မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ၊ လွှတ်တော်ရေးရာကော်မတီဥက္ကဌ ၃ ဦးနှင့် တာဝန်ရှိသူများက မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL သို့ ဇွန်လ ၁ ရက်နေ့တွင် သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

    မွန်လွှတ်တော်ကိုယ်စားလှယ်များနှင့် MCL တို့တွေ့ဆုံဆွေးနွေးကြစဉ်(MNA)
    မွန်လွှတ်တော်ကိုယ်စားလှယ်များနှင့် MCL တို့တွေ့ဆုံဆွေးနွေးကြစဉ်(MNA)

    ကျောက်မီးသွေးဖြင့်လည်ပတ်မည့် မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL ကန့်ကွက်ကြောင်း ကျိုက်မရောမြို့နယ် ပျားတောင်ဒေသဒေသခံ ၄ ထောင်နီးပါးခန့် ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့က မွန်ပြည်နယ်လွှတ်တော်သို့ တိုင်ကြားစာပေးပို့ထားခြင်းကြောင့် သွားရောက်လေ့လာခြင်း ဖြစ်သည်။

    မွန်ပြည်နယ်လွှတ်တော် ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက “ကျနော်တို့မွန်လွှတ်တော်က ဒေသခံတွေရဲ့ တိုင်ကြားစာအရ ဒီနေ့ MCL စက်ရုံကို လာရောက်လေ့လာတာဖြစ်တယ်။ ဒီအပေါ်မှာ ကျနော်တို့ မွန်လွှတ်တော်က ဘာမှ အဆုံးအဖြတ်ပေးမှာမဟုတ်ဘူး။ အခုချိန်မှာ ပြန်လည်လေ့လာစီစစ်နေဆဲပဲ” ဟု ဆိုသည်။

    အဆိုပါတွေ့ဆုံရာတွင် မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကော်မတီ၊ တိုင်ကြားစာကော်မတီနှင့် ဥပဒေပြုရေးကော်မတီတို့ ပါဝင်ပြီး သဘာဝဝန်းကျင်ထိခိုက်ခံရမှု ဆန်းစစ်ချက် Environmental Impact Assessment-EIA အစီရင်ခံစာ ထုတ်တိုင်း လွှတ်တော်ကိုလည်း ပေးပို့စေလိုကြောင်း MCL စက်ရုံတာဝန်ရှိသူများအား တောင်းဆိုခဲ့သည်ဟု ဆိုသည်။

    တိုင်းကြားစာကော်မတီဥက္ကဌ ဦးအောင်ကျော်သူက “ဘိလပ်မြေစက်ရုံ ကျောက်မီးသွေးနဲ့ လျှပ်စစ်ထုတ်မယ့်ကိစ္စပေါ့။ ဒါကိုစက်ရုံတာဝန်ရှိသူနဲ့ ကျနော်တို့တွေ့ဆုံတယ်။ သူတို့ရဲ့တင်ပြချက်ကို ကျနော်တို့နားထောင်တယ်။ ပြီးတော့ ကျေးရွာလူထုတွေရဲ့အသံကို နားထောင်တယ်။ ဒီဟာတွေကို နားထောင်ပြီးရင် လွှတ်တော်မှာ ကျနော်တို့ရဲ့ တွေ့ရှိချက်တွေ၊ လူထုရဲ့ခံစားချက်တွေကို လွှတ်တော်ကနေတဆင့် သက်ဆိုင်ရာ အစိုးရအဖွဲ့ကို ကျနော်တို့ တင်ပြဆွေးနွေးသွားဖို့ ရှိတယ်” ဟု ဆိုသည်။

    ယခုအစိုးရသစ်သည် ပြည်သူကို မျက်နှာမူသောအစိုးရဖြစ်သောကြောင့် တင်ပြဆွေးနွေးရာတွင် အခက်ခဲမရှိနိုင်ကြောင်း၊ ပြည်သူကို ကိုယ်စားပြုသည့် အစိုးရဖြစ်သည့်အတွက် ပြည်သူ့အသံကို လေးစား လိုက်နာမည်ဟု ယူဆကြောင်း၊ အစိုးရအဖွဲ့သည်လည်း လူထုကိုယ်စားလှယ်များ ဖြစ်သည့်အတွက် သဘောထားကွဲလွဲမှု ဖြစ်လာပါက ဒီမိုကရေစီလမ်းကြောင်းအရ မဲခွဲဆုံးဖြတ်သွားမည်ဖြစ်ကြောင်း ဦးအောင်ကျော်သူက ဆက်ပြောသည်။

    မော်လမြိုင်ဘိလပ်မြေစက်ရုံမှ တာဝန်ရှိသူ ဦးဇော်လွင်ဦး က “EIA ကို လေးလတစ်ကြိမ်ပြုလုပ်ပါတယ်။ ဒီ EIA report ကို သဘာဝပတ်ဝန်းကျင်ဦးစီးဌာနကို ကျနော်တို့ ပုံမှန်တင်သွင်းပါတယ်။ ကျနော်တို့က မြန်မာနိုင်ငံမှာ ထုတ်ထားတဲ့ သဘာဝပတ်ဝန်းကျင် ဥပဒေအောက်ထဲမှာပဲ လုပ်ဆောင်သွားမယ်” ဟု လွှတ်တော်ကိုယ်စားလှယ်များနှင့်တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည်။

    မော်လမြိုင်ဘိလပ်မြေစက်ရုံလည်ပတ်ရန်အတွက် ယခုအခါကျောက်မီးသွေး တန်ချိန် ၃၀ဝ၀ ခန့် ရောက်ရှိနေပြီး လျှပ်စစ်ဓါတ်အား ၅ မဂ္ဂါဝပ်ကို စမ်းသပ်ထုတ်လွှတ်နေသည်ဟု စက်ရုံတာဝန်ရှိသူမှ သိရသည်။

    MCL ဘိလပ်မြေစက်ရုံကို ထိုင်းနိုင်ငံ SCG ကုမ္ပဏီက အမေရိကန်ဒေါ်လာသန်း ၄၀ဝ ရင်းနှီးမြှပ်နှံထားပြီး တနေ့တန်ချိန် ၅၀ဝ၀ ကျ ထွက်ရှိရန်လျာထားသဖြင့် စက်ရုံအတွက် လိုအပ်သည့်လျှပ်စစ်ပမာနကို ကျောက်မီးသွေးနှင့် ဇီဝစွန့်ပစ်ပစ္စည်းများမှ ၄၀ မဂ္ဂါဝပ်ကိုလည်းကောင်း၊ စက်ရုံမှ စွန့်ပစ်သော လေပူ Waste Heat Generator (WHG) မှ ၉ မဂ္ဂါဝပ်ကိုလည်းကောင်း စုစုပေါင်း ၄၉ မဂ္ဂါဝပ်ကို ထုတ်လုပ်သွားမည်ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks