spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းချောင်းဆုံမြို့နယ် ဒေါင်းရပ်အနောက်ကျေးရွာ ကမ်းပါးပြိုကျနေ

    ချောင်းဆုံမြို့နယ် ဒေါင်းရပ်အနောက်ကျေးရွာ ကမ်းပါးပြိုကျနေ

    -

    မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်၊ ဒေါင်းရပ်ကျေးရွာအုပ်စု၊ ဒေါင်းရပ်အနောက်ရွာရှိ ဒေသခံလယ်မြေများ ပင်လယ်ဆားငန်ရေကျော်ဝင်ပြီး ရေပြန်ကျချိန်တွင် ကမ်းပါးရှိလယ်ကွင်းများ တဖြည်းဖြည်းပြိုကျနေ သည်ဟု ဒေသခံများမှ သိရသည်။

    ချောင်းဆုံမြို့နယ်တွင် ကမ်းပါးပြိုကျနေပုံ(MNA)
    ချောင်းဆုံမြို့နယ်တွင် ကမ်းပါးပြိုကျနေပုံ(MNA)

    ဒေါင်းရပ်အနောက်ရွာ အုပ်ချုပ်ရေးမှူး ဦးတင်ဝင်း က “ကမ်းပါက တဖြည်းဖြည်း ပြိုဆင်းနေတယ်။ အကြောင်းရင်းက ‘တာ’ မရှိလို့ပါ။ တာမရှိတော့ လယ်ကွင်းထဲကို ရေကျော်ဝင်တယ်။ ရေပြန်ကျတော့ ရေက ကမ်းပါးကို တဖြည်းဖြည်းတိုက်စားသွားတယ်။ လယ်ကွင်းတွေမှာလည်း ရေလမ်းကြောင်း ချောင်းငယ်လေးတွေ ဖြစ်သွားသည်” ဟု ဆိုသည်။

    ယခင်က အဆိုပါလယ်မြေများ၌ ဒေသခံများက ရေတားဆီးသည့် တာတမံတည်ဆောက်ခဲ့ကြောင်း၊ လွန်ခဲ့သည့် ၁၀ နှစ်ကျော်ခန့်တွင် မြစ်လယ်ကျွန်းများ ပျောက်ဆုံးသဖြင့် ကမ်းပါးပြိုကျခဲ့ရာ ဒေသခံတွေ တည်ဆောက်ထားသည့် ‘တာတမံ’ ပျက်စီးခဲ့ကြောင်း၊ တာတမံပြန်လည်တည်ဆောက်ရန် လယ်သမားများတွင် ငွေအင်အားမရှိကြောင်း၊ မြစ်ရေသည်လည်း လယ်ကွင်းထဲသို့ ၅ ပေခန့်အထိ မြင့်တက်နေတတ်ကြောင်း ဦးတင်ဝင်းက ဆက်ပြောသည်။

    အဆိုပါကျေးရွာသားများအနေဖြင့် လယ်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြကြောင်း၊ လယ်ယာမရှိသူများသည် နေ့စားအလုပ်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်ကြကြောင်း၊ လယ်မြေတွင် ၂ တစ်ရာသီ နှစ်သီးစားထွက်ရှိကြောင်း၊ ယခင်က မော်လမြိုင်တွင် စားသုံးနေသော ခရမ်းချဉ်သီသည် အဆိုပါလယ်မြေမှထွက်ရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

    အသက် (၈၄) နှစ်ရှိရွာသား ဦးကျော်သိန်းက “အရင်တုန်းက ဒီနေရာတွေဟာ စပါးဆိုရင်တစ်ဧက တင်း ၅၀/၆၀ အထိထွက်တယ်။ ပဲဆိုလည်း ၁၂ တင်း၊ ၁၅ တင်းထိ ထွက်တယ်။ ဒီဟာလေး တွေနဲ့ပဲ တောင်သူလယ်သမားတွေက အားကိုးပြီးတော့ နေကြတာ။ အခုတော့ အလုပ်လက်မဲ့တွေဖြစ်တဲ့လူဖြစ် တခြားမှာအလုပ်ပြောင်းသွားတဲ့လူတွေလဲ ပြောင်းသွားကြပြီ” ဟု ဆိုသည်။

    ဒေါင်းရပ်အနောက်ရွာ ရေရှည်ရေးအတွက် ‘တာတမံ’ ကိုပြန်လည်တည်ဆောက်စေလိုကြောင်း၊ ယခင်က ရေလွှမ်းမိုးမှုအနည်းငယ်သာဖြစ်ပေါ်ခဲ့ကြောင်း၊ လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကာလ၌ ကျွန်းကြီး ၂ ခုပျောက်ကွယ်ခဲ့ပြီး ယခုကဲ့သို့ ကမ်းပါးပြိုကျမှုဖြစ်ပေါ်လာကြောင်း ဦးကျော်သိန်းက ဆက်ပြောသည်။

    ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့တွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးမင်းမင်းဦးနှင့် အစိုးရဝန်ကြီးအချို့ အဆိုပါရွာသို့ ရောက်ရှိလာချိန်တွင် ၎င်းဆားငန်ရေ ဝင်ရောက်မှုနှင့်ပတ်သက်၍ ဒေသခံများနှင့် မေးမြန်းဆွေးနွေးမှုများရှိခဲ့သည်ဟု သိရသည်။

    ဒေါင်းရပ် အနောက်ရွာတွင် လယ်မြေဧကပေါင်း ၂၁၉၀ ရှိပြီး ‘တာတမံ’ မရှိသဖြင့် ဧကပေါင်း ၁၀၀၀ ကျော် ပင်လယ်ဆားငန်ရေဝင်ရောက်နေသည်ဟု ဒေသခံများမှသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks