spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းသွေးလွန်တုပ်ကွေးဖြစ်ပွားမှု မွန်ပြည်နယ်တွင် ၃၇ ဦးသာရှိသေးဟုဆို

    သွေးလွန်တုပ်ကွေးဖြစ်ပွားမှု မွန်ပြည်နယ်တွင် ၃၇ ဦးသာရှိသေးဟုဆို

    -

    မွန်ပြည်နယ်တွင် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှ မေလတတိယပတ်အထိ သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူဦးရေ ၃၇ ဦးသာရှိသည်ဟု မော်လမြိုင်မြို့ ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။

    မွန်ပြည်နယ် ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန(MNA)
    မွန်ပြည်နယ် ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန(MNA)

    ဒုတိယပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဉာဏ်ဆင့်က “၂၁.၅.၂၀၁၆ အထိ မွန်ပြည်နယ်အတွင်း ဖြစ်ပွားနှုန်းဟာ ၃၇ ယောက်ရှိတာပေါ့နော်၊ သေဆုံးတာကတော့ တစ်ယောက်မှ မရှိသေးပါဘူး၊ ဆရာတို့ စာရင်းအရဆိုရင် အသက် ၅ နှစ်ကနေ ၉ နှစ်အတွင်း အဲဒီအုပ်စုက အဖြစ်များတယ်” ဟု ပြောသည်။
    သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုနှုန်းမှာ ကျိုက်မရော ၉ ဦး၊ မုဒုံတွင် ၇ ဦး၊ မော်လမြိုင် ၆ ဦး၊ ရေး ၅ ဦး၊ ပေါင် ၄ ဦး၊ ဘီလူးကျွန်း ၄ ဦး နှင့် သံဖြုဇရပ် ၂ ဦးရှိခဲ့သည်ဟု သိရသည်။

    ဒေါက်တာဉာဏ်ဆင့်က“မနှစ်ကတော့ သွေးလွန်တုပ်ကွေးရောဂါက ထူးထူးကဲကဲဖြစ်ပွားခဲ့တယ်၊ ၅ ထောင်ကျော်လောက် ဖြစ်ပွားတယ်၊ သေဆုံးသူက ၄ ဦးရှိတာပေါ့နော်၊ မနှစ်က ဒီအချိန်ကာလဆိုရင် ဖြစ်ပွားမှုက ထောင်ဂဏန်းလောက် ကပ်နေပြီးပေါ့နော်၊ ဒီနှစ် မွန်ပြည်နယ်မှာ သွေးလွန်တုပ်ကွေး ရောဂါ ဖြစ်ပွားမှုနည်းမယ်လို့ မှန်းဆထားပါတယ်” ဟု ပြောသည်။

    ထို့အပြင် ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနအနေဖြင့် ရက်တစ်ရာစီမံချက်အတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားခဲ့ဖူးသည့် ရပ်ကွက်/ကျေးရွာများကို ပိုးလောက်လန်းသတ်ဆေးခပ်ခြင်း၊ ကျန်းမာရေး ဝန်ထမ်းများအား သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများ သင်တန်းပေးခြင်း၊ မြို့နယ်/ရပ်ကွက်/ကျေးရွာအဆင့် သွေးလွန်တုပ်ကွေး ရောဂါ ကာကွယ်နှိမ်နှင်းရေး အသိပေးဆွေးနွေးခြင်း၊ ခြင်နှိမ်နှင်းရေး လုပ်ငန်းများကို အပတ်စဉ် ပြည်သူလူထုနှင့် ပူးပေါင်းပြီး ဆောင်ရွက်သွားမည်ဟု ဆိုသည်။

    အဆိုပါ သွေးလွန်တုပ်ကွေးရောဂါသည် မိုးရာသီအချိန်တွင်သာ အဖြစ်များသည်ဟုဆိုသော်လည်း လက်ရှိတွင် ကမ္ဘာတွင်သော်လည်းကောင်း၊ မြန်မာနိုင်ငံတွင်သော်လည်ကောင်း တစ်နှစ်ပတ်လုံး အချိန်မရွေးဖြစ်ပွားနေကြောင်း ဒေါက်တာဉာဏ်ဆင့်က ဆက်ပြောသည်။

    မြန်မာနိုင်ငံအတွင်း ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ မန္တလေးတိုင်းတို့နှင့်အတူ ဖြစ်ပွားမှုများပြားသည့်တိုင်းနှင့် ပြည်နယ်ထဲတွင် မွန်ပြည်နယ်ပါနေသည့်အတွက် ယခုနှစ်စမှစတင်၍ အထူးအလေးထားပြီးဆောင်ရွက်နေကြောင်း၊ သွေးလွန်တုပ် ကွေးရောဂါ ကာကွယ်နှိမ်နှင်းရေးလုပ်ငန်းတွင် ကျန်းမာရေးဝန်ထမ်း သက်သက်မဟုတ်ဘဲ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများ၊ ပြည်သူလူထုများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနက တိုက်တွန်းထားသည်။

    မွန်ပြည်နယ်အတွင်း သွေးလွန်တုပ်ကွေး ဖြစ်ပွားခဲ့သည့်နှုန်းမှာ ၂၀၁၀ ခုနှစ် ဖြစ်ပွားမှု၂၄၅၀ ဦးတွင် သေဆုံးသူ ၁၅ ဦး၊ ၂၀၁၁ ခုနှစ်ဖြစ်ပွားမှု ၆၅၀ ဦးတွင် သေဆုံးသူ(မသိရ)၊ ၂၀၁၂ ခုနှစ်ဖြစ်ပွားမှု ၁၆၆၃ ဦးတွင် သေဆုံးသူ ၂ ဦး၊ ၂၀၁၃ ခုနှစ်ဖြစ်ပွားမှု ၃၀၂၈ ဦးတွင် သေဆုံးသူ ၂ ဦး၊ ၂၀၁၄ ခုနှစ်ဖြစ်ပွားမှု ၆၈၄ ဦးတွင် သေဆုံးသူ(မသိရ) ၊ ၂၀၁၅ ခုနှစ်ဖြစ်ပွားမှု ၅၂၉၃ ဦးတွင် ၄ ဦး သေဆုံးခဲ့ကြောင်း ပြည်နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန စာရင်းအရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts