Homeသတင်းဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာ/ဆရာမထောက်ပံ့ငွေနည်းပါးနေ

ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာ/ဆရာမထောက်ပံ့ငွေနည်းပါးနေ

-

မွန်ပြည်နယ်ရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများတွင် ပညာသင်ကြားပေးနေသည့် ဆရာ/ ဆရာမ များ၏ ထောက်ပံ့ငွေ နည်းပါးနေသေးကြောင်း မော်လမြိုင်မြို့ပေါ်ရှိ ကင်းရွာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာတော် တစ်ပါးက မွန်သတင်းအေဂျင်စီသို့ မိန်ကြားခဲ့သည်။

မော်လမြိုင်မြို့ပေါ်ရှိဘုန်းတော်ကြီးသင် ပညာရေးကျောင်းတစ်ကျောင်း(MNA)
မော်လမြိုင်မြို့ပေါ်ရှိဘုန်းတော်ကြီးသင် ပညာရေးကျောင်းတစ်ကျောင်း(MNA)

ဆရာတော် ဦးဝိလာသက “ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှာ ပညာသင်ကြားပေးနေတဲ့ ဆရာ/ဆရာမ တွေရဲ့လစာလည်း အရမ်းနည်းပါတယ်၊ ဆရာတော်တို့ဘက်က တတ်နိုင်သလောက်တော့ သူတို့ကို ထောက်ပံ့ပေးပါတယ်” ဟု မိန့်ကြားသည်။

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွင် မူလတန်းပြဆရာ/ဆရာမ တစ်ဦးလျှင် ၃၆၀ဝ၀ ကျပ်၊ အလယ်ပြဆရာ/ဆရာမတစ်ဦးလျှင် ၄၁၀ဝ၀ ကျပ်ဖြင့်လည်းကောင်း၊ အထက်တန်းပြ တစ်ဦးလျှင် ၄၅၀ဝ၀ိ ကျပ် နှုန်းတို့ဖြင့် သာသနာရေးဝန်ကြီးဌာနမှ လစာထောက်ပံ့ပေးလျက် ရှိသည်။

နယ်ဝေးမှ လာရောက် ပညာသင်ကြားနေသည့် ကလေးများကို အစစ အရာရာ တာဝန်ယူနေရကြောင်း၊ နေထိုင်စရာ အခက်အခဲ ဖြစ်နေကြောင်း နှင့် ပြင်ပ ထောက်ပံ့ငွေများ သိပ်မရှိကြောင်း ဆရာတော်က ဆက်မိန့်ကြားသည်။

မွန်ပြည်နယ် ပညာရေးမှူးရုံး လက်ထောက်ညွှန်ကြားရေးမှူး ဦးစိန်မောင်ညွန့် က “ထောက်ပံ့မှုပေးတာကတော့ အခြေခံပညာကျောင်းတွေမှာ ပေးတဲ့ ပစ္စည်းမှန်သမျှကို ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကိုလည်း ပေးတယ်၊ ကျောင်းထောက်ပံ့စရိတ်တွေကအစ ပေးတယ်လေ’’ ဟုပြောသည်။

ဘုန်းတော်ကြီးသင် ပညာရေးကျောင်း ဆရာ/ ဆရာမများအား သာသနာရေးဝန်ကြီးဌာန အနေဖြင့် ၂၀၁၇-၁၈ ဘဏ္ဍာရေးနှစ်တွင် ထောက်ပံ့ငွေ ၂ ဆတိုးမြှင့်ပေးနိုင်ရေး ဘတ်ဂျတ် တင်ပြတောင်းခံ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးသူရ ဦးအောင်ကိုက ပြီးခဲ့သည့်ပြည်သူ့လွှတ်တော်အစည်းအဝေး၌ ပြောကြားခဲ့သည်။
၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် မွန်ပြည်နယ်၌ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းပေါင်း ၅၅ ကျောင်း၊ ဆရာ/ ဆရာမ ဦးရေ ၃၄၈ ဦးရှိပြီး ကျောင်းသား/ ကျောင်းသူ ဦးရေ ၈၁၁၉ ဦး ရှိကြောင်း သိရသည်။

နိုင်ငံတစ်ဝန်းလုံးရှိ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း စုစုပေါင်း ၁၅၆၈ ကျောင်းတွင် ကျောင်းသား/ကျောင်းသူပေါင်း ၃၀၁၂၀၉ ဦးကို ဆရာ/ဆရာမ စုစုပေါင်း ၇၇၇၀ ဦးက ပညာသင်ကြားပေးလျက်ရှိသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts