spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းမွန်နိုင်ငံရေးပါတီပေါင်းစည်းရေး မွန်ပြည်သစ်ပါတီဦးဆောင်မည်

    မွန်နိုင်ငံရေးပါတီပေါင်းစည်းရေး မွန်ပြည်သစ်ပါတီဦးဆောင်မည်

    -

    ပြည်တွင်းမွန်နိုင်ငံရေးပါတီ ပေါင်းစည်းရေး မွန်ပြည်သစ်ပါတီ ဦးဆောင် အကောင်အထည်ဖော်သွားမည်ဟု မွန်ပြည်သစ်ပါတီ ဒု- ဥက္ကဌ နိုင်ဟံသာက မွန်သတင်းအေဂျင်စီ MNA သို့ ပြောသည်။

    မွန် ၂ ပါတီပေါင်းစည်းရေး ဆွေးနွေးခဲ့စဉ်(MNA)
    မွန် ၂ ပါတီပေါင်းစည်းရေး ဆွေးနွေးခဲ့စဉ်(MNA)

    နိုင်ဟံသာက “အဓိက ဒီပေါင်းစည်းရေးလုပ်ဆောင်ရမယ်ဆိုတာက ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲရလဒ်ကြောင့်ပါပဲ၊ ညီညွတ်ရေးမရှိလို့ ရွေးကောက်ပွဲမှာ မွန်နိုင်ငံရေးပါတီတွေ မဲရံှုးရတယ်ဆိုတာကို အားလုံးအသိပါပဲ၊ ဒါ့ကြောင့် မွန်ပါတီတွေ တစ်ပါတီတည်း ဖြစ်အောင် အကောင်အထည်ဖော်လုပ်ဆောင်သွားဖို့ပါ” ဟု ဆိုသည်။

    ပြည်တွင်းမွန်နိုင်ငံရေးပါတီများ အထူးသဖြင့် မွန်အမျိုးသားပါတီ MNP နှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP တို့အား တစ်ပါတီအဖြစ်ပေါင်းစည်းနိုင်ရေး ကြိုးပမ်းလုပ်ဆောင်သွားရန် ပြီးခဲ့သည့်မေလ ပထမပတ်တွင် ကျင်းပပြီးစီးခဲ့သည့် မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီ ၆ လပတ်ပုံမှန်အစည်းအဝေး၌ ဆုံးဖြတ်ချမှတ်ခဲ့ခြင်း ဖြစ်သည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ဒု-ဥက္ကဌ (၂) နိုင်ချမ်းတွဲ့က “အရေးကြီးဆုံးအချက်က တစ်ပါတီနဲ့ တစ်ပါတီ အသိအမှတ်ပြုခြင်းမရှိဘူးဆိုရင် ကြားလူတွေ ဘယ်လိုပဲညှိနှုိင်းညှိနှုိင်း၊ ပေါင်းစည်းရေးက အလွယ်တကူ ဖြစ်လာနိုင်မှာ မဟုတ်ဘူး၊ ဒီပေါင်းစည်းရေးကိစ္စကို ဘယ်လို ပုံစံမျိုးလုပ်မလဲ၊ ဒီကော်မတီမှာ ဘယ်သူတွေပါသလဲ ဆိုတာကိုသိမှ၊ ဒီကော်မတီရဲ့လုပ်ဆောင်ချက်တွေကို ကျနော်တို့ အကဲခတ်နိုင်မယ်” ဟု ပြောသည်။

    အဆိုပါ မွန်ပါတီပေါင်းစည်းရေးအကောင်အထည်ဖော်ဆောင်နိုင်ရန် ဒု-ဥက္ကဌ နိုင်ဟံသာ ဦးဆောင်ပြီး ပါတီအထွေထွေအတွင်းရေးမှူး နိုင်အောင်မင်း၊ ပြည်တွင်းရေးရာဌာနတာဝန်ခံ နိုင်ဝင်းလှ နှင့် ခရိုင်ဥက္ကဌ ၂ ဦးတို့ကို မွန်ပြည်သစ်ပါတီက ရွေးချယ်တာဝန်ပေးထားကြောင်း နိုင်ဟံသာက ပြောသည်။

    မွန်အမျိုးသားပါတီ MNP အထွေထွေအတွင်းရေးမှူး နိုင်လယီတမက “အခုလို မွန်ပြည်သစ်ပါတီက ဦးဆောင်ပြီး ပေါင်းစည်းရေးအတွက် အကောင်အထည် ဖော်လုပ်ဆောင်သွားမယ် ဆိုတာကို ကျနော်တို့ဘက်ကလက်ခံနိုင်တယ်၊ ပြည်သူတွေနဲ့ သံဃာတော်တွေလည်း ပေါင်းစည်းရေးအတွက် ကြိုးပမ်းခဲ့တယ်၊ ကျနော်တို့ဘက်ကလည်း ဒီကိစ္စနဲ့ ပတ်သက်ပြီး ၂ ပါတီတွေ့ဆုံဆွေးနွေးဖို့အတွက် စီစဉ်ထား တာရှိတယ်” ပြောသည်။

    ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီကာလအတွင်း အဆိုပါမွန် ၂ ပါတီပေါင်းစည်းနိုင်ရန် သံဃာတော်များ၊ မွန်လူမှုအဖွဲ့အစည်းများ ၃၃ လကြာ ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။

    မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF ကို ၁၉၈၈ ခုနှစ်၊ အောက်တိုဘာလ ၁၁ ရက်နေ့၌ စတင်ဖွဲ့စည်းခဲ့ရာ ၁၉၉၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၅ ဦးအနိုင်ရခဲ့ပြီးနောက် ၁၉၉၂၊ မတ်လ ၁၉ ရက်နေ့တွင် ပါတီဖျက်သိမ်းခံခဲ့ရပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ပါတီမှတ်ပုံမတင်၊ ရွေးကောက်ပွဲမဝင်ခဲ့ပေ။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ ၂၀၁၀ ခုနှစ်၊ ဧပြီလ ရ ရက်နေ့တွင် စတင်ဖွဲ့စည်းပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ် ၁၆ နေရာ အနိုင်ရရှိခဲ့သည်။

    မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF သည် ၂၀၁၂ ခုနှစ်တွင် မွန်ဒီမိုကရေစီပါတီ MDP အဖြစ်ပြန်လည်မှတ်ပုံတင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် မွန်အမျိုးသားပါတီအဖြစ် အမည်ပြောင်းလဲခဲ့သည်ကို တွေ့ရှိရသည်။

    ၂၀၁၅ ရွေးကောက်ပွဲတွင် အဓိကမွန်ပါတီကြီး ၂ ခုဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ၌ MDP ကိုယ်စားလှယ် ၃ ဦးနှင့် AMDP ပါတီကိုယ်စားလှယ် ၁ ဦးသာ အနိုင်ရရှိခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks