မွန်ပြည်နယ်က ပျားတောင်ဒေသလို့ ခေါ်ဆိုကြတဲ့ ကျိုက်မရောမြို့နယ်အတွင်းမှာ လတ်တလော ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံ ၂ ရုံနဲ့ပတ်သက်ပြီး ဒေသခံပြည်သူလူထုတွေကြား စိုးရိမ်သောက ဖြစ်နေကြရပါတယ်။ အတ္ထရံမြစ်ကြောင်းတလှျောက် နှီးတုံ၊ ကွမ်ငန်း၊ ပေါက်တော၊ ကတုံစိ၊ ကော့ဒွန်း၊ ကော့ပနော့ နှင့် မယ်ကရိုကျေးရွာစတဲ့ စက်ရုံပတ်ဝန်းကျင် ကျေးရွာ (၇) ရွာအနီးတဝိုက်မှာ
ကျောက်မီးသွေးစွမ်းအင်နဲ့ မကြာခင်လည်ပတ်တော့မယ့် မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL နဲ့ နောက်ထပ် တည်ဆောက်ဖို့ စတင်ပြင်ဆင်နေတဲ့ June Cement Industry Ltd, ဘိလပ်မြေစက်ရုံသစ် ကိစ္စတွေပါပဲ။

ထိုင်း SCG -မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL စီမံကိန်း
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MICC) ရဲ့ ၂၀၁၃ ခုနှစ် မေလ (၇) ရက်နေ့ ရက်စွဲပါ ခွင့်ပြုချက်အမှတ် ၅၇၂/၂၀၃၀ နဲ့ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်အကောင် အထည်ဖော်ခဲ့ပြီး မကြာမီလပိုင်းအတွင်း ကျောက်မီးသွေးနဲ့ စတင်လည်ပတ်ထုတ်လုပ်တော့မယ် တစ်နေ့တန်ချိန် ၅ ထောင်ကျ အကြီးစားဘိလပ်မြေစက်ရုံ စီမံကိန်းကြီးတစ်ခုပါ။
စက်ရုံတည်ဆောက်ဖို့အတွက် ကတုံစိ/ကွာငန်းကျေးရွာအုပ်စု၊ ကွင်းအမှတ် (၄၁၀၊ ၄၁၁၊ ၄၁၄၊ ၄၁၅)၊ ဦး ပိုင်အမှတ် (-)၊ ဧရိယာ (၁၀၄၀.၅၇၊ ၁၁၂.၈၈၊ ၁၀၀.၄၉) ဧက၊ စုစုပေါင်း မြေဧက (၁၃၅၃.၉၄) ကို အနှစ် (၃၀) စက်မှု/စီးပွားအငှားဂရန်နဲ့ လှျောက်ထားခဲ့တာ အသုံးပြုခွင့်ရရှိထားပြီလို့ဆိုနေပေမယ့် ခိုင်လုံတဲ့အထောက်အထား မရှိတွေသေးဘူးလို့ သိရပါတယ်။
ကွမ်ငန်းဒေသခံ မွန်ကျောင်းဆရာဟောင်း နိုင်အောင်စိုက်က “ဒီဒေသမှာ သူတို့လုပ်ငန်းစတင်ဖို့ ဝင်လာတုန်းက ကျောက်မီးသွေး နှင့်လည်ပတ်မယ်ဆိုတာ မပြောခဲ့ပါဘူး၊ အခုကျမှ ဒီလိုဖြစ်လာတာ၊ ဖြစ်နိုင်ရင် စက်ရုံကိုပါ ရပ်တန့်ပေးစေချင်ပြီ” လို့ ဆိုပါတယ်။ လက်ရှိအခြေအနေမှာက ကျောက်မီးသွေးကိစ္စကိုပဲ ဒေသခံတွေ ကန့်ကွက်နေကြတာ ဖြစ်ပါတယ်။ အခု ၂၀၁၆ နှစ်လည်ပိုင်းမှာ ဒီဘိလပ်မြေစက်ရုံကို ကျောက်မီးသွေးစွမ်းအင်နဲ့ လည်ပတ်တော့မယ်လို့လည်း ကုမ္ပဏီက အသိပေးပြောကြားခဲ့ပြီးပါပြီ။
ထို့အပြင် ၄င်းတို့စက်ရုံမတည်ဆောင်ခင်က ဒေသတွင်းလိုအပ်ချက်တွေဖြစ်တဲ့ လမ်း၊ တံတား၊ စာသင်ကျောင်းအဆောက်အအုံ စတဲ့ဒေသဖွံ့ဖြိုးရေးကိစ္စတွေကို အတတ်နိုင်ဆုံး ကူညီဆောင်ရွက်ပေးမယ်။ ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်းရရှိဖို့ ဖန်တီးပေးမယ်။ ကျောက်မိုင်းခွဲတဲ့အခါ အသံမထွက် စေရဘူးလို့ ပြောကြားခဲ့ပေမယ့် တကယ့်လက်တွေ့မှာတော့ ဘာတစ်ခုမှ ဖြစ်မလာခဲ့သေးကြောင်း ကျောင်းဆရာဟောင်း နိုင်အောင်စိုက်က ပြောပါတယ်။
ကျေးရွာဒေသဖွံ့ဖြိုးရေးအတွက် MCL ကနေ ထင်သာမြင်သာမှုအရှိဆုံး လုပ်ဆောင်ပေးခဲ့တာက ငွေကျပ်သိန်း ၃၀၀ အကုန်ကျခံခဲ့ရတယ်ဆိုတဲ့ ပေါက်တောကျေးရွာက မွန်ပညာရေးကျောင်းတစ်ဆောင်ပဲရှိသေးတယ်လို့့ ဒေသခံတွေက ပြောကြပါတယ်။
ဒါကြောင့် မော်လမြိုင်ဘိလပ်မြေစက်ရုံ MCL ရဲ့ ကျောက်မီးသုံးစွမ်အင်းအသုံးပြုခြင်းကိစ္စကို ရပ်တန့်ပေးဖို့ နိုင်ငံတော်သမ္မတနဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ်ထံ စက်ရုံပတ်ဝန်းကျင်ကျေးရွာ (၇) ရွာက ဒေသခံပြည်သူတွေ ကန့်ကွက်လက်မှတ်ပေါင်း (၄၀၀၀) နီးပါးရေးထိုးပြီး လွန်ခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့ရက်စွဲနဲ့ တောင်းဆိုလိုက်ပါပြီ။
အဲဒီဒေသခံတွေရဲ့ တောင်းဆိုသံကို အခြေခံပြီး မွန်ပြည်နယ်လွှတ်တော်အနေနဲ့ ပြန်လည်စီစစ်ပေးမယ်လို့ လွှတ် တော်ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက ထုတ်ပြောခဲ့ပါတယ်။ မေလ ၆ ရက်နေ့မှာ MCL စက်ရုံကုမ္မဏီ တာဝန်ရှိသူတွေကို ဆင့်ခေါ်ပြီး လွှတ်တော်ဥက္ကဌ၊ လွှတ်တော်ရေးရာကော်မတီဝင်တစ်ချို့နဲ့အတူ လွှတ်တော်ရုံး ခန်းမမှာ ပထမအကြိမ်အဖြစ် နှစ်ဖက်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ လွှတ်တော်အနေနဲ့ မော်လမြိုင်ဘိလပ်မြေစက်ရုံကို သွားရောက်ပြီး ကွင်းဆင်းလေ့လာဖို့ရှိတယ်လို့လည်း လွှတ်တော်ဒုဥက္ကဌက ဆိုပါတယ်။
မွန်သတင်းအေဂျင်စီနဲ့တွေ့ဆုံမေးမြန်းချက်တရပ်မှာ မွန်ပြည်နယ် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက “အရင်အစိုးရနဲ့စာချုပ် ချုပ်တဲ့အထဲမှာ ကျောက်မီးသွေးနဲ့ပဲ လည်ပတ်ရမယ်လို့ ဖြစ်ခဲ့မယ်ဆိုရင် ဒီကုမ္မဏီတွေနဲ့ စကားပြောရတော့မှာပေါ့။ တစ်ချိန်ထဲမှာ တခြားနည်းလမ်းသုံးပြီးတော့ လည်ပတ်ဖို့အတွက်ကို ပြောရမှာပဲ။ ကျောက်မီးသွေးကိုတော့ ကန့်ကွက်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။
June Cement Industry Ltd. ဘိလပ်မြေစက်ရုံစီမံကိန်း
ကျိုက်မရောမြို့နယ် ပျားတောင်ကိုအခြေခံပြီး မယ်ကရို-ကော့ဒွန်ကျေးရွာအကြားမှာလည်း June Cement Industry Ltd. က တစ်ရက်ကိုဘိလပ်မြေ တန်ချိန် ၅၀၀၀ ကျထုတ်လုပ်ဖို့ မြေနေရာပြင်ဆင်မှုတွေ စတင်လုပ်ဆောင်နေပါပြီ။
ပြီးခဲ့တဲ့သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ သက်တမ်းမကုန်ခင် ၅ ရက်အလို၊ ရက်စွဲအားဖြင့် ၂၀၁၆ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့က မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် MICC အစည်းအဝေးအမှတ်စဉ် ၁၁/၂၀၁၆ ဆုံးဖြတ်ချက်အရ June Cement Industry Ltd. ကုမ္မဏီကို ပျားတောင်ဘိလပ်မြေစက်ရုံ တည်ဆောက်ဖို့ MICC ခွင့်ပြုချက်ပေးခဲ့တာပါ။
လတ်တလော စက်ရုံနှင့်ပတ်သက်ပြီး ဒေသခံများနဲ့ တွေ့ဆုံရှင်းလင်းတာ ညှိနှုိင်းဆောင်ရွက်တာမရှိဘဲနဲ့ စက်ယန္တရားတွေ ထားရှိဖို့မြေနေရာနဲ့ စက်ရုံအလုပ်သမားတွေ နေထိုင်ဖို့နေရာအတွက် လိုအပ်တဲ့ အဆောက်အအုံတွေကို စတင်တည်ဆောက်အကောင်အထည်ဖော်နေပါပြီ။
June ကုုမ္မဏီ ဘိလပ်မြေစက်ရုံ တည်ဆောက်မယ့်မြေနေရာပြပုံစာရွက် (ရက်စွဲ ၁၀၊ ၁၊ ၂၀၁၁) မှာ ရေးဆွဲ ထားတဲ့အတိုင်းဆိုရင် ဘိလပ်မြေတင်/ချနိုင်ဖို့ ဧရိယာ မြေ ၃၀၀ ဧကကိုလည်းကောင်း၊ ကျောက်မီးသွေး တင်/ ချဖို့ ဧရိယာ မြေ ၁၂၀ ဧကကိုလည်းကောင်း ဖော်ပြထားတဲ့အတွက် ဒီဘိလပ်မြေစက်ရုံလည်း ကျောက်မီးသွေးစွမ်းအင်နဲ့ လည်ပတ်အသုံးပြုမယ်လို့ ယူဆရပါတယ်။
ကော့ဒွန်းရွာခံ တစ်ဦးက “ဒီပုံစံအတိုင်းဆိုရင် ကျွန်တော်တို့ရွာကနေ ထွက်ပြေးရမယ့်အခြေအနေမှာရှိနေတယ်၊ ဘာဖြစ်လဲဆိုတော့ MCL လည်း ကျောက်မီးသွေးကိုပဲ သုံးမယ်၊ အခု လာပြန်ပြီ June ကုမ္မဏီ သူတို့ကလည်း ကျောက်မီးသွေးပဲဆိုတော့ ကျွန်တော်တို့ရွာက အခုပြောနေတဲ့စက်ရုံနှစ်ခုအကြားမှာ ရှိနေတယ်လေဗျာ” လို့ ဆိုပါတယ်။
အကယ်၍ ဘိလပ်မြေစက်ရုံတည်ဆောက်မည်ဆိုပါက ဒေသခံများအတွက် လူမှုရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး ကဏ္ဍတွေမှာ အန္တရာယ်များနဲ့ရင်ဆိုင်ကြုံတွေ့ရနိုင်ကြောင်း၊ မိုင်းဖောက်ခွဲရတဲ့အတွက် ပျားတောင်နဲ့့ မယ် ကရိုတောင်ပေါ်ရှိ ရှေးဟောင်းဘုရားစေတီများအပါအဝင် ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းများနဲ့ အိုးအိမ်များ တုန်လှုပ်ပျက်စီးနိုင်ကြောင်း ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့က ကျိုက်မရောမြို့နယ် မြေ စာရင်းဦးစီးဌာနသို့ တင်ပြထားတဲ့ ဒေသခံတို့ရဲ့ ကန့်ကွက်စာအရ သိရပါတယ်။
မယ်ကရိုကျေးရွာသား နိုင်ထွန်းကြည်ကလည်း “သူတို့ဘိလပ်မြေစက်ရုံနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအစိုးရဌာန ရော June ကုမ္ပဏီပါ ကျွန်တော်တို့ ဒေသခံတွေ ကန့်ကွက်လွှာတင်တာ ၂ ကြိမ်ရှိသွားပြီ” လို့ ပြောပါတယ်။
အထက်ဖေါ်ပြပါ ကျောက်မီးသွေးစွမ်းအင်နဲ့ လည်ပတ်အသုံးပြုမယ့် ဘိလပ်မြေစက်ရုံစီမံကိန်း ၂ ခုစလုံးဟာ အပေါ်ပိုင်း ချောင်းနှစ်ခွကနေ အောက်ပိုင်းမော်လမြိုင်မြို့အထိ စီးဆင်းနေတဲ့ အတ္ထရံမြစ်ကြောင်းနံဘေးမှာ တည်ရှိနေတာပါ။
ပျားတောင်းဒေသဝန်းကျင်တဝိုက် ကျိုက်မရောမြို့နယ် ဒေသခံပြည်သူလူထုတွေ အစဉ်တစိုက် အသက်မွေးဝမ်းကြောင်း အမှီပြုနေထိုင်လာခဲ့ကြတဲ့ လယ်ယာခြံမြေတွေ၊ တောတောင်သဘာဝအလှတရားတွေ၊ စီးဆင်းနေတဲ့ အတ္ထရံမြစ်ကြောင်းကိုလည်း ကျောက်မီးသွေးသုံး ဘိလပ်မြေစက်ရုံတွေက စိန်ခေါ်နေပါပြီ။
သဘာဝဝန်းကျင်ထိခိုက်စေတဲ့ ကျောက်မီးသွေးစွမ်းအင်နဲ့လည်ပတ်မယ့် ဒီဘိလပ်မြေစက်ရုံ ၂ ခုကို ယခင်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ခွင့်ပြုပေးခဲ့တာဟာ ဒေသခံတွေအတွက် အမွေဆိုးတွေချန်ရစ်ပေးထားတယ်လို့ပဲ ပြောရမှာပါ။ ဒေသခံတွေဟာ ရေရှည်ဆိုးကျိုး အန္တရာယ်ဖြစ်စေမယ့် ကျောက်မီးသွေးနဲ့လည်ပတ်တော့မယ် ဘိလပ်မြေစက်ရုံ ဒီအမွေဆိုးတွေကို မလိုုလားကြပါ။
ဒီအမွေဆိုးတွေကို ရှင်းလင်းဖယ်ရှားပေးဖို့ လက်ရှိအစိုးရထံ ဒေသခံပြည်သူတွေ တိုင်ကြားလိုက်ပါပြီ။ အစိုးရထံက ထွက်ပေါ်လာမယ့်အသံကို ဒေသခံတွေကြားသိလိုပါတယ်၊ ဘယ်လို ဖြေရှင်းသွားမလဲ၊ ဘယ်လိုကိုင်တွင်မလဲဆိုတာ အစိုးရအနေနဲ့ ပြည်သူတွေကို အချိန်မနှေးစေဘဲ အသိပေးသင့်ပြီလို့ ယူဆပါကြောင်း။