Homeသတင်းမော်လမြိုင်တိုးချဲ့ကမ်းနားလမ်းကို မွန်လွှတ်တော်က စစ်ဆေးမည်ဟု ဆို

မော်လမြိုင်တိုးချဲ့ကမ်းနားလမ်းကို မွန်လွှတ်တော်က စစ်ဆေးမည်ဟု ဆို

-

မော်လမြိုင်မြို့ ကွင်းရပ်၊ ကျောက်မီးသွေးရုံးလမ်းမှ ဘိုးကုန်းရပ်ကွက်၊ ညောင်လေးပင်ချောင်းဝအထိ အသစ် ဖောက်လုပ်ထားသော တိုးချဲ့ကမ်းနားလမ်း အဆင့် ၆ ကို မွန်ပြည်နယ်လွှတ်တော်က ပြန်လည် စီစစ်မည်ဟု လွှတ်တော်ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက ပြောဆိုလိုက်သည်။

မော်လမြိုင်တိုးချဲ့ကမ်းနားလမ်း(Soe Htet-Facebook)
မော်လမြိုင်တိုးချဲ့ကမ်းနားလမ်း(Soe Htet-Facebook)

အဆိုပါတိုးချဲ့ကမ်းနားလမ်းအဆင့် ၆ စီမံကိန်း ဖောက်လုပ်ရန် ပထမအကြိမ် ပြည်နယ်လွှတ်တော်၏ အတည်ပြုချက်ဖြင့် စုန်ရေဆောက်လုပ်ရေးကုမ္ပဏီလီမီတက်မှ ဆောင်ရွက်ခဲ့ရာတွင် ကုမ္မဏီအနေဖြင့် စည်ပင်သာယာရေးကော်မတီထံသို့ ရန်ပုံငွေနှင့် မြေများ ပေးသွင်းရန် လွှတ်တော်ထံ တင်ပြထားသည့် မူလသဘောတူညီချက်အတိုင်းမဟုတ်ဘဲ လျှော့ပေါ့ပေးသွင်းခဲ့သည့်အပေါ် ယင်းကဲ့သို့ ပြန်လည်စီစစ်ရန် လိုအပ်လာသည်ဟု ဆိုသည်။

ဒေါက်တာအောင်နိုင်ဦးက “ကျွန်တော်တို့ပြန်လည်စီစစ်တာက အဲ့ဒီစီမံကိန်းမှာ ပါဝင်ပတ်သက်တဲ့လူ တာဝန်ရှိတဲ့လူတွေကို လာမည့်မေလ (၉) ရက်နေ့မှာ စခေါ်ပါ့မယ်။ တကယ်ပဲ အဆင်မပြေလို့ ငွေကို လျှော့လိုက်တာလား၊ ပြီးတော့ အဲ့မှာရှိနေတဲ့လူတွေရဲ့ နစ်နာမှုအတွက် ဘယ် လိုလုပ်ထားပေးသလဲ စသဖြင့်ပေါ့ တွေ့ဆုံမေးမြန်း စီစစ်သွားမယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။
လမ်းအရှည်ပေ ၄၆၅၀ ပေနှင့် အကျယ် ၅၆ ပေရှိသော ကမ်းနားလမ်းစီမံကိန်းကို ၂ဝ၁၅ ခုနှစ်၊ နို ဝင်ဘာ ၁၆ ရက်နေ့က လုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၆ ခုနှစ် မတ်လတွင် ဖွင့်လှစ်နိုင်ခဲ့ သည်ကို တွေ့ရှိရသည်။
စုန်ရေကုမ္ပဏီလီမိတက်အနေဖြင့် တိုးချဲ့ကမ်းနားလမ်း ဖောက်လုပ်ရာတွင် ကုမ္ပဏီစရိတ်ဖြင့် ကျပ်သိန်းပေါင်း (၆၃၅၄၇) ၊ စည်ပင်ထံသို့လည်း ရန်ပုံငွေကျပ် သိန်းပေါင်း (၂၅၀ဝ၀) နှင့် မြေ (၁.၅) ဧက ကိုထည့်ဝင်ပေးသွားမည်ဟု ပထမအကြိမ် ပြည်နယ်လွှတ်တော်၏ အတည်ပြုချက်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
၂၀၁၆ ခုနှစ် မတ်လအတွင်း လုပ်ငန်းပြီးစီးသွားသည့်အခါ မူလသဘောတူညီချက်အတိုင်းမဟုတ်ဘဲ စည်ပင်သို့ ပေးသွင်းရန် ငွေကျပ်သိန်းပေါင်း (၂၅၀ဝ၀) အစား ကျပ်သိန်းပေါင်း (၁၅၀ဝ၀) ကိုလည်း ကောင်း၊ မြေဧရိယာဧက (၁.၅) အစား (ဝ.၇၅) ဧကကိုလည်းကောင်း စုန်ရေကုမ္မဏီက ပေးသွင်း ခဲ့သည်ဟု ဆိုသည်။

အဆိုပါ စီမံကိန်းနှင့်ပတ်သက်၍ မေလ (၉) ရက်နေ့မှ ဇွန်လ (၉) ရက်နေ့အထိ တစ်လတာ ကာလ အတွင်း လေ့လာစစ်ဆေးသွားမည်ဖြစ်ရာ ထွက်ပေါ်လာသည့် အချက်အလက်များကို အစီရင်ခံစာ ရေးပြီး ရှေ့ဆက်မည်ကဲ့သို့ လုပ်ဆောင်သွားရမည်ကို လွှတ်တော်၌ ဆွေးနွေးဆုံးဖြတ်သွားမည်ဟု ဒေါက်တာအောင်နိုင်ဦးက ပြောသည်။

မော်လမြိုင်တိုးချဲ့ကမ်းနားလမ်း အဆင့် ၆ စီမံကိန်း လေ့လာစိစစ်ရေးအဖွဲ့ကို ဧပြီလ ၂၉ ရက်နေ့က စတင်ဖွဲ့စည်းခဲ့ရာ အဖွဲ့ခေါင်းဆောင်အဖြစ် မွန်ပြည်နယ် လွှတ်တော် ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦး အပါအဝင် လွှတ်တော်ကိုယ်စားလှယ် ၇ ဦးနှင့် စာရင်းစစ်၊ မြေစာရင်း၊ ဆောက်လုပ်ရေးအင်ဂျင်နီယာ၊ မော်လမြိုင်ရပ်မိရပ်ဖတို့မှ တစ်ဦးစီပါဝင်သည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts