spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းUNA အဖွဲ့ဝင်လျှောက်ထားသည့် တိုင်းရင်းသား ၆ ပါတီကို လက်ခံမည်ဟု ဦးခွန်ထွန်းဦး ပြော

    UNA အဖွဲ့ဝင်လျှောက်ထားသည့် တိုင်းရင်းသား ၆ ပါတီကို လက်ခံမည်ဟု ဦးခွန်ထွန်းဦး ပြော

    -

    ညီညွတ်သောတိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့(UNA)သို့ အဖွဲ့ဝင်အဖြစ် လျှောက်ထားသည့် တိုင်းရင်းသားပါတီ ၆ ပါတီကို အဖွဲ့ဝင်အဖြစ် လက်ခံသွားမည်ဖြစ်ကြောင်း ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA ခေါင်းဆောင် ဦးခွန်ထွန်းဦးက ပြောသည်။

    ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA ကို တိုင်းရင်းသား ပါတီ ၈ ပါတီဖြင့် လက်ရှိဖွဲ့စည်းထားခြင်း ဖြစ်ပြီး အခြားတိုင်းရင်းသား ပါတီ ၆ ပါတီမှ အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုပေးရန် လျှောက်ထားကြောင်း UNA အဖွဲ့ တာဝန်ရှိသူများ ထံမှ သိရသည်။

    29 Dec 2015-UNA မဟာမိတ်အဖွဲ့ ထိပ်သီးအစည်းအဝေး ပထမနေ့ (UNA)
    29 Dec 2015-UNA မဟာမိတ်အဖွဲ့ ထိပ်သီးအစည်းအဝေး ပထမနေ့ (UNA)

    UNA ခေါင်းဆောင် ဦးခွန်ထွန်းဦးက “ကျွန်တော်တို့ UNA အဖွဲ့မှာ အဖွဲ့ဝင် အဖြစ်နဲ့ပါဝင်ခွင့်ရဖို့ လျှောက်ထားလာတဲ့ တိုင်းရင်းသား ပါတီတွေကို ကျွန်တော်တို့ လက်ခံသွားမယ်။ အခု ကျွန်တော်တို့ UNA အစည်းအဝေးလုပ်ဖို့ရှိတဲ့ အဲဒီအစည်းအဝေးကနေ အတည်ပြု ဆွေးနွေးကြမယ်။ လက်ခံသွားဖို့ကတော့ သေချာပါတယ်။ ဘာလို့လဲဆိုတော့ တိုင်းရင်းသားတွေ အင်အားကောင်းနေဖို့လိုတယ်လေ။ အခု ကချင်တွေကလည်း ပေါင်းနေကြပြီး ကရင်တွေလည်း ပေါင်းနေကြ ပြီး ဒါကြောင့် UNA မှာလည်း အင်အားတောင့်ဖို့လိုနေတယ်။ မကြာခင် အရေးကြီးတဲ့ အချိန်ကိုရောက်တော့မယ်လေ”ဟု ပြောသည်။

    လက်ရှိ UNA ကို တိုင်းရင်းသား ပါတီများဖြစ်ကြသော ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD)၊ ရခိုင်အမျိုး သား ပါတီ(ANP)၊ ဇိုမီးဒီမိုကရေစီအဖွဲ့ချုပ် Zomi Congress for Democracy ၊ ကရင်အမျိုးသားပါတီ Kayin National Party ၊ မွန်အမျိုးသားပါတီ(MNP)၊ ကချင်အမျိုးသားများ ဒီမိုကရေစီကွန်ဂရက် Kachin National Democracy Congress ၊ ရှမ်းပြည် ကိုးကန့်ဒီမိုကရက်တစ်ပါတီ Kokang Democracy and Unity Party in Shan State ၊ ကယန်းအမျိုးသားပါတီ Kayan National Party တို့ဖြင့် ဖွဲ့စည်းထားသည်။

    အဆိုပါ အဖွဲ့ဝင်များအနက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်(SNLD)၊ရခိုင်အမျိုးသားပါတီ(ANP)၊ ဇိုမီးဒီမို ကရေစီအဖွဲ့ချုပ်၊မွန်အမျိုးသားပါတီ(MNP)တို့သည် ၂၀၁၅ ရွေးကောက်ပွဲတွင် လွှတ်တော် ကိုယ်စားလှယ်များနေရာ ၁၀ဝ ဝန်းကျင်ခန့် အနိုင်ရရှိထားသည်။

    “ကျွန်တော်တို့က ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ကတည်းက UNA မှာ အဖွဲ့ဝင် အဖြစ် ပါဝင်ခွင့်ရဖို့ လျှောက် ထားတယ်။ သူတို့ကလည်း မူဝါဒ ပိုင်း နဲ့ စည်းကမ်းပိုင်းတွေကို ပြင်ဆင် ရေးဆွဲထားတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ကို ပေးပို့လာတယ်။ သဘောတူ လက်ခံလား လက်မခံဘူးလားပေါ့။ ကျွန်တော်တို့က UNA မူဝါဒ ကို လက်ခံကြောင်း အကြောင်းပြန်ထားပြီးပါပြီ အခုထိတော့ သူတို့ဘက်က အကြောင်းပြန်မလာသေးဘူး”ဟု ကချင်ပြည်နယ် ဒီမိုကရေစီပါတီ ဥက္ကဌ ဒေါက်တာမနာမ်တူးဂျာက ပြောသည်။

    UNA အဖွဲ့ဝင်အဖြစ် တိုင်းရင်းသားပါတီများဖြစ်သည့် ကချင်ပြည်နယ် ဒီမိုကရေစီပါတီ၊ ရခိုင်မျိုး ချစ် ပါတီ၊ ချင်းဒီမိုကရေစီအဖွဲ့ချုပ်၊ ဓနုတိုင်းရင်းသားတိုးတက်ရေးပါတီ၊ ချင်းတိုးတက်ရေးပါတီ၊ မြိုဒီမိုကရေစီပါတီတို့ လျှောက်ထားကြောင်း သိရသည်။

    UNA သို့ အဖွဲ့ဝင် အဖြစ် လျှောက်ထားသည့် တိုင်းရင်းသားပါတီများကို အဖွဲ့ဝင် အဖြစ် လက်ခံရန် ရှိ/မရှိကို ၂၀၁၆ ခုနှစ်၊ မေ ၇ ရက်နေ့တွင် ပြုလုပ်မည့် UNA အဖွဲ့ဝင်များ အစည်းအဝေးတွင် ဆွေးနွေးဆုံးဖြတ်ကြမည် ဖြစ်ပြီး အဖွဲ့ဝင်အဖြစ် လက်ခံရန် အလားအလာများကြောင်း ဦးခွန်ထွန်းဦးက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks