Monday, March 23, 2026
More
    spot_img
    Homeသတင်း၂၀၁၅ ခုနှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၈၀ ခုကျော်ဖြစ်ပွားခဲ့

    ၂၀၁၅ ခုနှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှု ၈၀ ခုကျော်ဖြစ်ပွားခဲ့

    -

    ၂၀၁၅ ခုနှစ် ဇန်နဝါရီမှ ဒီဇင်ဘာအထိ မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခဖြစ်ပွားရာနှင့် အပစ်အခတ်ရပ်စဲထားသည့်ဒေသများ၌ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၈၄ ခု ဖြစ်ပွားခဲ့သည်ဟု ယမန်နေ့ (ဖေဖော်ဝါရီ၊ ၂၉ ရက်) က ထုတ်ပြန်ထားသည့် လူ့အခွင့်အရေးမှတ်တမ်းကွန်ရက်-မြန်မာနိုင်ငံ (ND-Burma) ၏အစီရင်ခံစာ အရ သိရသည်။

    ၎င်းအစီရင်ခံစာဖော်ပြချက်အရ လူ့အခွင့်အရေးချိုးဖောက်မှုပေါင်း ၈၄ ခုအနက် အဖြစ်အများဆုံး ညှင်းပန်းနှိပ်စက်မှုက ၂၆ မှု ဖြစ်ပြီး အခြားချိုးဖောက်မှုများမှာ လွတ်လပ်စွာ ထုတ်ဖော်ခွင့်နှင့် အဖွဲ့အစည်းအသင်းအပင်းဖွဲ့စည်းခွင့်ကို ပိတ်ပင်သည့် ချိုးဖောက်မှု ၁၇ ခုနှင့် သတ်ဖြတ်မှု ၁၁ ခုဖြစ်သည်။

    ND-Burma ၏ စည်းရုံးလှုံ့ဆော်ရေးအရာရှိ လိုည်းပိုးငယ် က “လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးဖြစ်ပွားခဲ့တဲ့ နေရာကတော့ ကချင်ပြည်နယ်နဲ့ရှမ်းပြည်နယ် ဖြစ်သလို ဒီပြည်နယ်နှစ်ခုထဲမှာပဲ ညှင်းပန်းနှိပ်စက်မှု နဲ့ သတ်ဖြတ်မှု အများဆုံးဖြစ်ပွားခဲ့တယ်” ဟု မွန်သတင်းအေဂျင်စီနှင့် ဆက်သွယ်မေးမြန်းရာ၌ ပြောကြားခဲ့သည်။

    ထို့အတူ အပစ်အခတ်ရပ်စဲထားသည့် ကရင်ပြည်နယ်နှင့်ရှမ်းပြည်နယ်များတွင်လည်း လူ့အခွင့်အရေးချိုးဖောက်မှုများဖြစ်ပွားခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

    ND-Burma အစီရင်ခံစာ မျက်နှာဖုံး (Photo: ND-Burma)
    ND-Burma အစီရင်ခံစာ မျက်နှာဖုံး (Photo: ND-Burma)

    တနိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ကို ၂၀၁၅ အောက်တိုဘာလတွင် လက်မှတ်ရေးထိုးထားပြီးဖြစ်သော်လည်း ငြိမ်းချမ်းမှု အနည်းငယ်သာ ဆောင်ကျဉ်းနိုင်ခဲ့ပြီး၊ NCA လက်မှတ်မရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရှိရာ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ် စသည့် တချို့ဒေသများတွင် လက်နက်ကိုင်ပဋိပက္ခများ ကျယ်ပြန့်စွာ ဖြစ်ပွားနေ ကြောင့် ၎င်း အစီရင်ခံစာတွင်းဖော်ပြထားသည်။

    စည်းရုံးလှုံ့ဆော်ရေးအရာရှိ လိုည်းပိုးငယ် က “ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ အနေနဲ့ ဂျီနီဗာကွန်ဗန်းရှင်း အပါအဝင် နိုင်ငံတကာ ဥပဒေတွေကို လေးစားလိုက်နာပြီးတော့ အရပ်သားတွေ အပေါ်ပစ်မှတ်ထား တိုက်ခိုက်တာကို ချက်ခြင်းရပ်စဲပါ၊ အရပ်သားတွေရဲ့ အသက်၊ အိုးအိမ်နဲ့ ပိုင်ဆိုင်မှု တွေကို အလေးထားစေလိုပါတယ်၊ တာဝန်ရှိသူများအနေနဲ့ လူ့အခွင့်အရေးကို လိုက်နာဖို့ တောင်းဆိုထားတယ်” ဟု ND-Burma သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ND-Burma သည် ၂၀ဝ၄ ခုနှစ်တွင်တည်ထောင်ခဲ့ပြီး၊ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP)၊ မြန်မာ့ရေးရာ (BI)၊ မွန်လူ့အခွင့်အရေးဖောင်ဒေးရှင်း (HURFOM)၊ ပလောင်အမျိုးသမီး အစည်းအရုံး (PWO) အပါအဝင် ကွန်ရက်အဖွဲ့ဝင် ၁၃ ဖွဲ့ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks