spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဥက္ကဌနိုင်သိုက် ကွယ်လွန်

    မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ ဥက္ကဌနိုင်သိုက် ကွယ်လွန်

    -

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဥက္ကဌ နိုင်သိုက် (ခ) ဦးမောင်သိုက် အသက်(၈၄) နှစ်သည် လူကြီးရောဂါဖြင့် ဖေဖော်ဝါရီ (၆) ရက်နေ့၊ ညနေ ၄ နာရီ၁၀ မိနစ် အချိန်ခန့်တွင် မော်လမြိုင်မြို့၊ မြိုင်သာရပ်ကွက်၊ (၂၁) လမ်း၊ အမှတ် (၂၇၀) ရှိ နေအိမ်၌ ကွယ်လွန်ခဲ့သည်။

    သူ၏ကြွင်းကျန်ရုပ်ကလာပ်ကို ဖေဖော်ဝါရီလ (၇) ရက်နေ့ ညနေ (၃) နာရီအချိန်တွင် မော်လမြိုင်-ကျိုက်မရောကားလမ်းမကြီးရှိ ပိန္နဲကုန်သုသာန်၌ စျာပနအခမ်းအနား ကျင်းပသွားမည် ဖြစ်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ တွဲဖက်အတွင်းရေးမှုး (၂) နိုင်စံတင် ကပြောသည်။

    ၂၀၁၄ ခုနှစ်၊ မေလတွင် ကျင်းပခဲ့သော မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP ပထမအကြိမ်ညီလာခံမှ ပါတီဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခြင်း ခံရသည်။

    AMDP ဥက္ကဌ နိုင်သိုက်(GS)
    AMDP ဥက္ကဌ နိုင်သိုက်(GS)

    ၂၀၁၀ ရွေးကောက်ပွဲတွင် ပါတီကိုယ်စားပြု မုဒုံမဲဆန္ဒနယ်အမှတ် (၁) တွင် ပြည်နယ်လွှတ်တော်ကိုယ်စား လှယ်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ကာ လက်ရှိမွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအုန်းမြင့်ကို ရှုံးနိမ့်ခဲ့ရသည်။

    နိုင်သိုက်သည် မွန်ပြည်နယ်ကုန်သွယ်လယ်ယာ အငြိမ်းစားဝန်ထမ်းတစ်ဦးဖြစ်ပြီး (၂၀၁၀ ပြည့်နှစ်၊ မေလ ၂၄ ရက်) All Mon Region Democracy Party-AMDP (ခေါ်) မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ စတင်တည်ထောင် စဉ် ဒု-ဥက္ကဌ (၂) တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

    AMDP ဥက္ကဌ နိုင်သိုက်(GS)
    AMDP ဥက္ကဌ နိုင်သိုက်(GS)

    မော်လမြိုင်မြို့ (ယခု အ.ထ.က ၅) မှ အခြေခံပညာအထက်တန်းစာမေးပွဲအောင်မြင်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်တွင်ပညာသင်ကြားခဲ့ရာ B.A (Political Science) ဘွဲ့ရရှိခဲ့သည်။

    နောက်ပိုင်းတွင် အစိုးရဝန်ထမ်းအဖြစ်တာဝန်ထမ်းဆောင်ခဲ့ရာ ကုန်သွယ်ရေး(၁) တွင် လက်ထောက်မန်နေဂျာရာထူးဖြင့်အငြိမ်းစားယူခဲ့သည်။

    နိုင်သိုက်သည် အထက်တန်းကျောင်းသားဘဝ၊ ဥပစာကောလိပ်နှင့် တက္ကသိုလ်တို့တွင် မွန်ကျောင်းသား/သူများအသင်း အမှုဆောင်အဖြစ်တာဝန်ယူဆောင်ရွက်ခဲ့သည်။ နွေရာသီမွန်စာပေသင်တန်းများဖြစ်မြောက်အောင်ဆောင်ရွက်ခဲ့သည်။

    အငြိမ်းစားယူပြီးနောက် မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီတွင်ဝင်ရောက်လှုပ်ရှားရင်း၊ မော်လမြိုင်မြို့နယ်မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီဥက္ကဌအဖြစ်လည်းကောင်း၊ မွန်အမျိုးသားနေ့ကျင်းပရေးကော်မတီအနေဖြင့် မော်လမြိုင်မြို့နယ် ဥက္ကဌအဖြစ်လည်းကောင်း၊ ဗဟို အဆင့် ဥက္ကဌအဖြစ်လည်းကောင်း၊ အမှုဆောင်အဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်အမျိုးမျိုးထမ်းဆောင်ခဲ့ပါသည်။

    ထို့အပြင် မွန်စာပေနှင့် သုတေသနဖွံ့ဖြိုးတိုးတက်ရေးအတွက် မွန်မှုသုတေသနစာတမ်းဖတ်ပွဲကျင်းပရေးကော်မတီ၊ မွန်သဒ္ဒါကျမ်းဖြစ်မြောက်ရေးအဖွဲ့တို့တွင် တာဝန်ယူကာ တက်ကြွစွာပါဝင်ဆောင်ရွက်ခဲ့ပါသည်။

    နိုင်သိုက်သည် မုဒုံမြို့နယ်၊ ထုံမံကျေးရွာဇာတိ အဘဦးထွန်းအေး+ အမိဒေါ်ပွဲ တို့မှ ၁၂၉၄ ခုနှစ်၊ နယုန်လဆန်း (၁၄) ရက်နေ့တွင် မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်အထိ အိမ်ထောင်မရှိ(လူပျိုကြီး) ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks