Friday, March 13, 2026
More
    spot_img
    Homeသတင်းဖို့ဝိန်းမြို့နှင့် မော်လမြိုင်မြို့ ညီအစ်မမြို့တည်ထောင်ရေး သဘောတူလက်မှတ်ရေးထိုး

    ဖို့ဝိန်းမြို့နှင့် မော်လမြိုင်မြို့ ညီအစ်မမြို့တည်ထောင်ရေး သဘောတူလက်မှတ်ရေးထိုး

    -

    အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်ရှိ ဖို့ဝိန်းမြို့နှင့် မွန်ပြည်နယ်၏မြို့တော် မော်လမြိုင်မြို့တို့ အား ညီအစ်မမြို့တော် တည်ထောင်ရေးအတွက် မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ အောင်ဆန်းခန်မ၌ ဖေဖော်ဝါရီ ၄ ရက်နေ့တွင် နှစ်ဖက်တာဝန်ရှိသူများ သဘောတူလက်မှတ်ရေးထိုးခဲ့သည်။

    အဆိုပါ လက်မှတ်ရေးထိုးခြင်း အခမ်းအနားသို့ မွန်ပြည်နယ်ဝန်ကြီးချုပ်ဦးအုန်းမြင့်နှင့် ပြည်နယ်အစိုးရ အဖွဲ့ ဝင်များ၊ Fort Wayne Sister Cities International မှ အဖွဲ့၀င်များ တက်ရောက်ခဲ့သည်ကို တွေ့ရှိရသည်။

    ညီအစ်မမြို့တည်ထောင်ရေး သဘောတူလက်မှတ်ရေးထိုးခြင်းအခမ်းအနား(MNA)
    ညီအစ်မမြို့တည်ထောင်ရေး သဘောတူလက်မှတ်ရေးထိုးခြင်းအခမ်းအနား(MNA)

    မွန်ပြည်နယ်၀န်ကြီးချုပ်ဦးအုန်းမြင့်က “မွန်ပြည်နယ်ကလူတစ်ချို့လည်း တော်တော်များများအဲဒီကိုရောက်နေ တာရှိတယ်။ အဲဒီကကလေးတွေပဲ ချိတ်ဆက်ပြီးတော့ မွန်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် စစ်စတာစီးတီး ဆောင်ရွက်ဖို့ကြိုးစားတဲ့အခါမှာအောင်မြင်သွားတယ်။ အဲဒါကြောင့် ရှေ့လျှောက်အမေရိကန်နိုင်ငံ အင်ဒီယား နားပြည်နယ်က ဖို့ဝိန်းနဲ့ မွန်ပြည်နယ်က မော်လမြိုင်မြို့ဟာ စစ်စတာစီးတီးဖြစ်သွားပြီး ဒီနေ့ပဲ။တခြားနိုင်ငံက စစ်စတာစီးတီးသူတို့လုပ်ထားတာရှိတယ်။ အဲဒါတွေနဲ့ပါဆက်နွယ်လိုက်လို့ရှိရင် မွန်ပြည်နယ်က ပိုပြီးကျယ်ပြန့် သွားပြီးတော့ ကမ္ဘာမှာခြေဆန့်နိုင်မယ် ” ဟုပြောသည်။

    ဖို့ဝိန်းမြို့နှင့်မော်လမြိုင်မြို့အား ညီအစ်မမြို့တည်ထောင်နိုင်ရေးအတွက် ၂၀၁၂ ခုနှစ်ကတည်းကပင် စတင်ကြိုး ပမ်းခဲ့ကြောင်း၊ ဤအစီအစဉ်ကို နှစ်နိုင်ငံပြည်နယ်အစိုးရနှင့် ပြည်ထောင်စုအစိုးရများထံမှ လက်ခံနို်င်ရန် ကြိုး ပမ်းခဲ့ရကြောင်း တာ၀န်ရှိသူတစ်ဦးထံမှ သိရသည်။

    Fort Wayne Sister Cities International မော်လမြိုင်ကော်မတီ ဥက္ကဌ ဒေါ်မင်းမြင့်နန်းတင်က “ယူနိုက်တက် စတိတ်နဲ့ မြန်မာနဲ့ဆိုရင် စစ်စတာစီးတီးကိစ္စကိုစပြီးတော့ ဆောင်ရွက်နေတာအရင်ကရှိပါတယ်။ ဒါပေမယ့်ဒီမော် လမြိုင်မြို့ဟာ ဆိုလို့ရှိရင် ကျွန်မတို့သမိုင်း၀င် မှတ်တမ်းတင်ရမှာဖြစ်ပါတယ်။ အကျိုးစီးပွားတွေကတော့ ကျွန်မ တို့တစ်နိုင်ငံနဲ့တစ်နိုင်ငံ ယဉ်ကျေးမှူလဲလှယ်တဲ့အခါမှာဆိုလို့ရှိရင် နှစ်ဦးနှစ်ဖက် အကျိူးရှိပါတယ်။ အထူးသဖြင့် ပညာရေးကိစ္စတွေမှာပေါ့ ကျွန်မတို့ဆီကကလေးတွေက အမေရိကန်က ပညာရေးတွေကိုသွား ပြီးလေ့ လာခွင့် ရတယ်၊ သင်ကြားခွင့်ရမယ်။ ဟိုဘက်နိုင်ငံကလေးတွေကလည်း ကျွန်မတို့နိုင်ငံရဲ့ ယဉ်ကျေးမှူနဲ့ ဘာသာ ရေးကို လေ့လာခွင့်ရမယ်၊ ဒါဟာကျွန်မတို့နှစ်ဦးနှစ်ဖက် အကျိူးတူပူပေါင်း ဆောင်ရွက်ချက်တွေပါပဲ” ဟု ပြောသည်။

    လာမည့် ၂၀၁ရ ခုနှစ်တွင်ကလေးငယ်အတွက် နှစ်နိုင်ငံပညာရေးအမြင်လဲလှယ်မူများ စတင်လုပ်ဆောင် သွားမည်ဖြစ်ကြောင်း၊ အသက် ၂၁နှစ်အောက် ကလေးငယ်များ၏ ပညာရေးအတွက် ၎င်းအဖွဲ့အနေဖြင့် အထက်တန်း ကျောင်းများ၊ တက္ကသိုလ်များအား သွားရောက်လေ့လာပြီး နှစ်နိုင်ငံအတူတကွ ပူးပေါင်းဆောင်ရွက်သွားမည့်အပြင် စီးပွားရေးနှင့် ယဉ်ကျေးမှူများ အပြန်အလှန်ဖလှယ်သွားမည် ဖြစ်ကြောင်း သိရသည်။

    ယခုကဲ့သို ညီအစ်မမြို့တော်ဖြစ်သွားခြင်းအားဖြင့် မော်လမြိုင်မှ စီးပွားရေးလုပ်ငန်းရှင်များ၊ ပညာရေးအရာ ရှိများနှင့် အနုပညာသမားများပါ ဖို့ဝိန်းမြို့ရှိ ပညာရှင်များ အပြန်အလှန် အမြင်သွားရောက်ဖလှယ်နိုင်မည်ဖြစ်ကြောင်း မွန်ပြည်နယ်စည်ပင်သာယာရေး၀န်ကြီး ဒေါက်တာတိုးတိုးအောင်က ပြောသည်။

    ယခုအချိန်တွင် ဖို့ဝိန်းမြို့အနေဖြင့် ဂျပန်၊ ပိုလန်၊ တရုတ်၊ ဂျာမနီနှင့် မြန်မာ ၅ နိုင်ငံနှင့် ဆက်သွယ်ပြီး တစ်နိုင်ငံလှျင်တစ်မြို့စီကို ညီအစ်မမြို့တော်အဖြစ်သတ်မှတ်ခဲ့ပြီဖြစ်ပါသည်။

    အမေရိကန်ပြည်ထောင်စု ဖို့ဝိန်းမြို့သည် မြန်မာနိုင်ငံသားများ အများပြားနေထိုင်လျက်ရှိသည်ဟု သိရပြီး မွန်လူမျိုး (၇၀၀) ဝန်းကျင်ခန့် နေထိုင်လျက်ရှိရာ မြစ် ၃ မြစ်ဆုံရာတွင်တည်ရှိသဖြင့် မော်လမြိုင်မြို့နှင့် နှင့်ပထဝီအနေအထား ဆင်တူသည့်အတွက် ညီအစ်မမြို့တည်ထောင်နိုင်ရေးအတွက် ရွေးချယ်ခဲ့ခြင်းဖြစ် ကြောင်းလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks