Homeသတင်းGreen Bike စက်ဘီးနင်းအဖွဲ့ ဖာလိန်ဒေသတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စကားဝိုင်း ပြုလုပ်မည်

Green Bike စက်ဘီးနင်းအဖွဲ့ ဖာလိန်ဒေသတွင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စကားဝိုင်း ပြုလုပ်မည်

-

ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်ရန် လျာထားခံရသည့် မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဖာလိန်ဒေသ (အံဒင်) သို့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ လှုပ်ရှားနေသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Green Bike စက်ဘီးနင်းအဖွဲ့ လာရောက်မည် ဖြစ်ပြီး၊ ဒေသခံများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာများ ဆွေးနွေးသွားမည်ဟု အဖွဲ့နှင့်အတူ စက်ဘီးနင်းလိုက်ပါမည့် ကိုဘုန်းမြတ်ဟန် က ပြောသည်။

စက်ဘီးနင်းလှုပ်ရှားမှု ခရီးစဉ်သည် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် သံဖြူဇရပ်မြို့မှ စတင်ကာ ဖေဖော်ဝါရီလ ၄ ရက်နေ့ထိ မွန်ပြည်နယ်နှင့် တနင်္သာရီဒေသရှိ ကျေးရွာများသို့ လေးရက်တာခရီး ကြာမြင့်မည် ဖြစ်သည်။

ချင်းမိုင်မြို့မှ Green Bike စက်ဘီးနင်းအဖွဲ့တစ်ဖွဲ့(Internet)
ချင်းမိုင်မြို့မှ Green Bike စက်ဘီးနင်းအဖွဲ့တစ်ဖွဲ့(Internet)

သဘာဝပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ ရေးမြို့ခံ ကိုဘုန်းမြတ်ဟန် က “ပထမဦးဆုံးတော့ ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ သံဖြူဇရပ်ကနေ စထွက်ပြီး လမ်းတလျှောက်မှာ ရှိတဲ့ မွန်ရွာတွေကို ဝင်မယ်။ ညပိုင်းကျရင် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ လုပ်ဖို့ လျာထားတဲ့ အံဒင်ကျေးရွာမှာ ညအိပ်မယ်။ နောက်နေ့မနက်မှာ တနင်္သာရီတိုင်းဒေသကြီးက ရာဖူးကို ခရီးဆက်ထွက်မယ်။ ရာဖူးအနီးအနားတဝိုက်က ရွာတွေကိုလည်း စက်ဘီးနင်းမယ်။ ၄ ရက်နေ့မှာ ခရီးဆုံးမယ်” ဟု ပြောသည်။

Green Bike စက်ဘီးနင်းအဖွဲ့သည် စက်ဘီးနင်းရာ လမ်းတစ်လျှောက်ရှိ ကျေးရွာများသို့ ဝင်ရောက်ကာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာများကို ဒေသခံများနှင့် အမြင်ချင်းဖလှယ်မည့် စကားဝိုင်းများ ပြုလုပ်ခြင်း၊ ညပိုင်းတွင် သဘာဝပတ်ဝန်းကျင်နှင့် သက်ဆိုင်သည့် တေးသီချင်းများကို ဒေသခံများနှင့်အတူ ဝိုင်းဖွဲ့သီဆိုခြင်းများ ပြုလုပ်သွားမည်ဟု ပြောသည်။

“အဓိကရည်ရွယ်ချက်ကတော့ စက်ဘီးနင်းမယ့် ဒေသတွေရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေတွေကို လေ့လာမယ်။ စက်ဘီးစီးကြဖို့ စည်းရုံးမယ်” ဟု ကိုဘုန်းမြတ်ဟန် က ပြောသည်။

ခရီးစဉ်တွင် Green Bike စက်ဘီးနင်းအဖွဲ့မှ စက်ဘီးသမားများ အပါအဝင် စုစုပေါင်း ၁၅ ဦးခန့် ပါဝင်မည် ဖြစ်ပြီး၊ ကျေးရွာပေါင်း မည်မျှသို့ ဝင်ရောက်မည်ကို ကန့်သတ်ထားခြင်း မရှိဘဲ သင့်တော်သလို စကားဝိုင်းများ ပြုလုပ်သွားမည် ဖြစ်သည်ဟု ပြောသည်။

စက်ဘီးနင်းခြင်းအားဖြင့် နှလုံး၊ ဆီးချို၊ သွေးချိုရောဂါများကို ကာကွယ်နိုင်ခြင်း၊ ငွေကြေးကုန်ကျမှု သက်သာခြင်း၊ ရေနံသုံးစွဲမှုကို လျှော့ချနိုင်ခြင်းကြောင့် ကာဗွန်မိုနောက်ဆိုဒ် ထုတ်လွှတ်မှုကို ထိန်းချုပ်နိုင်ခြင်း၊ အသံညစ်ညမ်းမှုကို လျှော့ချနိုင်ခြင်း စသည့် ကျန်းမာရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကျိုးကျေးဇူးများ ရရှိနိုင်သည်ဟု စက်ဘီးနင်းအဖွဲ့များက ခံယူထားကြသည်။

Green Bike အဖွဲ့၏ လှုပ်ရှားမှုတစ်ခုအနေဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှု ရှိနိုင်သည့် ဒေသသို့ စက်ဘီးနင်း သွားရောက်လေ့ ရှိပြီး၊ ၂၀၁၃ ခုနှစ်တွင်လည်း ထားဝယ်ဒေသမှ အဖွဲ့များနှင့် ပူးပေါင်းကာ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် ဖွံ့ဖြိုးရေးစီမံကိန်းဒေသများသို့ သွားရောက်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts