spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းနိုင်ငံရေးဆွေးနွေးပွဲကိုယ်စားပြုအချိုးအစားပြန်လည်သုံးသပ်ရန် အရပ်ဘက်လူထုအဖွဲ့အစည်းများထုတ်ပြန်

    နိုင်ငံရေးဆွေးနွေးပွဲကိုယ်စားပြုအချိုးအစားပြန်လည်သုံးသပ်ရန် အရပ်ဘက်လူထုအဖွဲ့အစည်းများထုတ်ပြန်

    -

    မြန်မာ့အရေးပူးပေါင်း ဆောင်ရွက်သူများအဖွဲ့မှ ဒေါ်ခင်ဥမ္မာ(Freedom News Group)
    မြန်မာ့အရေးပူးပေါင်း ဆောင်ရွက်သူများအဖွဲ့မှ ဒေါ်ခင်ဥမ္မာ(Freedom News Group)
    လာမည့်ဇန်နဝါရီလ ၁၂ ရက်နေ့တွင်ကျင်းပမည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံအပေါ် နိုင်ငံရေးဆွေးနွေးပွဲကို တက်ရောက်မည့် ကိုယ်စားပြု အချိုးအစားများနှင့် ဆုံးဖြတ်ချက်ရယူမည့်ရာခိုင်နှုန်းသတ်မှတ်ချက်များကို ပြန်လည်သုံးသပ်ရန် အရပ်ဘက်လူထုအဖွဲ့အစည်းများ၏ သဘောထားကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

    မြန်မာ့အရေးပူးပေါင်း ဆောင်ရွက်သူများအဖွဲ့မှ ဒေါ်ခင်ဥမ္မာက “ အချိုးအစားကို ဘယ်လိုဖြစ်ချင်လဲဆိုတာ နံပါတ်နဲ့ တော့မဟုတ်ဘူး ဒါပေမယ့်အဓိက ကျမတို့ထောက်ပြချင်တာက အဲဒီအချိုးအစားက ဒီနိုင်ငံရေးဆွေးနွေးပွဲဟာတပ်မတော်ကိုပဲ ဆုံးဖြတ်ခွင့်အာဏာ သွားပေးသလိုဖြစ်နေတယ်၊ နိုင်ငံရေးဆွေးနွေးပွဲရဲ့ ဆုံးဖြတ်ချက်ကို တပ်မတော်က သဘောတူမှ ဆုံးဖြတ်ရမယ်ဆိုတော့ ပြည်သူတွေအားလုံး မျှော်လင့်နေတဲ့ စစ်မှန်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးပွဲဆိုတာ ဖြစ်လာမှာ မဟုတ်ဘူး” ဟု မွန်သတင်းအေဂျင်စီကို ပြောသည်။

    နိုင်ငံရေး ဆုံးဖြတ်ချက်ချသည့် နေရာတွင် တပ်မတော်၏ချုပ်ကိုင်မှုအာဏာကို လျော့ချသင့်ကြောင်း၊နိုင်ငံရေး ဆွေးနွေးပွဲများတွင် သက်ဆိုင်သည့်နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားအင်အားစုတို့၏ တူညီသောဆုံးဖြတ်ချက်များသာ အဓိကဖြစ်သင့်ကြောင်း၊ မကြာမီကျင်းပမည့် ပြည်တောင်စုငြိမ်းချမ်းရေး ဆွေးနွေးပွဲသည် တပ်မတော်၏ လက်ထဲသို့ ဆုံးဖြတ်ချက်အာဏာကို ပုံအောပေးထားသကဲ့သို့ ဖြစ်နေသည့်အတွက် ကိုယ်စားပြုအချိုးအစားကိုပြန်လည်သုံးသပ်ရမည်ဖြစ်ကြောင်း၊ သို့မှသာ ပင်လုံစာချုပ်၏ အနှစ်သာရကို အကောင်အထည်ဖော်နိုင်မည်ဟု သူမက ဆက်ပြောသည်။

    ဒေါ်ခင်ဥမ္မာက“အခုချိန်ခါဟာ နိုင်ငံရေးအင်အားစုအားလုံးကြားထဲမှာ အမျိုးသားပြန်လည်သင့်မြတ်ရေးကိုအကောင်အထည် ဖော်ဆောင်ဖို့ အကောင်းဆုံး အချိန်ကာလဖြစ်ပြီး ပင်လုံစာချုပ်ရဲ့ကတိကဝတ်တွေကို ဒီအချိန်မှာအကောင်အထည်မဖော်နိုင်ခဲ့လျှင် ရှေ့ဆက်ငြိမ်းချမ်းရေးလမ်းစကို မြင်နိုင်မှာမဟုတ်ဘူး” ဟု ပြောသည်။

    တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA တွင်ပါဝင်သော သုံးပွင့်ဆိုင်ကိုယ်စားပြုမှုကို အခြေခံသည့် နိုင်ငံရေးဆွေးနွေးပွဲပုံစံမှ ငါးပွင့်ဆိုင်ဆွေးနွေးပွဲပုံစံသို့ပြောင်းလဲသွားခြင်းသည်
    မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြဿနာရဲ့ အဓိကသော့ချက်ဖြစ်သည့် ဒီမိုကရေစီအရေးနှင့်တိုင်းရင်းသားတန်းတူရေး ကိစ္စရပ်အပေါ် အလေးထားမှုကို လျော့ကျစေနိုင်သည်ဟု အရပ်ဘက်လူထုအဖွဲ့အစည်းများ
    သဘောထားထုတ်ပြန်ချက်တွင် ထောက်ပြထားသည်။

    UNFC ဒုဥက္ကဌ နိုင်ဟံသာက “နိုင်ငံရေးဆွေးနွေးပွဲမှာ အစိုးရ၊ နိုင်ငံရေးပါတီများ၊ လက်နက်ကိုင်တိုင်းရင်းသားအင်အားစုတွေအနေနဲ့ တူညီတဲ့အချိုးအစား၊ အရေအတွက်နဲ့ ၃ ပွင့်ဆိုင်ဆွေးနွေးသွားဖို့ပါ၊ နယ်ပယ်အသီးသီးက ပညာရှင်တွေ၊ အဖွဲ့အစည်းတွေဆိုရင်လည်း သက်ဆိုင်တဲ့အဲဒီ ၃ ပွင့်ဆိုင်ထဲကနေ သူ့အစုအဖွဲ့အလိုက် ပါဝင်လာလိမ့်မယ်လို့မျှော်လင့်ထားတယ်” ဟု မွန်သတင်းအေဂျင်စီနှင့် ယခင်တွေ့ဆုံမေးမြန်းချက်တစ်ရပ်တွင် ပြောကြားခဲ့သည်။

    ထို့အပြင် တိုင်းရင်းသား လက်နက်ကိုင် (၈)ဖွဲ့ဖြင့်သာ လက်မှတ်ရေးထိုးထားသည့် တစ်နိုင်ငံလုံးအတိုင်းအတာ မဆောင်သော NCA စာချုပ်သည် အားလုံးလိုလားသော အဖြေကို ရရှိနိုင်မည်မဟုတ်သလို ပြီးပြည်စုံသော ငြိမ်းချမ်းရေးကိုလည်း တည်ဆောက်နိုင်မည်မဟုတ်ဟု နိုင်ဟံသာက ပြောသည်။

    တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုများအားလုံးပါဝင်သော ခိုင်မာသည့်အပစ်အခတ်ရပ်စဲရေးကို ဦးစွာ အကောင်အထည်မဖော်နိုင်သေးချိန်တွင် နိုင်ငံရေးဆွေးနွေးပွဲများကို မပြုလုပ်သေးဘဲ အချိန်ရွှေ့ဆိုင်းထားရန်နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်မထိုးထားသေးသော အဖွဲ့များ၏ အကြံပြုချက်များ၊ အမြင်သဘောထားများစုစည်းရယူရန် မိမိတို့ အရပ်ဘက်လူထုအဖွဲ့အစည်းများမှတိုက်တွန်းတောင်းဆိုလိုက်သည်ဟုလည်း အထက်ပါ သဘောထားထုတ်ပြန်ချက် နိဂုံးပိုင်းတွင် ရေးသားဖော်ပြထားသည်။

    အဆိုပါအရပ်ဘက်လူထုအဖွဲ့အစည်းများ သဘောထားထုတ်ပြန်ချက်တွင် မြန်မာ့အရေးလှုပ်ရှားသည့် အရပ်ဘက်အဖွဲ့အစည်း ၁၃၀ ကျော် ထောက်ခံလက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks