spot_img
Saturday, December 20, 2025
More
    spot_img
    Homeသတင်းမြန်မာ-ထိုင်း သေမင်းတမန်ပြတိုက်သစ် သံဖြူဇရပ်မြို့တွင်ဖွင့်လှစ်

    မြန်မာ-ထိုင်း သေမင်းတမန်ပြတိုက်သစ် သံဖြူဇရပ်မြို့တွင်ဖွင့်လှစ်

    -

    ဒုတိယကမ္ဘာစစ်အတွင်း ထိုင်းနှင့်မြန်မာနှစ်နိုင်ငံ ဆက်သွယ်ဖောက်လုပ်ခဲ့သော သေမင်းတမန်မီးရထားလမ်း ပြတိုက်သစ်ဖွင့်ပွဲကို မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့၌ ဇန်နဝါရီ ၄ ရက်နေ့ မွန်းလွဲပိုင်းတွင် ကျင်းပခဲဲ့သည်။

    အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအုန်းမြင့် အမှူးပြု၍ ပြတိုက်သစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ရာ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးကျင်ဖေ၊ ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာတိုးတိုးအောင်၊ အရှေ့တောင်တိုင်းစစ်ဌာနာချုပ် တိုင်းမှူးဗိုလ်ချုပ်မျိုးဝင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တလမွန်ကုမ္ပဏီဝန်ထမ်းများ၊ မြို့ခံများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ အင်အား ၃၀၀ ခန့် တက်ရောက်ခဲ့သည်ကို တွေ့ရှိရသည်။

    ဝန်ကြီးချုပ် ဦးအုန်းမြင့်က"ဘဝအလင်းရောင်အတွက်ကို အတိတ်ကနိမိတ်ကိုဆောင်ပြီးတော့ ကျွန်တော်တို့ ရှေ့ကစွန့်လွှတ်သွားတဲ့ ၈ သောင်းကျော်တဲ့ ပြည်သူလူထုရဲ့ဘဝကို မှတ်တမ်းတင်ခြင်း၊ အသိမှတ်ပြုခြင်းအားဖြင့် ဒီပြတိုက်ဖွင့်ပွဲကို အခုလိုတက်ရောက်ရတာ ဂုဏ်လည်းယူပါတယ်"ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

    အဆိုပါသေမင်းတမန်ရထားလမ်းပြတိုက်သစ် တည်ဆောက်ရန် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် အောက်တိုဘာလလယ်တွင် အိတ်ဖွင့်တင်ဒါ ခေါ်ယူခဲ့ကာ တလမွန်ကုမ္မဏီက တင်ဒါ အောင်မြင်ခဲ့ပြီး ဝန်ကြီးချုပ်၏ လမ်းညွန်မှုဖြင့် တည်ဆောက်ခဲ့သည်ဟု တလမွန်ကုမ္မဏီ ဥက္ကဌ ဗညားစန်း ပြောသည်။

    ဗညားစန်း က “ဒီပြတိုက်ကို ဝန်ကြီးချုပ်ရဲ့လမ်းညွန်မှုနဲ့ကျွန်တော်တို့ ဒီလုပ်ငန်းကို လုပ်ဖြစ်တာဖြစ်ပါတယ် ဒီပြတိုက်ကိုလည်းကျနော်တို့အနေနဲ့တရားဝင်တင်ဒါခေါ်ယူပြီးတော့မှ ပြည်နယ်ဝန်ကြီး၊ ပြည်နယ်အစိုးရရဲ့ ကြီးကြပ်မှုအောက်မှာလုပ်ရတဲ့ လုပ်ငန်းဖြစ်ပါတယ်” ဟု ဆိုသည်။

    အဆိုပါပြတိုက်ဝင်းအတွင်း ပထမအဆင့် ပြတိုက်ကြီးအပိုင်း၊ ဒုတိယအဆင့် ပြတိုက်နှင့်ပတ်သက်သည့် ဆက်စပ်ပစ္စည်းလုပ်ငန်းများ ရောင်းဝယ်ရေးဆိုင်ခန်းအပိုင်း၊ တတိယအဆင့် ပြတိုက်နှင့်ဆက်စပ်ပြီး ခရီးသွားဧည့်သည်များ တည်းခိုရန် ဟော်တယ် စျေးဆိုင်ခန်းအပိုင်း အပိုင်း ၃ ပိုင်းခွဲဆောက်လုပ်ထားသည်ဟု သူက ဆက်ပြောသည်။

    အခန်းအနားတွင် မွန်ယဉ်ကျေးမှု အဆိုအကများဖြင့်ဧည့်ခံပြီး ပြည်နယ်အစိုးရအဖွဲ့အပါအဝင် ဧည့်သည်တော်များအား ဂျပန်ခေတ်ရေနွေးငွေ့သုံးမီးရထားဖြင့် ပြတိုက်မှတဆင့် ဝယ်သွန်ချောင်ကျေးရွာရှိ ကွယ်လွန်သွားသူများအတွက် ရည်စူးတည်ထားသည့် ဂျပန်ဘုရားသို့ ပို့ဆောင်ပေးခဲ့သည်။

    သံဖြူဇရပ်မြို့မှ ဘုရားသုံးဆူတောင်ကြားလမ်းကိုဖြတ်ကျော်ပြီး ဘန်ပေါင်မြို့(Ban Pong ထိုင်းနိုင်ငံ) အထိ မိုင် ၂၅၀ ကျော်ရှည်လျားသော မီးရထားလမ်းကို ၁၉၄၂ ခုနှစ် နိုဝင်ဘာလမှ တစ်နှစ်ကြာခန့် ဂျပန်တပ်မတော်က ဖောက်လုပ်ရာတွင် မြန်မာတိုင်းရင်းသားရှစ်သောင်း ၈၀ဝ၀ဝ ကျော်၊ မဟာမိတ်တပ်ဖွဲ့ဝင် ၁၀ဝ၀ဝ ကျော်တို့ အသက်ဆုံးရှုံးခဲ့သဖြင့် သေမင်းတမန်ရထားလမ်းအဖြစ် ထင်ရှားခဲ့ခြင်း ဖြစ်သည်။

    အဆိုပါ မီးရထားလမ်း ဖောက်လုပ်ပြီးစီးသည့် အထိမ်းအမှတ်ပွဲကို ၁၉၄၃ အောက်တိုဘာ ၂၅ တွင် ကျင်းပခဲ့သည်ဟု သမိုင်းမှတ်တမ်းများ၌ ဖော်ပြထားသည်။

    အလားတူ သံဖြူဇရပ်မြို့တွင် သေမင်းတမန် မီးရထားလမ်း ဖောက်လုပ်ခဲ့ခြင်း အထိမ်းအမှတ်ပြတိုက်အပြင် မဟာမိတ် စစ်သင်္ချိုင်းတစ်ခုလည်းတည်ရှိပြီး ဒုတိယကမ္ဘာစစ်အတွင်း ကျဆုံးခဲ့သည့် အင်္ဂလိပ်၊ ကနေဒါ၊ သြစတြေးလျ၊ နယူးဇီလန်၊ အိန္ဒိယ၊ မြန်မာ၊ မလေးရှား၊ နယ်သာလန် စသည့်နိုင်ငံများမှ စစ်သည် ၃၆၁ရ ဦး အတွက် အရိုးပြာများကို မြူပ်နှံထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,300SubscribersSubscribe
    spot_img

    Latest posts