spot_img
Sunday, January 18, 2026
More
    spot_img
    Home၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၁၅ ရွေးကောက်ပွဲ သတင်းမုဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း နိုင်မြရှိန် ကွယ်လွန်

    မုဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း နိုင်မြရှိန် ကွယ်လွန်

    -

    လွတ်လပ်သော မွန်သတင်းအေဂျင်စီ
    အောက်တိုဘာ ၃၁

    IMG_0661မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ မုဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်အရွေးခံမည့် အသက် (၆၁) နှစ်ရှိ နိုင်မြရှိန် သည် အောက်တိုဘာလ ၂၈ ရက်နေ့အကူး နံနက်တွင် အသည်းကင်ဆာရောဂါဖြင့် မုဒုံမြို့နယ်၊ ကမာဝက်မြို့ရှိ ၎င်း၏

    နေအိမ်တွင် ကွယ်လွန်ခဲ့သည်။

    ရွေးကောက်ပွဲ ကျင်းပရန် ဆယ်ရက်တာအလိုကာလတွင် ကွယ်လွန်သွားသည့်အတွက် “သူ့ဆန္ဒ ပြည့်မသွားခဲ့ဘူး” ဟု ဇနီးဖြစ်သူ မိစွန်းအောင် က ပြောသည်။

    နှစ်လတာ ရွေးကောက်ပွဲ စည်းရုံးရေးကာလအတွင်း ရောဂါဝေဒနာကြောင့် ရန်ကုန်တွင် တက်ရောက်ကုသနေရသဖြင့် စည်းရုံးရေး မဆင်းနိုင်ခဲ့သည်မှာ တစ်လခွဲခန့် ရှိပြီ ဖြစ်သည်ဟု နိုင်မြရှိန်၏ ကိုယ်စားလှယ် ဖြစ်သည့် နိုင်ချမ်းအိုင်း က ပြောသည်။

    သူက “အစပိုင်းမှာ နှစ်နေရာ သုံးနေရာလောက် စည်းရုံးရေး ဆင်းသေးတယ်။ ကျန်းမာရေးကြောင့် ရန်ကုန်မှာ သွားကုနေတာနဲ့ စည်းရုံးရေး မဆင်းနိုင်တော့ဘူး” ဟု ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ မုဒုံမြို့နယ် အမှတ် (၆) မဲဆန္ဒနယ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း မိသဇင်ထွေး က “ပြိုင်ပွဲဝင်ရင် အနိုင်အရှုံး သိချင်တယ်လို့ သူဆေးရုံမှာ ရှိတုန်းက ကျွန်မတို့ကို ပြောသေးတယ်။ ဆယ်ရက်လောက်ပဲ လိုတော့တာ၊ အဖြေကို သူမသိသွားရှာဘူး” ဟု ပြောသည်။

    နိုင်မြရှိန်သည် မွန်ပြည်နယ် ယဉ်ကျေးမှုအဖွဲ့တွင်လည်းကောင်း၊ မွန်တေးဂီတ အဆိုတော်တစ်ဦး အဖြစ်လည်းကောင်း၊ မုဒုံမြို့နယ် မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့တွင်လည်းကောင်း၊ ဒေသတွင်း ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပရဟိတလုပ်ငန်းများတွင်လည်းကောင်း လှုပ်ရှားဆောင်ရွက်ခဲ့သူတစ်ဦး ဖြစ်ကြောင်း ၎င်းနှင့် ရင်းနှီးသူများထံမှ သိရသည်။

    ကွယ်လွန်ချိန်တွင် ဇနီး မိစွန်းအောင်နှင့် သားသမီး ၄ ဦး ကျန်ရစ်သည်။

    20151028_142547နိုင်မင်းမြရှိန် ကွယ်လွန်သွားသည့်အတွက် မုဒုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းနေရာတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဒေါ်အိအိအေး၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီမှ ဦးအောင်မင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ဦးကျော်ကျော်လွင်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးစောထွန်း၊ အမျိုးသားတိုးတက်ရေးပါတီမှ ဦးအောင်ကြည်၊ မွန်အမျိုးသားပါတီမှ မိကျင်သန်း ခေါ် မိလေးမွန်၊ အမျိုးသမီးပါတီ (မွန်) မှ မိမိုးမိုးခိုင် တို့ ဝင်ရောက်ယှဉ်ပြိုင်ကြရမည် ဖြစ်သည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ အထွေထွေအတွင်းရေးမှူး ဒေါက်တာမင်းနွယ်စိုး က “ဒီအတောအတွင်းမှာ ဆုံးသွားလို့ သူ့နေရာ ပြန်အစားထိုးလို့ မရတော့ဘူး။ မွန်လူထုကို အကျိုးပြုမယ့် ကိုယ်စားလှယ်လောင်းတစ်ဦးဦးကို ရွေးချယ်ကြပါ” ဟု ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts