spot_img
Saturday, January 17, 2026
More
    spot_img
    Home၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၁၅ ရွေးကောက်ပွဲ သတင်းမွန်ပြည်နယ်တွင် ပုံစံ (၃-က) ဖြင့် လျှောက်ထားသူ နှစ်သောင်းကျော် မဲပေးခွင့်ရ

    မွန်ပြည်နယ်တွင် ပုံစံ (၃-က) ဖြင့် လျှောက်ထားသူ နှစ်သောင်းကျော် မဲပေးခွင့်ရ

    -

    လက်ရှိနေထိုင်ရာ မွန်ပြည်နယ် မဲဆန္ဒနယ်များတွင် မဲပေးနိုင်ခွင့် ရရှိရန် ပုံစံ (၃-က) ဖြင့် လျှောက်ထားသည့် မူလမဲဆန္ဒနယ်ပြင်ပ ရောက်ရှိနေထိုင်သူ နှစ်သောင်းကျော် ရှိသည်ဟု မွန်ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ရွေးကောက်ပွဲ အရာရှိက ပြောသည်။

    မွန်ပြည်နယ်တစ်ခုလုံးတွင် မဲပေးခွင့် ရှိသူ စုစုပေါင်း ၁၅ သိန်း ၁ သောင်းကျော် ရှိပြီး၊ ၎င်းတွင် ပုံစံ (၃-က) ဖြင့် လျှောက်ထားသူ နှစ်သောင်းကျော်လည်း ပါဝင်သည်။

    မွန်ပြည်နယ် ရွေးကောက်ပွဲ အရာရှိ ဦးဟိဏ်းလင်းထက် က “ပုံစံ (၃-က) ဆိုတာ မွန်ပြည်နယ်မှာ ရွှေ့ပြောင်းလုပ်သားရယ်လို့တော့ မဟုတ်ဘူး။ ရက်ပေါင်း ၁၈၀ အတွင်း နေထိုင်သူတွေလည်း ပါတယ်” ဟု ပြောသည်။

    ပုံစံ (၃-က) ဖြင့် လျှောက်ထားသူ နှစ်သောင်းကျော်အနက် မော်လမြိုင်ခရိုင်တွင် တစ်သောင်းကျော် ရှိပြီး၊ သထုံခရိုင်တွင် တစ်သောင်းခန့် ရှိကြောင်း သိရသည်။

    မော်လမြိုင်ခရိုင် ၆ မြို့နယ်အနက် မော်လမြိုင်မြို့နယ်တွင် ၄၀၀၀ ကျော်၊ ချောင်းဆုံမြို့နယ် ၇၁၉ ဦး၊ မုဒုံမြို့နယ် ၁၅၇၁ ဦး၊ ရေးမြို့နယ် ၂၅၉၂ ဦး၊ ကျိုက်မရောမြို့နယ် ၂၀၂၀ ဦး ရှိသည်ဟု သက်ဆိုင်ရာ မြို့နယ်ကော်မရှင် အဖွဲ့ခွဲရုံးများထံမှ သိရသည်။

    သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ မွန်ပြည်နယ်သို့ လာရောက်လုပ်ကိုင်ကြသူများအနက် ရေးမြို့နယ်ရှိ ရွှေ့ပြောင်းလုပ်သားများအနေနှင့် အချို့မှာ အထောက်အထား မခိုင်လုံခြင်းကြောင့် မဲပေးခွင့် ရရှိရန် အခက်အခဲ ရှိနေပြီး၊ ၎င်းတို့မှာ မဲပေးခြင်းဆိုင်ရာ အသိပညာကိုလည်း သိရှိနားလည်မှု နည်းပါးကြကြောင်း ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်းအချို့က ပြောသည်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရေးမြို့နယ် မဲဆန္ဒနယ် အမှတ် (၈) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်း ဦးမျိုးဝင်း က “ကျွန်တော်တို့ ရောက်ခဲ့တဲ့နေရာ အတော်များများမှာ ရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ မဲပေးဖို့ ခက်ခဲနေတာ တွေ့ရတယ်။ သူတို့ မဲပေးခွင့်ရဖို့ ကော်မရှင်ပိုင်းနဲ့ အုပ်ချုပ်ရေးပိုင်းက ပူးပေါင်းလုပ်ဆောင်ပေးမှပဲ ရမယ်” ဟု ပြောသည်။

    မွန်ပြည်နယ်တွင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း စသည်တို့မှ လာရောက်သည့် ရွှေ့ပြောင်းလုပ်သား သောင်းချီ ရှိပြီး၊ ရေးမြို့နယ်တစ်ခုတည်းတွင်ပင် ပင်လယ်ငါးဖမ်းလုပ်ငန်း၊ ရာဘာခြံ၊ ဥယျာဉ်ခြံနှင့် အခြားကျပန်းလုပ်ငန်းများ၌ လုပ်ကိုင်နေသည့် ရွှေ့ပြောင်းလုပ်သား ၂ သောင်းကျော် ရှိသည်ဟု ရွေးကောက်ခံ ကိုယ်စားလှယ်များက ခန့်မှန်းတွက်ချက်ကြသည်။

    ပုံစံ (၃-က) ဖြင့် လျှောက်ထားသူများ၏ မဲစာရင်းကို ရွေးကောက်ပွဲမကျင်းပမီ တစ်ပတ်အလိုတွင် သက်ဆိုင်ရာ ရပ်/ကျေးကော်မရှင်ရုံးများတွင် ကပ်ထားပေးမည် ဖြစ်ပြီး နိုဝင်ဘာ ၅ ရက်နေ့မှစကာ မဲဆန္ဒရှင်သက်သေခံ လက်မှတ်များ ထုတ်ပေးသွားမည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts