မေးမြန်းသူ- လယီဂွန်း
မေး- လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အဖြစ် ဘာကြောင့် အရွေးချယ်ခံဖို့ ဆုံးဖြတ်ခဲ့တာလဲ?
ဖြေ- ပြည်သူ့အရေးကိုဆောင်ရွက်ပေးဖို့ အများအကျိုးကိုဆောင်ရွက်ပေးဖို့ ဆန္ဒကငယ်ငယ်ကတည်းကရှိပါတယ်။ နိုင်ငံရေးအပေါ်စိတ်ပါဝင်စားမှုကလည်း ငယ်ငယ်ကတည်းက ကြီးမားပါတယ်။ အခုလိုပါတီစုံဒီမိုကရေစီအခင်းအကျင်းမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ ကိုယ်စားပြုခွင့်ကတော့ နိုင်ငံရေးအရပါဝင်လိုမှုအနေနဲ့ရော၊ ပြည်သူလူထုအကျိုးဆောင်ရွက်ပေးနိုင်မှုနဲ့ပါ ကိုက်ညီတဲ့အတွက် လွှတ်တော်ကိုယ်စားလှယ်လောင်းအနေနဲ့ အရွေးချယ်ခံဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
မေး- အခုလို ကိုယ်စားလှယ်လောင်း တစ်ယောက်အဖြစ် အရွေးချယ်ခံရခြင်းက မွန်လူမျိုးတွေ၊ မွန်ပြည်နယ်သား အတွက် ဘာတွေ အထောက်အကူပြုနိုင်မယ်လို့ ထင်ပါသလဲ?
ဖြေ- ကိုယ်စားလှယ်လောင်းအဖြစ်အရွေးချယ်ခံရရင်တော့ အများကြီးအထောက်အကူပြုနိုင်မှာပါ။ နိုင်ငံရေး၊ စီးပွားရေး၊ အမျိုးသားရေး၊ အမြင် ၃ ရပ်အရလက်ရှိ ဖွဲ့စည်းပုံပါအချက်တွေထဲက နယ်မြေဒေသအတွက် ဘာတွေလုပ်နိုင်မလဲ၊ လုပ်နိုင်တာတွေဦးစွာလုပ်မယ်၊ မလုပ်နိုင်တာတွေကို လုပ်နိုင်အောင်ဖွဲ့စည်းပုံကို ဘာတွေဖြည့်စွက်ပြင်ဆင်ရမလဲ၊ အတတ်နိုင်ဆုံးကြံဆမယ်။ ဥပဒေတွေ ဘာပြင်သင့်လဲ၊ ဘာတွေအသစ်ရေးဆွဲသင့်သလဲ၊ ပြင်သင့်ရင်ပြင်ဖို့တင်ပြရမယ်။ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ အဓိကအကျဆုံးကတော့ မိမိဒေသမှာရှိတဲ့ ပြည်သူလူထုရဲ့အခြေခံလိုအပ်ချက်ဖြစ်တဲ့ လမ်း၊ တံတား၊ စီးပွားရေး၊ သဘာဝဘေးအန္တရယ်၊ ပညာရေး၊ လူမှုရေးတွေ လုံးဝမြတ်ခြေပြတ်လို့မဖြစ်ဘူး ထိတွေ့သိရှိ လိုတာတွေတင်ပြ တောင်းဆို တိုက်ယူပေးနေဖို့လိုပါတယ်။ ဒါတွေဆောင်ရွက်ပေးသွားပါ့မယ်။
မေး- တကယ်လို့ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံရပြီးဆိုပါက မွန်လူမျိုးတွေနဲ့ မွန်ပြည်နယ်သားတွေရဲ့ လိုအပ်ချက်တွေကို အကောင်အထည်ဖော်ပေးနိုင်မယ်လို့ ယုံကြည်ပါသလား?
ဖြေ- အရွေးခံရရင် သေချာတာကတော့ မွန်ပြည်နယ်နဲ့ မွန်လူမျိုးတွေရဲ့ လိုအပ်ချက်တွေကိုအကောင်အထည်ဖော်နိုင်ဖို့ အကြိုးစားဆုံးသူဖြစ်မှာသေချာတယ်။ ကျွန်တော်အရွေးခံမှာတော့ ကျိုက်မရောမြို့နယ် ပြည်နယ်မဲဆန္ဒနယ်အမှတ်၂ ပါ။
လယ်ယာချောင်းမြောင်းပေါတဲ့ဒေသပါ။ စိုက်ပျိုးရေးနည်းပညာတိုးတက်ဖို့ လိုအပ်ပါတယ်။ ရေနက်ကွင်းတွေရှိပါတယ်။ ရေထုတ်နိုင်ခဲ့ရင် စိုက်ပျိုူမြေတွေတိုးလာမှာပါ။ အကြောင်းအမျိုးမျိုူးကြောင့် မအောင်မြင်ခဲ့တဲ့မြစ်ရေတင်စိုက်ပျိုးရေး စီမံကိန်းလဲရှိတဲ့နေရာဖြစ်ပါတယ်။ ပြန်ပြီးသုံးသပ်ဆောင်ရွက်ချင်ပါတယ်။
မေး-အခု ကိုယ်စားလှယ်အဖြစ် အရွေးချယ်ခံမယ့် မဲဆန္ဒနယ်မှာ ဘာတွေလိုအပ်နေတယ်လို့ အန်ကယ် အနေနဲ့ မြင်ပါသလဲ?
ဖြေ- ဘိလပ်မြေစက်ရုံရဲ့ သဘာဝဝန်းကျင်ထိခိုက်မှုကို ထိန်းချုပ်ဖို့နဲ့ ကြံရွယ်နေတဲ့ ကျောက်မီးသွေးဓာအားပေးစက်ရုံစီမံကိန်းကို ဟန့်တားသွားဖို့ရှိပါတယ်။
ပြည်ပကိုသွားရောက်အလုပ်လုပ်ကိုင်မှု များပြားခြင်းနဲ့ မူးယစ်ဆေးဝါးသုံးစွဲမှုတွေကလဲ ဒီဒေသရဲ့ ပြသာနာပါပဲ။
မေး- ဟုတ်ကဲ့ အခုလိုအပ်နေတယ်လို့ ထင်တဲ့ ကိစ္စရပ်တွေကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရပါက ဘယ်ကိစ္စရပ်ကို ပထမဆုံး ဦးစားပေး လုပ်ဆောင်ပေး သွားမယ်ဆိုပြီးတော့ စဉ်းစားထားပါသလဲ ခင်ဗျာ?
ဖြေ- ပထမဆုံးဦးစားပေးလုပ်ဆောင်သွားမှာကတော့ လူထုတွေရဲ့နေ့တဒူဝရင်ဆိုင်နေရတဲ့ စားဝတ်နေရေး၊ သွားလာရေး၊ ပညာရေး အခြေခံလိုအပ်ချက်တွေအနည်းဆုံးဖြစ်ဖို့ အမြန်ဆောင်ရွက်ပေးချင်တယ်။
မေး- နောက်တစ်ခုက မွန်ပြည်နယ်ရဲ့ လိုအပ်ချက်တွေအမျိုးမျိုးထဲက ဘယ်အရာတွေကို လုပ်ကိုင်ဆောင်ရွက်ပေးသွားဖို့ ရှိပါသလဲ?
ဖြေ-စိုက်ပျိုးရေးနည်းပညာ၊ ပြီးရင်အလုပ်အကိုင်အခွင့်အလမ်း၊ ပြီးတော့သဘာဝဝန်းကျင်ထိန်းသိမ်းရေး၊ အမျိုးသားရေး၊ အမြဲတမ်းအပြိုင်မြှင့်တင်နေရမှာကတော့ပညာရေးပေါ့။
မေး- မွန်လူမျိုးတွေအတွက်ကော ဘာတွေ လုပ်ကိုင် ဆောင်ရွက်သွားဖို့ စဉ်းစားထားပါသလဲ?
ဖြေ-မွန်လူမျိုးတွေအတွက်ကတော့ ခိုင်မာတဲ့ မွန်သမိုင်းကျမ်းကြီးတစ်ခုပြုစုချင်တယ်။ မွန်စာပေသင်ကြားရေး ဒီထက်တိုးတက်ချင်တယ်။ ယဉ်ကျေးမှု၊ အနုပညာထိန်းသိမ်းမြှင့်တင်ပေးချင်တယ်။ နောက်ဆုံး မွန်အမျိုးသားနေ့ရုံးပိတ်ရက် ရချင်တယ်။
မေး- မဲဆန္ဒရှင်တွေကို မီဒီယာကနေ ဘာများမှာကြားလိုပါသလဲ?
ဖြေ- မဲဆန္ဒရှင်တွေအတွက်မှာကြားလိုတာက မွန်လူမျိုးနဲ့မွန်ဒေသအတွက် နိုင်ရဲဇော်အလုပ်အကြွေးပြုလျှက်ပါ။ ဒီထက် ပိုးပြီး ထိထိရောက်ရောက်အလုပ်အကျွေးပြုနိုင်ဖို့ မဲဆန္ဒရှင်တွေရဲ့ထောက်ခံအားပေးမှု မရှိမဖြစ်လိုပါတယ်။ ထောက်ခံအားပေးကြပါလို့ပြောလိုပါတယ်။
အမတ်လောင်း ကိုယ်ရေးအကျဉ်း-
အမည်- နိုင်ဇော်မိုး(ခ)နိုင်ရဲဇော်
အလုပ်အကိုင်- အငြိမ်းစား(အရာထမ်း)
ပညာအရည်အချင်း- ဝိဇ္ဇာဘွဲ့ သမိုင်း၊ မဟာဝိဇ္ဇာဘွဲ့(Qualifying)/နိုင်ငံခြားဘာသာတက္ကသိုလ် (U.F.L) အင်္ဂလိပ်ဘာသာ၊
မွေးသက္ကရာဇ်- ၂၃.၁၀.၁၉၆၂
လူမျိုး/ဘာသာ- မွန်/ဗုဒ္ဓ
မှတ်ပုံတင်အမှတ်- ၉ မမ န(နိုင်) ၀၃၅၅၇၈
လက်ရှိနေရပ်လိပ်စာ- ၁၁ အရှေ့တပ်မြေလမ်း၊ ဖက်တန်းရပ်၊ မော်လမြိုင်မြို့
အဖမည်- ဦးသော်ဇင်
ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်- ကျိုက်မရောမြို့နယ်
ယှဉ်ပြိုင်မည့် လွှတ်တော်- ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်(၂)
စစ်ဖက်တွင် ဒုတိယဗိုလ်မှူးကြီးအဆင့်ထိ မြန်မာပြည့်အနှံ့ တိုင်းရင်းသားဒေသများတွင် တိုင်းရင်းသားလူမျိုးများနှင့် ချစ်ခင်ရင်းနှီးစွာ တာဝန်ထမ်းဆောင်ခဲ့။
ရာဇဝင်ထဲကမွန်၊ ဓမ္မစေတီ မျက်ရည် နိုးထလေတော့ ဟံသာဝတီ စသည့် ထင်ရှားသည့် ကဗျာ/သီးချင်းများကို ရေးသားစပ်ဆိုခဲ့။
စာပေဟောပြောပွဲပေါင်းများစွာကို နေရာဒေသများစွာတွင် စာပေဟောပြောခဲ့။ အံဒင်ကျောက်မီးသွေးစက်ရုံ စီမံကိန်းရပ်ဆိုင်းရေး လှုပ်ရှားမှုတွင် ပါဝင်လျက်ရှိပြီး အံဒင်ကို ကယ်တင်ကြကဗျာကို ရေးသားခဲ့။
လူမှုရေး/အမျိုးသားရေးလှုပ်ရှားမှုများ(အကျဉ်း)- မွန်သမိုင်းသုတေသီအနေဖြင့် ပျူနှင့် မွန်အရေးကိစ္စတွင် မွန်တို့နှင့် ပတ်သက်ဆက်နွယ်လာသော ပျူစားတမ်းများ စာတမ်းကို ရန်ကုန်မြို့ ပျူစာတမ်းဖတ်ပွဲ၌ ဖတ်ကြား၍ မွန်တို့ကိုယ်စား တိုက်ပွဲဝင်ခဲ့။
ဓမ္မစေတီခေါင်းလောင်းစာတမ်းအား ရန်ကုန်မြို့ စာတမ်းဖတ်ပွဲ၌ ဖတ်ကြားခဲ့ပြီး၊ သုဝဏ္ဏဘူမိတူးဖော်ရေးဆိုင်ရာဆောင်းပါးများ ရေးသားခဲ့။
မွန်သမိုင်းသုတေသနအသင်း (MHRA) တွဲဘက်အတွင်းရေးမှူး၊ ရှင်စောပုအမျိုးသမီး စွမ်းဆောင်ရှင်အသင်း၏ အကြံပေးပုဂ္ဂိုလ်၊ မွန်အမျိုးသားပါတီတွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်၊ သုတေသနမူဝါဒနှင့် ဖွံ့ဖြိုးတိုးတက်ရေးဌာနမှူးအဖြစ် မွန်အမျိုးသားပါတီဝင် ပါဝင်ဆောင်ရွက်ခဲ့သည်။