Monday, March 23, 2026
More
    spot_img
    Homeသတင်းရန်ကုန် - ထားဝယ်ယာဉ်လိုင်းများ မော်လမြိုင်-ရေးလမ်းပိုင်းအတွင်း တိုက်ခိုက်ခံရ

    ရန်ကုန် – ထားဝယ်ယာဉ်လိုင်းများ မော်လမြိုင်-ရေးလမ်းပိုင်းအတွင်း တိုက်ခိုက်ခံရ

    -

    သေနတ်ထိမှန်ထားသည့်နေရာ(IMNA)
    သေနတ်ထိမှန်ထားသည့်နေရာ(IMNA)
    လွတ်လပ်သော မွန်သတင်းအေဂျင်စီ – ရန်ကုန်မှ ထားဝယ်သို့ ပြေးဆွဲသည့် ခရီးသည်တင် မော်တော်ယာဉ်များ စက်တင်ဘာလ ၁၅ ရက်နေ့ သန်းခေါင်ကျော်အချိန်တွင် မော်လမြိုင် – ရေးလမ်းပိုင်း မိုင်တိုင်အမှတ် ၈၂/၆၊ ရေးမြို့နယ်၊ နှင်းစုံကျေးရွာအနီး၌ တိုက်ခိုက်ခံရပြီး ၂ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် ရန်ကုန် – ထားဝယ်ယာဉ်လိုင်း တာဝန်ရှိများထံမှ သိရသည်။

    ရန်ကုန် – ထားဝယ်ယာဉ်လိုင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက “လမ်းဘေးကနေ သေနတ် ၂ ချက် ဖော်ပြီး ကျွန်တော်တို့ကားကို ရပ်ခိုင်းတယ်။ မကြားလို့ ဆက်မောင်းတဲ့အချိန်မှာ တစ်ယောက်က လမ်းပေါ်ထွက်ပြီး သေနတ်နဲ့ ထပ်ပစ်ပြီးတော့ ရပ်ခိုင်းတယ်။ ခရီးသည်အားလုံး ဆင်းခိုင်းပြီး လမ်းဘေးမှာ မှောက်ခိုင်းတယ်။ ရွှေမလိုချင်ဘူး။ ပါလာတဲ့ပိုက်ဆံတွေ အကုန်ပေးဆိုပြီး တောင်းတယ်” ဟု ပြောသည်။

    အမည်မသိ ပျောက်ကျားဝတ်စုံဝတ်တစ်ဦး၏ ပစ်ခတ်မှုကြောင့် ရွှေပုလဲသီယာဉ်လိုင်းမှ ကား ၁ စီး၊ အန်တီဝင်းယာဉ်လိုင်းမှ ကား ၁ စီး၊ အောင်ရတနာယာဉ်လိုင်းမှ ကား ၂ စီး၊ ကောင်းသစ်စံယာဉ်လိုင်းမှ ကား ၁ စီး၊ လပ်ကီးစတားယာဉ်လိုင်းမှ ကား ၁ စီးနှင့် ရွှေမြင့်မိုရ် ကုန်တင်ယာဉ် ၁ စီး ထိခိုက်ပျက်စီးခဲ့သည်ဟု စုံစမ်းသိရှိရသည်။

    ၎င်းပြင် ရွှေပုလဲသီယာဉ်နောက်လိုက် သိန်းထွန်းအောင်၏ ယာဘက်ပေါင်တွင် ကျည်ဝင်ဒဏ်ရာနှင့် လပ်ကီးစတားယာဉ်မောင်း ကိုမင်းမင်း (ခ) နှုတ်ခမ်းမွေး၏ ဝဲဘက်မျက်ခုံးအောက်မှ ဝဲနားရွက်အထိ သေနတ်ထိမှန် ဒဏ်ရာရရှိခဲ့ကာ၊ ခရီးသည်နှင့် ယာဉ်မောင်းများထံမှ စုစုပေါင်းငွေသား ၆ သိန်းခန့်လည်း ပါသွားခဲ့သည်ဟု သိရှိရသည်။

    လမိုင်းရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးကလည်း “ကား ၇ စီး အပစ်ခံရတယ်။ ဒရိုက်ဘာတစ်ယောက်၊ စပယ်ယာတစ်ယောက် ထိတယ်။ ဒရိုက်ဘာက ရေးဆေးရုံမှာ အတွင်းလူနာအနေနဲ့ တင်ထားတယ်” ဟု ပြောသည်။

    ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ လပ်ကီးစတားယာဉ်ပိုင်ရှင် ဦးခင်အောင်က တရားလိုလုပ်ကာ လမိုင်းမြို့ ရဲစခန်းသို့ တိုင်ကြားထားပြီး၊ ပြစ်မှုပုဒ်မ – ၃၉၄ အရ အမှုဖွင့်အရေးယူဆောင်ရွက်လျက် ရှိကာ၊ နယ်မြေခံတပ်ရင်းမှလည်း လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရသည်။

    နှင်းစုံကျေးရွာသည် လမိုင်းမြို့ရဲစခန်းအပိုင် ဖြစ်ပြီး ကရင်လက်နက်ချအလင်းဝင်အဖွဲ့တစ်ဖွဲ့ အခြေစိုက်နေထိုင်လျှက်ရှိရာ ယခင်ကာလများတွင် ဖြတ်သန်းသွားလည့်မော်တော်ယာဉ်များ ဂိတ်ကြေးပေးဆောင်ရသည့်နေရာတစ်ခု ဖြစ်သည်ဟု မော်တော်ယာဉ်မောင်းသမားများထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,300SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks