spot_img
Saturday, January 17, 2026
More
    spot_img
    Home၂၀၁၅ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၁၅ ရွေးကောက်ပွဲ သတင်းအံဒင်ကျောက်မီးသွေးလျှပ်စစ်စီမံကိန်းတားဆီးမည်ဟု ဒေါက်တာမင်းစိုးလင်း ကတိပေး

    အံဒင်ကျောက်မီးသွေးလျှပ်စစ်စီမံကိန်းတားဆီးမည်ဟု ဒေါက်တာမင်းစိုးလင်း ကတိပေး

    -

    MNP ကိုယ်စားလှယ်လောင်း ဒေါက်တာမင်းစိုးလင်း(Facebook)
    MNP ကိုယ်စားလှယ်လောင်း ဒေါက်တာမင်းစိုးလင်း(Facebook)
    နိုင်စိုင်း – လာမည့် ၂၀၁၅ နိုဝင်ဘာလ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်အဖြစ်ရွေးချယ်ခံရပါက အံဒင်ကျောက်မီးသွေး လျှပ်စစ်စက်ရုံစီမံကိန်းရပ်တန့်ရန် လုပ်ဆောင်မည်ဖြစ်ကြောင်း အံဒင်ဒေသခံ မဲဆန္ဒရှင်များနှင့်

    တွေ့ဆုံရာ၌ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း ဒေါက်တာမင်းစိုးလင်း ကတိပေးခဲ့သည်။

    မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အံဒင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်း၌ ပြီးခဲ့သည့်သြဂုတ်လ ၁၉ ရက်နေ့တွင် ထိုင်းနိုိင်ငံအခြေစိုက် သဘာဝဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ Towards Ecological Recovery and Regional Alliance-TERRA၊ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေးရှင်း HURFOM နှင့် ဒေသခံ ၂၀၀ ကျော်တို့ စစ်တမ်းတစ်ရပ်ကောက်ခံခဲ့သည့်ဆွေးနွေးပွဲသို့ ဒေါက်တာမင်းစိုးလင်း တက်ရောက်စဉ် ကတိပေးပြောကြားခဲ့ခြင်း ဖြစ်သည်။

    ဒေါက်တာမင်းစိုးလင်းက “ဒီကျောက်မီးသွေးသုံးလျှပ်စစ်စက်ရုံစီမံကိန်းကိစ္စကို ကျနော်တို့ မွန်အမျိုးသားပါတီရပ်တည်သလိုပဲ ကျနော့်လည်းလက်မခံဘူး၊ ပြည်သူ့ကိုယ်စားလှယ်ဖြစ်ခဲ့ရင် ပြည်သူဘက်က မားမားမတ်မတ်ရပ်တည်ပြီး မဖြစ်မနေတားဆီးရပါမယ်” ဟု ပြောသည်။

    ထို့အပြင် မိမိအနေဖြင့် နည်းလမ်းမကျသော အစိုးရ၏ပြုမူဆောင်ရွက်ချက်များကို အစဉ်အမြဲ ဆန့်ကျင်ခဲ့သူဖြစ်ကြောင်း သူကဆက်ပြောသည်။

    သို့ရာတွင် ဒေသခံမွန်လူငယ်ခေါင်းဆောင် နိုင်လွန်က “မွန်အမတ်တွေဟာ အမတ်မဖြစ်ခင်မှာ ကတိတွေအမျိုးမျိုးပေးခဲ့တာပဲ၊ အမတ်ဖြစ်သွားတဲ့အခါ လူထုသဘောထားတွေကို မေ့ပျောက်သွားခဲ့တာ ရှိခဲ့တယ်၊ ဒါကိုလည်း ရှင်းပြပေးစေလိုတယ်” ဟု ယင်းဆွေးနွေးပွဲတွင် ဒေါက်တာမင်းစိုးလင်းအား မေးမြန်းခဲ့သည်။

    ထို့နောက် ဒေါက်တာမင်းစိုးလင်းက မိမိပေးထားသောကတိအတိုင်း လုပ်ဆောင်မည့်သူဖြစ်ကြောင်း၊ အတိတ်က မိမိ၏ပြုမူဆောင်ရွက်ချက်များကို လေ့လာသုံးသပ်နိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

    အံဒင်ကျေးရွာအနီးတွင် ၁၂၈၀ မဂ္ဂါဝပ်ထွက်ရှိပြီး အနှစ် ၃၀ လည်ပတ်မည့် ကျောက်မီးသွေးသုံး လျှပ်စစ်စက်ရုံစီမံကိန်းအား မြန်မာနိုင်ငံတော်အစိုးရ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဂျပန်-ထိုင်းဖက်စပ် Toyo Thai ကုမ္ပဏီတို့ ၂၀၁၅ ခုနှစ်၊ ဧပြီလ ၉ ရက်နေ့က Memorandum of Agreement- MoA သဘောတူညီမှုလက်မှတ်ရေးထိုခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် စတင်တည်ဆောက်မည် ဖြစ်သည်။

    အမေရိကန်ဒေါ်လာ ၂ ဒဿမ ၈ ဘီလီယံ(ထိုင်းဘတ်ငွေသန်းပေါင်း ၉၁,၀၀၀ ခန့်) ရင်းနှီးမြှုပ်နှံမည့် ယင်းကျောက်မီးသွေးသုံးလျှပ်စစ်စက်ရုံစီမံကိန်းကြောင့်

    ဒေသရှိ လယ်ယာခြံမြေလုပ်ငန်း၊ ပင်လယ်ငါးဖမ်းတံငါလုပ်ငန်းများ ပျက်စီးမည့်အပြင် ကျန်းမာရေးဆိုးကျိုးဒဏ်များခံစားကြရမည်ကိုလည်း ဒေသခံများ စိုးရိမ်ပူပန်သဖြင့် စီမံကိန်းကန့်ကွက်မှုများ ဆက်လက်ဖြစ်ပေါ်နေသည်။

    အသက် ၄၀ ခန့်ရှိ အံဒင်ရွာသူတစ်ဦးက “ကျမတို့ အံဒင်ရွာသားအားလုံး ဒီကျောက်မီးသွေးစက်ရုံကိစ္စကို နေမထိ ထိုင်မတတ်ဖြစ်ပြီး အရမ်းကိုပဲစိတ်သောက ဖြစ်နေရတယ်၊ ဘယ်သူတွေက ဒီစီမံကိန်းကို ဖိတ်ခေါ်လာသလဲဆိုရင် မွန်အမတ်တွေပဲမဟုတ်ပါလား” ဟု ပြောသည်။

    ၂၀၁၀ ရွေးကောက်ပွဲတွင် မွန်တိုင်းရင်းသားကိုယ်စားပြု မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ရေးမြို့နယ်မဲဆန္ဒနယ်မြေနေရာအားလုံး အနိုင်ရရှိခဲ့သည်။

    သို့ရာတွင် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ၌ AMDP ပါတီနှင့်အပြိုင် မွန်အမျိုးသားပါတီ MNP လည်း ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ရာ ဒေါက်တာမင်းစိုးလင်းက ရေး(၁) ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် စာရင်းပေးသွင်းထားပြီး ဖြစ်သည်။

    ဒေါက်တာမင်းစိုးလင်းသည် ၁၉၉၀ ရွေးကောက်ပွဲ၌ ဇာတိမြေရေးမြို့နယ်တွင် မဲအနိုင်ရရှိခဲ့သူဖြစ်ပြီး မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF(၁၉၈၈) မှ မွန်ဒီမိုကရေစီပါတီ(၂၀၁၂) MDP, မွန်အမျိုးသားပါတီ MNP (၂၀၁၄) သို့ ပါတီနာမည်အဆင့်ဆင့်ပြောင်းလဲလာသည်အထိ ပါတီအထွေထွေအတွင်းရေးမှူးအဖြစ် ၂၆ နှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts