spot_img
Thursday, November 7, 2024
More
    spot_img
    Homeသတင်းရေးမြို့ဟောင်းသမိုင်း သုတေသန စာတမ်းဖတ်ပွဲ မကြာမီကျင်းပမည်

    ရေးမြို့ဟောင်းသမိုင်း သုတေသန စာတမ်းဖတ်ပွဲ မကြာမီကျင်းပမည်

    -

    ရေးမြို့ဟောင်းသမိုင်းစာတမ်းဖတ်ပွဲ ကြေညာဆိုင်းဘုတ်(IMNA)
    ရေးမြို့ဟောင်းသမိုင်းစာတမ်းဖတ်ပွဲ ကြေညာဆိုင်းဘုတ်(IMNA)
    လွတ်လပ်သော မွန်သတင်းအေဂျင်စီ – နှစ်ပေါင်းတစ်ထောင်ကျော် ကြာမြင့်ပြီး တိမ်မြုပ်နေသည့် ရှေးရေးမြို့ဟောင်းသမိုင်းနှင့် သက်ဆိုင်သည်များကို ပြန်လည်ဖော်ထုတ်ရန်အတွက် သုတေသန စာတမ်းဖတ်ပွဲတစ်ရပ်ကို

    သြဂုတ်လ ၂၃ ရက်နေ့တွင် ရေးမြို့၊ မွန်ဓမ္မာရုံ၌ ကျင်းပမည် ဖြစ်ကြောင်း ကျင်းပရေး ကော်မတီထံမှ သိရသည်။

    စာတမ်းဖတ်ပွဲကို မွန်ဘာသာဖြင့် “ပေဲါဗှ်လိက်စံင် သုတေသန ဝင်ဍုင်ရေဝ်တြေံ” မြန်မာဘာသာဖြင့် “ရေးမြို့ဟောင်းသမိုင်း သုတေသန စာတမ်းဖတ်ပွဲ” အင်္ဂလိပ်ဘာသာဖြင့် (Research Paper Reading on Ancient Ye City) ဟု အမည်ပေးထားပြီး မွန်ပြည်နယ် အစိုးရအဖွဲ့ ယဉ်ကျေးမှုဝန်ကြီး ဒေါက်တာမင်းနွယ်စိုး က ဦးစီးကာ ကျင်းပရေးကော်မတီနှင့် ပူးပေါင်းစီစဉ်ခြင်း ဖြစ်သည်။

    ဒေါက်တာမင်းနွယ်စိုး က “ရေးမှာလည်း မြို့ဟောင်း ရှိတယ်။ ဒါကို တူးဖို့ မစဉ်းစားရသေးဘူး။ ဝါခရူမြို့ဟောင်း စာတမ်းဖတ်ပွဲလို လုပ်ရင် ကောင်မလားဆိုပြီး တက္ကသိုလ်က ပညာရှင်ဆရာတွေနဲ့ တိုင်ပင်တော့ သူတို့တွေက အချိန်ယူပြီးတော့ လေ့လာမှုတွေ လုပ်တယ်။ လောလောဆယ် ဖတ်မယ့်စာတမ်းအကြမ်းတော့ ထွက်လာပြီ” ဟု ပြောသည်။

    စာတမ်း ပြုစုရန်အတွက် မော်လမြိုင် တက္ကသိုလ်မှ အငြိမ်းစာ ပါမောက္ခ ဒေါ်ကြင်စွမ်နှင့် ပါမောက္ခများက ၂၀၁၄ ခုနှစ် ဒီဇင်ဘာလမှ ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလထိ ရေးမြို့ဟောင်း သမိုင်းကို သုတေသန ပြုရန်အတွက် ရေးမြို့နှင့် ပတ်ဝန်းကျင်ဒေသများသို့ ၅ ကြိမ် လာရောက်ခဲ့ပြီး ဖြစ်သည်။

    သုတေသနပြုချက်များကို ပညာရှင်များနှင့် တိုင်ပင်ဆွေးနွေးပြီး စာတမ်းပြုစု ဖတ်ကြားရန် ကြိုးစားထားသည်ဟုလည်း ဒေါ်ကြင်စွမ် က ပြောသည်။

    ကျင်းပရေး ကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်ကျော်ဦး က “ရေးမြို့ဟာ သမိုင်းအခိုင်အမာ ရှိတယ်။ ဆရာတော်တွေလည်း သမိုင်းပေမူကနေ ပြန်ရေးထားတာ ရှိတယ်။ ပြန်ဖော်ထုတ်သင့်တယ်” ဟု ပြောသည်။

    ရေးမြို့တွင် မြို့ရိုးနှင့် ကျုံးများကို တွေ့ရှိရသော်လည်း သေချာစွာ တူးဖော် သုတေသန ပြုလုပ်ပြီးမှသာ မြို့ဟောင်းအဖြစ် အတည်ပြုနိုင်မည် ဖြစ်ကြောင်း လာရောက်လေ့လာခဲ့သည့် သမိုင်းသုတေသန ဦးစီးဌာနမှ အငြိမ်းစား လက်ထောက်ညွှန်ကြားရေးမှူး ဦးစံဝင်း က ပြောသည်။

    သမိုင်းမှတ်တမ်းများအရ ရေးမြို့ဟောင်းနှင့် ရှေးဟောင်းကျုံးတော်ကြီးကို ကောဇာသက္ကရာဇ် ၉၄ ခုနှစ်တွင် မာရဒေဝီ မင်းသမီးက ဦးစီးကာ တည်ခဲ့ပြီး သက်တမ်း ၁၃၀၀ ခန့် ကြာမြင့်ပြီ ဖြစ်ကြောင်း သိရသည်။

    စာတမ်းဖတ်ပွဲတွင် မော်လမြိုင် တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ပါမောက္ခ၊ အငြိမ်းစား ပါမောက္ခများနှင့် ပုသိမ် တက္ကသိုလ်မှ ပါမောက္ခတို့က ၎င်းတို့ ပြုစုထားသည့် စာတမ်း (၁၀) စောင်ကို ဖတ်ကြားမည် ဖြစ်သည်။

    စာတမ်းဖတ်ပွဲတွင် ဖတ်ကြားမည့် စာတမ်းများနှင့် ပြုစုဖတ်ကြားသူများစာရင်းမှာ-
    ၁။ ရေးဒေသဆိုင်ရာ ဘာသာရေး ဖွံ့ဖြိုးတိုးတက်မှုများကို လေ့လာခြင်း
    (ဒေါက်တာမြင့်မြင့်သန်း ပါမောက္ခ (အရှေ့တိုင်းပညာဌာန) မော်လမြိုင်တက္ကသိုလ်)

    ၂။ရေးမြို့ဟောင်းသမိုင်းအား ပဏာမ လေ့လာခြင်း
    (ဒေါက်တာခင်မေအောင် ပါမောက္ခ/ဌာနမှူး (သမိုင်းဌာန) မော်လမြိုင် တက္ကသိုလ်)
    (ဒေါက်တာဇော်ဝင်း ကထိက (သမိုင်းဌာန) မော်လမြိုင်တက္ကသိုလ်)

    ၃။ “ရေး” ရှေးမြို့ဟောင်း တည်ထောင်ခဲ့ခြင်းနှင့် စပ်လျဉ်းသည့် ဒေသခံ မွန်လူမျိုးတို့၏ အတွေးအခေါ် အယူအဆ မှတ်တမ်းများ
    (ဒေါက်တာချယ်ရီအောင် ကထိက (အဏ္ဏဝါသိပ္ပံဌာန) မော်လမြိုင်တက္ကသိုလ်)

    ၄။ စာပေထဲက ရေးမြို့ – ရေးမြို့ထဲက စာပေ
    (ဒေါက်တာမော်မော်အောင် တွဲဘက် ပါမောက္ခ (မြန်မာစာဌာန) မော်လမြိုင်တက္ကသိုလ်)

    ၅။ ရေးမြို့နှင့် ရေးမြို့ ပတ်ဝန်းကျင်ဒေသ၏ ဘူမိဗေဒကို လေ့လာတင်ပြခြင်း
    (ဒေါက်တာယဉ်ယဉ်အေး ပါမောက္ခ/ဌာနမှူး (ဘူမိဗေဒဌာန) မော်လမြိုင်တက္ကသိုလ်)
    (ဦးဇော်လွင်ဦး ကထိက (ဘူမိဗေဒဌာန) မော်လမြိုင်တက္ကသိုလ်)

    ၆။ Study on the flora and valuable medical plants in Say-Taung (Kyaik-Dai-Kalot mountain), Ye Township
    (ဒေါက်တာမာလာအောင် ပါမောက္ခ/ဌာနမှူး (ရုက္ခဗေဒဌာန) (မော်လမြိုင်တက္ကသိုလ်)
    (ဒေါက်တာမိုးမိုးခိုင် ကထိက (ရုက္ခဗေဒဌာန) မော်လမြိုင်တက္ကသိုလ်)
    (ဦးမြင့်သူ ကထိက (ရုက္ခဗေဒဌာန) မော်လမြိုင်တက္ကသိုလ်)

    ၇။ ရေးမြို့ ဖွံ့ဖြိုးမှု သဏ္ဌာန်နှင့် ခရီးသွားလုပ်ငန်း ဖြစ်တန်ခြေများ
    ဒေါက်တာ ဒေါ်ကြင်စွမ် ပါမောက္ခ (ငြိမ်း ပထဝီဌာန) မော်လမြိုင်တက္ကသိုလ်)

    ၈။ ရေးမြို့ဝန်းကျင်ရှိ သဘာဝအခြေခံ ခရီးသွားလုပ်ငန်းတွင် တောရိုင်းသတ္တဝါများ၏ အခန်းကဏ္ဍ
    (ဒေါက်တာအေးမိစံ တွဲဖက်ပါမောက္ခ (သတ္တဗေဒဌာန) မော်လမြိုင်တက္ကသိုလ်)

    ၉။ ရေးမြို့နယ် ကမ်းရိုးတန်းဇုံ၏ သယံဇာတ အရင်းအမြစ်များ၊ ယင်းတို့ကို ထုတ်ယူသုံးစွဲမှု အခြေအနေနှင့် ရေရှည်တည်တန့်အောင် ထိန်းသိမ်းဆောင်ရွက်ရန်များ တင်ပြခြင်း
    (ဒေါ်စုစုလှုိင် ကထိက (အဏ္ဏဝါသိပ္ပံဌာန) ပုသိမ်တက္ကသိုလ်)
    (ဒေါက်တာဌေးအောင် (ပါမောက္ခချုပ်) မော်လမြိုင် တက္ကသိုလ်)

    ၁၀။ ရေးမြို့တွင် တည်ထားပူဇော်လျက် ရှိသော ရှေးဟောင်း မွန်ဗုဒ္ဓရုပ်ပွားတော် လေးဆူ၏ ယဉ်ကျေးမှု တန်ဖိုး
    (ဒေါက်တာ နန်းလှုိင် ကထိက (သမိုင်းဌာန) ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်)

    မွန်ပြည်နယ်တွင် ရှေးဟောင်း မြို့များကို အကြောင်းပြု၍ သုဝဏ္ဏဘူမိမြို့ဟောင်း၊ မုတ္တမမြို့ဟောင်း၊ ဝါခရူမြို့ဟောင်း သုတေသနစာတမ်း ဖတ်ပွဲများကို ယခင်နှစ်များတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    30,000SubscribersSubscribe
    spot_img

    Latest posts