spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်တွင် ရေလွှမ်းမိုးမှု လျော့ကျ၊ ရန်ကုန်သို့ မော်တော်ကားများ ပြန်လည်ပြေးဆွဲ

    မွန်ပြည်နယ်တွင် ရေလွှမ်းမိုးမှု လျော့ကျ၊ ရန်ကုန်သို့ မော်တော်ကားများ ပြန်လည်ပြေးဆွဲ

    -

    ကျိုက်ထိုမြို့ကားလမ်းမ-ဇူလိုင် ၃၀ မြင်ကွင်း(Facebook)
    ကျိုက်ထိုမြို့ကားလမ်းမ-ဇူလိုင် ၃၀ မြင်ကွင်း(Facebook)
    လွတ်လပ်သော မွန်သတင်းအေဂျင်စီ -ရေလွှမ်းမိုးခြင်းကြောင့် မွန်ပြည်နယ်မှ ရန်ကုန်သို့ ပြေးဆွဲနေသည့် မော်တော်ကားများ သုံးရက်ခန့် ရပ်နားထားခဲ့ရာမှ ယနေ့တွင် ပြန်လည်ပြေးဆွဲနေပြီ ဖြစ်ကြောင်း ခရီးသွားများထံမှ သိရသည်။

    မိုးသည်းထန်စွာ ရွာသွန်းပြီး၊ တောင်ကျချောင်းရေများ စီးဝင်မှုကြောင့် ဇူလိုင်လ ၃၀ ရက်နေ့မှ စ၍ မွန်ပြည်နယ် မြောက်ဘက်ပိုင်း မြို့နယ်များ ဖြစ်သည့် သထုံ၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ်များရှိ နေရာအချို့နှင့် အဝေးပြေး မော်တော်ကားလမ်းအချို့တွင် ရေလွှမ်းခဲ့ပြီး မော်တော်ယာဉ် ပြေးဆွဲမှုကို ရပ်နားခဲ့ရသည်။

    ယနေ့တွင် မော်လမြိုင်မှ သန်မြန်သူ အဝေးပြေး မှန်လုံမော်တော်ကားဖြင့် ရန်ကုန်သို့ ခရီးထွက်ခဲ့သူ မင်းဗညားအောင် က “ကားစောင့်နေတာ နှစ်ရက်လောက် ရှိပြီ။ ဒီနေ့မှ ကားစပြေးတယ်။ ကျိုက်ထိုဘက်တော့ ရေသိပ်မရှိတော့ဘူး။ ရန်ကုန် ထောက်ကြံ့ဘက်မှာတော့ ရေနည်းနည်း ကြီးသေးတယ်” ဟု ပြောသည်။

    ရေအနည်းငယ် ပြန်ကျသွားပြီး ဖြစ်သော်လည်း စိတ်ချရသည့် အနေအထား မရောက်သေးသည့်အတွက် ကယ်ဆယ်ရေးစခန်းများ ဆက်လက်ဖွင့်ထားလျက် ရှိပြီး၊ ရေဘေးရှောင် ဒုက္ခသည်များ ဆက်လက်ခိုလှုံလျက် ရှိသည်ဟု ကျိုက်ထိုမြို့၊ ကော့စလိုင်ရပ်ကွက် နာရေးကူညီမှုအသင်း ဦးဆောင်သူ ကိုဟန်ဝင်းမြတ် က ပြောသည်။

    သူက “ရေးနည်းနည်း လျော့သွားလို့ ဒီနေ့ ရန်ကုန်တက်တဲ့ ကားတွေ စတင်ပြေးဆွဲနေပြီ။ စခန်းက ဒုက္ခသည်တွေက ပြန်လို့ရမယ့် အနေအထားတော့ မရောက်သေးဘူး” ဟု ပြောသည်။

    လက်ရှိ မွန်ပြည်နယ် ကျိုက်ထိုမြို့၊ ကော့စလိုင်ရပ်ကွက်ရှိ ဘုန်းတော်ကြီးကျောင်းတွင် ရေဘေးရှောင် ဒုက္ခသည် ၉၀၀ ကျော်နှင့် ဇေယျာမွန်ရပ်ကွက်ရှိ စာသင်ကျောင်းတွင် ၄၀၀ ဝန်းကျင် ရှိပြီး အောင်ဇေယျာ၊ အောင်ချမ်းသာ စသည့်အခြားရပ်ကွက်များတွင်လည်း အနည်းငယ် ရှိကြောင်း ကိုဟန်ဝင်းမြတ် က ပြောသည်။

    မွန်ပြည်နယ် ၁၀ မြို့နယ်တွင် သထုံ၊ ဘီးလင်း၊ ကျိုက်ထိုမြို့နယ်များသည် ရေလွှမ်းမိုးမှု အများဆုံး ခံရပြီး ၎င်းအနက် ကျိုက်ထိုမြို့နယ်သည် အဆိုးဆုံး ဖြစ်ကြောင်း ကယ်ဆယ်၊ ကူညီရေး လုပ်သားများက ပြောသည်။

    ကယ်ဆယ်ရေးစခန််းများကို ဇူလိုင် ၃၁ ရက်ကစတင်ဖွင့်လှစ်ခဲ့ရာ ဘီလင်းမြို့တွင် လူဦးရေ ၄၆၀၀ ကျော်နှင့် ကျိုက်ထိုမြို့တွင် ရေဘေးသင့်သူ ၁၅၀၀ ခန့် ကယ်ဆယ်ရေးစခန်း ၂၄ ခုတွင်ခိုလုံလျက်ရှိကြောင်း မွန်ပြည်နယ်၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနမှ သိရသည်။

    ရေများ စတင်ဝင်ရောက်စဉ်ကပင် ဘေးလွတ်ရာသို့ ရွှေ့ပြောင်း ရှောင်တိမ်းစေခဲ့သည့်အတွက် ကျိုက်ထိုမြို့နယ်တွင် ရေဘေးကြောင့် သေဆုံးသူ မရှိကြောင်း၊ ကျန်းမာရေးအတွက် စိုးရိမ်စရာ မရှိကြောင်းနှင့် အခြားပရဟိတအဖွဲ့များကလည်း လာရောက်လှူဒါန်းသည့်အတွက် လက်ရှိတွင် အထောက်အပံ့များ လုံလောက်မှု ရှိကြောင်း ကိုဟန်ဝင်းမြတ် က ပြောသည်။

    ကျိုက်ထိုမြို့နယ်သည် ယမန်နှစ်ရေကြီးသည့်ကာလတွင် အဝေးပြေးလမ်းမသည် ရေ ၃ ပေခန့် နစ်မြုပ်ခဲ့သော်လည်း ယခုနှစ်တွင် တစ်ပေကျော်ခန့်သာ ရှိသည်ဟုလည်း သူက ပြောသည်။

    မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အချို့ဒေသများတွင် ဇူလိုင်လ နှောင်းပိုင်းမှ စ၍ ရေကြီး ရေလှျံမှု ဖြစ်ပေါ်ခဲ့ပြီး ရေဘေးသင့် ဒုက္ခသည်များအတွက် နိုင်ငံတော်မှ ကယ်ဆယ်ရေးနှင့် အထောက်အပံ့များ နှောင့်နှေးလျက် ရှိသည်ဟု လူမှုကူညီရေးအဖွဲ့များက ဝေဖန်ကြသည်။

    လက်ရှိရေဘေးအဆိုးဝါးဆုံးခံနေရသည့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ မကွေး တိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် သဘာဝဘေးဒဏ်ကျရောက်နေသော နေရာဒေသများအဖြစ် အစိုးရက ဇူလိုင် ၃၁ ရက်နေ့က ကြေညာခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks