spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းရေးမြို့ ဗိုလ်ချုပ်ဈေးကို ဖျက်သိမ်းကာ မြို့တော်ခန်းမ တည်ဆောက်မည်

    ရေးမြို့ ဗိုလ်ချုပ်ဈေးကို ဖျက်သိမ်းကာ မြို့တော်ခန်းမ တည်ဆောက်မည်

    -

    ရေးမြို့၊ ဗိုလ်ချုပ်စျေး(IMNA)
    ရေးမြို့၊ ဗိုလ်ချုပ်စျေး(IMNA)
    လွတ်လပ်သော မွန်သတင်းအေဂျင်စီ – လွန်ခဲ့သည့် အနှစ် ၄၀ ကျော်က ဆောက်လုပ်ခဲ့ပြီး၊ ဟောင်းနွမ်း ပျက်စီးနေပြီ ဖြစ်သည့် မွန်ပြည်နယ်၊ ရေးမြို့၊ သီရိနန္ဒာရပ်ကွက်ရှိ ဗိုလ်ချုပ်ဈေးကို ဖျက်သိမ်းကာ ၎င်းနေရာတွင်

    မြို့တော်ခန်းမတစ်ခုကို ဆောက်လုပ်သွားမည်ဟု မြို့နယ် စည်ပင်သာယာရေး ကော်မတီထံမှ သိရသည်။

    ဖျက်သိမ်းမည့်ဈေး၏ တောင်ဘက် မြေနိမ့်ပိုင်းတွင် ဈေးသစ်ကို ပြန်လည် တည်ဆောက်ပေးမည် ဖြစ်ပြီး၊ မူလဆိုင်ခန်းပိုင်ရှင်များနှင့် ပျံကျဈေးသည်များကို ဈေးသစ်တွင် ပြန်လည် နေရာချထားပေးမည်ဟု ရေးမြို့နယ်၊ စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးထွန်းရှိန် က ပြောသည်။

    သူက “မြို့တော်ခန်းမ ဆောက်ဖို့ ဖျက်သိမ်းမယ့် ဗိုလ်ချုပ်ဈေးက ဆိုင်ခန်းပိုင်ရှင်တွေနဲ့ ပျံကျစျေးသည် ၆၀ ဦးခန့်ကို ခုဆောက်မယ့် ဗိုလ်ချုပ်ဈေးသစ်မှာ လက်ရှိအဆင့်အတန်းအတိုင်း အခမဲ့ ပြန်လည်နေရာချထားပေးမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

    ဈေးဟောင်း ဖျက်ပြီး မြို့တော်ခန်းမ တည်ဆောက်ခြင်း၊ ဈေးသစ်နေရာ ပြန်လည်ချပေးခြင်း စီမံကိန်းနှင့် ပတ်သက်၍ ဇူလိုင်လ ၂၁ ရက်နေ့တွင် မြို့နယ် စည်ပင်က ဈေးဆိုင်ရှင်များ၊ မြို့နယ် ကော်မတီဝင်များ၊ အရပ်ဖက် အဖွဲ့အစည်းများအား မြို့နယ ်စည်ပင်ရုံးတွင် ခေါ်ယူဆွေးနွေးခဲ့ပြီး ဈေးဆိုင်ရှင်များကလည်း စီမံကိန်းအပေါ် လက်ခံသဘောတူခဲကြသည်ဟု သိရသည်။

    ဆိုင်ခန်းပိုင်ရှင်တစ်ဦး က “ကိုယ့်ဆိုင်ခန်း အရွယ်အစားအတိုင်း ပြန်ရမယ်ဆိုရင် ကန့်ကွက်စရာ မရှိပါဘူး” ဟု ပြောသည်။

    ၁၉၆၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ရေးမြို့ တစ်မြို့လုံး မီးလောင်ကျွမ်းခဲ့ပြီး၊ ၁၉၇၀ ခုနှစ်၌ မြို့သစ် ပြန်လည်တည်ထောင်ရာတွင် လက်ရှိဗိုလ်ချုပ်ဈေးလည်း ပါဝင်သည်။ ထိုဈေးသည် လွန်ခဲ့သည့် အနှစ် ၂၀ ကျော်ကပင် ယိုယွင်းလျက် ရှိပြီး ပြန်လည်ပြုပြင်မှု မရှိကြောင်း တွေ့ရသည်။

    ငွေကျပ် ၁၁၅၀ သန်း ရှိသည့် မြို့တော်ခန်းမနှင့် စျေးသစ်စီမံကိန်းများအတွက် လုပ်ကိုင်ခွင့် ရရှိမည့်သူကို မွန်ပြည်နယ် အစိုးရက ရွေးချယ်မည် ဖြစ်ပြီး၊ သြဂုတ်လမှ စတင်ကာ ၈ လအတွင်း အပြီးဆောက်လုပ်ရန် လျာထားသည်ဟုလည်း ဦးထွန်းရှိန် က ပြောသည်။

    လက်ရှိ ဗိုလ်ချုပ်ဈေးတွင် ဈေးဆိုင်ခန်း ၂၀ ဝန်းကျင်နှင့် ပျံကျဈေးသည် ၆၀ ခန့် ရောင်းချလျက် ရှိသည်။

    စီမံကိန်း အကောင်အထည်ဖော်မည့် မြေနေရာသည် မြို့နယ်စည်ပင်သာယာရေး ကော်မတီပိုင် မြေများ ဖြစ်ပြီး စီမံကိန်း မစတင်မီ အရပ်ဖက် အဖွဲ့အစည်းများ၊ မွန်ပြည်နယ် စည်ပင်သာယာရေး ဝန်ကြီးနှင့် မွန်ပြည်နယ် စည်ပင်သာယာရေး ကော်မတီတို့ ထပ်မံတွေ့ဆုံ ညှိနှုိင်းသွားမည်ဟုလည်း ဦးထွန်းရှိန် က ပြောသည်။

    ရေးမြို့နယ်၊ စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးထွန်းရှိန် သည် ဇူလိုင်လ ၂၄ ရက်နေ့တွင် နှုတ်ဆက်ပွဲ ပြုလုပ်ကာ လက်ရှိတွင် ရေးမြို့နယ်မှ ပြောင်းရွှေ့သွားပြီ ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks