Homeသတင်းမွန်ပါတီများ မဲဆန္ဒနယ် ၅၀ ကျော်ဝင်ပြိုင်မည်ဟုဆို

မွန်ပါတီများ မဲဆန္ဒနယ် ၅၀ ကျော်ဝင်ပြိုင်မည်ဟုဆို

-

လာမည့် ၂၀၁၅ ရွေးကောက်ပွဲတွင် မွန်နိုင်ငံရေးပါတီများဖြစ်သည့် မွန်အမျိုးသားပါတီ MNP နှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP တို့ မဲဆန္ဒနယ်မြေ ၅၀ ကျော် အသီးသီးဝင်ပြိုင်မည်ဟု ပါတီတာဝန်ရှိသူများထံမှ သိရသည်။

မွန်အမျိုးသားပါတီ MNP အနေဖြင့် ၁၅ မြို့နယ်အတွင်း မဲဆန္ဒနယ်မြေ ၅၇ နေရာရည်ရွယ်ထားပြီး မွန်ပြည်နယ်အပြင် ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးလည်း ပါဝင်သည်ဟု ဆိုသည်။

AMDP
AMDP
MNP
MNP

မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတမက “ မွန်ပြည်နယ်မှာ ကျနော်တို့ ၉ မြို့နယ်ဝင်ပြိုင်မယ်၊ ဘီးလင်းမြို့နယ်မှာ မပြိုင်ဘူး၊ ကရင်ပြည်နယ်မှာတော့ ကြာအင်းဆိပ်ကြီး၊ ဘားအံ၊ ကော့ကရိတ်နှင့် မြဝတီတွေမှာဝင်ပြိုင်မယ်၊ တနင်္သာရီတိုင်းဒေသကြီးမှာဆို ရေဖြူမြို့နယ်နဲ့ ကော့သောင်းမှာဝင်ပြိုင်မယ်” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

ရွေးကောက်ပွဲဝင်ရောက်မည့် ကိုယ်စားလှယ်လောင်းများ ရွေးချယ်အတည်ပြုပြီးသော်လည်း အပြောင်းအလဲရှိနိုင်သေးသည့်အတွက် မကြာမီရက်ပိုင်းအတွင်း အမည်စာရင်းထုတ်ပြန်သွားမည်ဟု သူက ဆက်ပြောသည်။

သို့ရာတွင် လွတ်လပ်သောမွန်သတင်းအေဂျင်စီမှ စုံစမ်းလေ့လာချက်အရ MNP အထွေထွေ အတွင်းရေးမှူး နိုင်လယီတမက သံဖြူဇရပ်မြို့နယ်၊ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲအနိုင်ရရှိသူများ ဖြစ်ကြသော ဒေါက်တာကြည်ဝင်းက မုဒုံမြို့နယ်၊ ဒေါက်တာမင်းစိုးလင်းက ရေးမြို့နယ်၊ နိုင်သောင်းရှိန်က ကော့ကရိတ်မြို့နယ်တို့တွင် အသီးသီးဝင်ရောက်ယှဉ်ပြိုင်ကြမည်ဟု သိရသည်။

အထူးသဖြင့် မွန်အမျိုးသားပါတီမှ အမျိုးသမီးအမတ်လောင်း ၉ ဦးဝင်ပြိုင်မည်ဟု သတင်းထွက်ပေါ် နေသော်လည်း သီးခြားအတည်မပြုနိုင်သေးပေ။

တစ်ဖက်တွင်လည်း မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ AMDP အနေဖြင့် ကိုယ်စားလှယ်လောင်း ၅၀ ဦး ကျော်ဝင်ရောက် ယှဉ်ပြိုင်မည်ဟု တွဲဖက်အတွင်းရေးမှူး (၁) နိုင်စံတင်က လွတ်လပ်သော မွန်သတင်းအေဂျင်စီသို့ ပြောသည်။

“မှန်းထားတာက ၅၀ ကျော်ကျော်လောက်ဝင်ပြိုင်မယ်၊ ဒါပေမယ့် အခုလောလောဆယ်မှာတော့ သေသေ ချာချာ မပြောပြနိုင်သေးဘူး၊ သြဂုတ်လ ၂ ရက်နေ့ကျမှ အတိအကျသိနိုင်မယ်” ဟု နိုင်စံတင်က ပြောသည်။

မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီသည် ၂၀၁၀ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် တည်ထောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲဝင်ခဲ့ရာ လွှတ်တော်အမတ် ၁၆ နေရာအနိုင်ရရှိခဲ့သည်။

၁၉၈၈ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့တွင် စတင်တည်ထောင်ခဲ့သော မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ MNDF သည် ၁၉၉၀ ရွေးကောက်ပွဲဝင်ခဲ့ရာ အမတ် ၅ နေရာအနိုင်ရရှိခဲ့ပြီး နောက်ပိုင်းတွင် တရားဝင်ပါတီအဖြစ်မှ ဖျက်သိမ်းခံလိုက်ရသည်။ သို့သော် ၂၀၁၂ ခုနှစ်တွင် မွန်ဒီမိုကရေစီပါတီ MDP အမည်ဖြင့် ပြန်လည်မှတ်ပုံတင်ခဲ့ပြီး ၂၀၁၄ ခုနှစ်တွင် မွန်အမျိုးသားပါတီအမည်သို့ ပြောင်းလဲခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် မွန်အမျိုးသားကိုယ်စားပြု နိုင်ငံရေးပါတီ ၂ ပါတီဖြစ်နေသည့်အတွက် လာမည့်ရွေးကောက်ပွဲတွင် ထိပ်တိုက်တွေ့ဆုံပြီး မဲများဆုံးရှုံးနစ်နာမှုမဖြစ်ပေါ်စေရန်နှင့် မွန်အမတ်များရရှိစေရေးအတွက် လွတ်လပ်သောမွန်အမျိုးသား ရွေးကောက်ပွဲ အောင်နိုင်ရေးအကျိုးဆောင်အဖွဲ့ M23 က ဒေသခံမွန်သံဃာတော်များ၊ လူငယ်၊ လူမှုအခြေပြုအဖွဲ့အစည်းများ၊ စာပေယဉ်ကျေးမှုအသင်းအဖွဲ့များနှင့်အတူ ကြိုးပမ်းဆောင်ရွက်နေသည်ဟု သိရသည်။

ဆက်စပ်သတင်း

2 COMMENTS

  1. ဘာfontနဲ့ဖတ်​ရင်​ ရမလဲခင်​ဗျား၊ ဖုန်​းနဲ့ဖတ်​လို့မရပါ။

    • Our site using unicode if you want to learn more about Unicode this page may help you
      myanmarunicode

Comments are closed.

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts