spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းအံဒင်ရွာတွင် မီးလောင်မှု ဖြစ်ပွား၊ နေအိမ် ၃ လုံး ပျက်စီး

    အံဒင်ရွာတွင် မီးလောင်မှု ဖြစ်ပွား၊ နေအိမ် ၃ လုံး ပျက်စီး

    -

    001ကျောက်မီးသွေးစက်ရုံ တည်ဆောက်ရန် လျာထားခံရသည့် မွန်ပြည်နယ်၊ ရေးမြို့နယ် အနောက်ဘက် ဖာလိန်ဒေသ၊ အံဒင်ကျေးရွာတွင် ဇွန်လ ၁ ရက် ညသန်းခေါင်ယံအချိန်က မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူနေအိမ် ၃ လုံးနှင့် အိမ်တွင်းရှိ ဒေသထွက်ကုန်ပစ္စည်းများ ဆုံးရှုံးခဲ့ကြောင်း သွားရောက်လေ့လာမှုအရ သိရသည်။

    အံဒင်ကျေးရွာနေ ဦးမြင့်သိန်း ခေါ် ဦးရင်တင် ၏ နေအိမ်မှ မီးစတင်လောင်ကျွမ်းခြင်း ဖြစ်ပြီး၊ ဒေသခံများနှင့် ရေးမြို့မှ မီးသတ်ကားများ၏ ဝိုင်းဝန်းငြိမ်းသတ်မှုကြောင့် ဇွန်လ ၂ ရက်နေ့ နံနက် ၁ နာရီခန့်တွင် မီးငြိမ်းခဲ့သည်ဟု မီးငြိမ်းသတ်ရာတွင် ပါဝင်သူများက ပြောသည်။

    “ရွာသားတွေ ကြိုးစားငြိမ်းသတ်ခဲ့လို့လည်း မီးက ငြိမ်းသွားတာပါ။ ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ မီးစွယ်ကျိုးနေပြီ” ဟု ရေးမြို့မှ မီးသတ်ကားနှင့်အတူ ဝိုင်းဝန်းငြိမ်းသတ်ရာတွင် ပါဝင်သူ ဦးအောင်ခိုင် က ပြောသည်။

    မီးလောင်ကျွမ်းမှုကြောင့် ဦးမြင့်သိန်း၏ နေအိမ်တစ်လုံး၊ ဦးတင်ရှောင်၏ နေအိမ် နှစ်လုံးနှင့် ကွမ်းသီး အလေးချိန် ၆၀ဝ ပိဿာ ဆုံးရှုံးခဲ့ပြီး ကာလတန်ဖိုး ၄၄၈၅၀ဝ၀ (လေးဆယ့်လေးသိန်းကျော်) ကျပ် ရှိကြောင်း မီးသတ်တပ်ဖွဲ့မှ တွက်ချက်ထားသော်လည်း ဒေသခံများကမူ ဆုံးရှုံးမှုတန်ဖိုး ထို့ထက်အဆပေါင်းများစွာ ရှိသည်ဟု ပြောသည်။

    မီးလောင်ကျွမ်းခြင်း ခံရသည့် ဦးတင်ရှောင်၏ သားမက်ဖြစ်သူ နိုင်လယီစိုက်ဒိန်း က မိမိတို့နေအိမ် နှစ်လုံးမှ ကွမ်းသီးခြောက် အလုံး သုံးသိန်းဝန်းကျင်၊ ရွှေ ၂ ကျပ်သား၊ ရွှေဆွဲသီး တစ်လုံးနှင့် ငွေသား ၇ သိန်းကျပ် မီးထဲပါသွားခဲ့ကြောင်း ပြောသည်။

    သူက “ကွမ်းသီး ၃ သိန်းက အချိန် နှစ်ထောင် ဝန်းကျင် ရှိတယ်။ ခုကွမ်းသီးဈေး (တစ်ပိဿာ ငါးထောင်ငါးရာကျပ်) နဲ့ဆို ကွမ်းသီးသက်သက် သိန်းတစ်ရာကျော်တယ်။ တခြား ရွှေတွေ၊ ပိုက်ဆံတွေ၊ အိမ်တွေ ထည့်မတွက်နဲ့ဦး” ဟု ပြောသည်။

    ဦးမြင့်သိန်း၏ နေအိမ် နွားတင်းကုတ်မှ မီးစတင်လောင်ကျွမ်းမှုကြောင့် ၎င်းနေအိမ်၌ အလုပ်လုပ်ကိုင်နေသူ ဦးမောင်ရွှေ အား မီးပေါ့ဆ အသုံးပြုမှုဖြင့် ရေးမြို့မ ရဲစခန်းမှ ဖမ်းဆီးစစ်ဆေးလျက် ရှိကြောင်း သိရသည်။

    လွန်ခဲ့သည့် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလကလည်း အံဒင်ကျေးရွာစွန်ရှိ စပါးကြိတ်စက်တစ်လုံး မီးလောင်ကျွမ်းခဲ့ပြီး ကာလတန်ဖိုး သိန်းတစ်ရာဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts