spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ် တောင်ပိုင်းတွင် ဆယ်ရက်ကြာ တောပိတ်ထားရာမှ ပြန်ဖွင့်ပေး

    မွန်ပြည်နယ် တောင်ပိုင်းတွင် ဆယ်ရက်ကြာ တောပိတ်ထားရာမှ ပြန်ဖွင့်ပေး

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ် တောင်ပိုင်း၊ ခေါဇာမြို့နယ်တွင် ဆယ်ရက်ကြာ တောပိတ်ထားရာမှ မေလ ၂၈ ရက်နေ့တွင် ပြန်ဖွင့်ပေးလိုက်ပြီဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

    “ဒီနေ့ မနက်က တောပြန်ဖွင့်ပြီလို့ ဥက္ကဋ္ဌ (ကျေးရွာအုပ်ချုပ်ရေးမှူး) က ပြောတော့ ခြံပြန်ထွက်ကြတာ စည်နေတာပဲ၊ ပိတ်ထားတာလည်း ဆယ်ရက်ကျော်ပြီ ” ဟု အမည်မဖော်လိုသည့် ရင်းရယ်ကျေးရွာမှ ရွာသားတစ်ဦးက ပြောသည်။

    မေလ ၁၈ ရက်နေ့တွင် ခေါဇာမြို့အနီးတွင် အခြေချသည့် ခလရ (၃၁) တပ်ရင်းမှ ခေါဇာမြို့နယ်ခွဲတွင် ပါဝင်သည့် ကျေးရွာများအား တောမထွက်ရအမိန့်ကို စတင်ထုတ်ပြန်ခဲ့ပြီးနောက် ဥယျာဉ်ခြံရှင် အများစုဖြစ်သည့် ဒေသခံများအနေနှင့် အခက်အခဲများစွာနှင့် ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။

    “ဒီနှစ်က ဒူးရင်းသီးဈေးကောင်းတဲ့နှစ်၊ ဒီအချိန်ကလည်း ဒူးရင်သီး ကျချိန်၊ ဆယ်ရက်ကျော် တောမထွက်ရလို့ ဒူးရင်းသီးတွေ ကြွေပြီး ပုပ်သွားတာ အများကြီးပဲ” ဟု တိုးတက်ရွာသစ်မှ ရွာသားတစ်ဦးက ပြောသည်။တောမထွက်ရအမိန့် ထုတ်ပြန်ရခြင်းမှာ ထိုဒေသတွင် လှုပ်ရှားနေသည့် လက်နက်ချ နိုင်ဗင်းအဖွဲ့မှ ဒုအဖွဲ့ခေါင်းဆောင် မွန်ချမ်း ဦးဆောင်သည့်အဖွဲ့က ခေါဇာမြို့နယ်ခွဲအတွင်း ဆက်ကြေးတောင်းခံထားခြင်းကြောင့် ဖြစ်သည်ဟု တပ်နှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ သိရသည်။

    ရေးမြို့နယ် တောင်ပိုင်းတွင် အလွန်၊ အဆောင်းနှင့် မွန်ချမ်း ဦးဆောင်သည့် လက်နက်ကိုင် အဖွဲ့များက လှုပ်ရှားလျက် ရှိပြီး ဒေသခံများအား မကြာခဏ ပြန်ပေးဆွဲ ဆက်ကြေးတောင်းခံနေသော်လည်း ဒေသတွင်း လှုပ်ရှားသည့် အစိုးရတပ်များနှင့် တစ်ကြိမ်တစ်ခါမျှ တိုက်ပွဲဖြစ်ပွားခြင်း မရှိခဲ့ပေ။

    ၎င်းအပြင် ကိုးမိုင်းအခြေချ ခမရ (၂၉၉) မှ ဒုအရာခံဗိုလ်တစ်ဦး၏ ဇနီး (မကျီးရွာ) ထံမှ ဆက်ကြေးတောင်းခံစာပေါင်း ၁၆၀ ရွက်နှင့် လက်ဝယ်ငွေ သိန်း ၄၀ ကို ခလရ (၃၁) လုံခြုံရေးတပ်မှ မေလ ၅ ရက်နေ့တွင် သိမ်းဆည်းရမိခဲ့ပြီး၊ မေလ ၁၉ ရက်နေ့တွင် ရေးမြို့မ ရဲစခန်းသို့ လွှဲအပ်ကာ ပြစ်မှုဆိုင်ရာပုဒ်မ ၃၈၆ ခြိမ်းခြောက်ငွေတောင်းခံမှုနှင့် အမှုဖွင့်ထားကြောင်း ရေးမြို့မ ရဲစခန်းထံမှ သိရသည်။

    ခေါဇာမြို့နယ်ခွဲအတွင်း ၂၀၁၄ ခုနှစ် နှစ်ကုန်ပိုင်းမှ ၂၀၁၅ ခုနှစ် မေလထိ ပြန်ပေးနှင့် ဓားပြမှုပေါင်း ၇ ခု ဖြစ်ပွားခဲ့ပြီး အားလုံးနီးပါးမှာ နိုင်ဗင်းအဖွဲ့မှ ဒုအဖွဲ့ခေါင်းဆောင် မွန်ချမ်း ဦးဆောင်သည့်အဖွဲ့ ဖြစ်သည်ဟု ဒေသခံ သံဃာတော်များ၏ စာရင်းမှတ်တမ်းတွင် တွေ့ရသည်။

    ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး ဒေသတည်ငြိမ်အေးချမ်းသာယာရေးနှင့် လုံခြုံရေး ကူညီဆောင်ရွက်ပေးရန်အတွက် မေလဆန်းတွင် ဒေသခံဆရာတော် ၁၉ ပါး ဦးဆောင်ကာ အရှေ့တောင်တိုင်း စစ်ဌာနချုပ်သို့ လိပ်မူပြီး စာရေးသား ပေးပို့ထားကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks