Homeသတင်းဒုတိယအကြိမ် မွန်ဒေသလူမှုဖွံ့ဖြိုးရေးနှီးနှောဖလှယ်ပွဲ ကျင်းပမည်

ဒုတိယအကြိမ် မွန်ဒေသလူမှုဖွံ့ဖြိုးရေးနှီးနှောဖလှယ်ပွဲ ကျင်းပမည်

-

ပထမအကြိမ် မွန်ဒေသလူမှုဖွံ့ဖြိုးရေးနှီးနှောဖလှယ်ပွဲ ကျင်းပခဲ့စဉ်(ပိုန်မန်)
ပထမအကြိမ် မွန်ဒေသလူမှုဖွံ့ဖြိုးရေးနှီးနှောဖလှယ်ပွဲ ကျင်းပခဲ့စဉ်(ပိုန်မန်)
ဒုတိယအကြိမ် မွန်ဒေသလူမှုဖွံ့ဖြိုးရေး နှီးနှောဖလှယ်ပွဲ (2nd Mon Area Social Development Seminar) ကို မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ပုပ္ဖဝတီရွာရှိ (ကျိုက်ဒေးတမော့ဗရတ်) ၌ လာမည့် မေလ ၁၄ – ၁၆ ရက်နေ့တွင် ၃ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ် မွန်ဒေသလူမှုဖွံ့ဖြိုးရေး နှီးနှောဖလှယ်ပွဲကို မွန်လူမှုအဖွဲ့အစည်းများကွန်ယက် (Mon Civil Society Network) မှ ဦးစီး ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဒုတိယအကြိမ် မွန်ဒေသလူမှုဖွံ့ဖြိုးရေး နှီးနှောဖလှယ်ပွဲ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ နိုင်အောင်သန်းလွင်က “ပထမအကြိမ်ကိုတော့ ကျနော်တို့ ကမာဝက်မြို့မှာ တစ်ကြိမ်းကျင်းပခဲ့ပြီးပြီး၊ အခု ဒုတိယအကြိမ်အနေနဲ့ ကျင်းပတာ ဖြစ်ပါတယ်၊ ကျနော်တို့ မွန် CSO၊ CBO တွေ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ အဆက်အသွယ်တွေရလာကြပြီး လူမှုရေးမှာရော၊ နိုင်ငံရေးမှာရော၊ ဖွံ့ဖြိုးတိုးတက်ရေးမှာရော အများကြီး အထောက်အကူပြုစေပါတယ်” ဟု ဆိုသည်။

အဓိက မွန်လူမျိုးများ အခြေချနေထိုင်သည့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးရှိ မွန်လူထုအခြေပြုအဖွဲ့အစည်းများအားလုံး တစ်ဖွဲ့နှင့် တစ်ဖွဲ့ ဆက်သွယ်နိုင်ကြမည်ဖြစ်ကြောင်း၊ ယခု ဒုတိယအကြိမ်ကို မွန်လူမျိုးအများစု နေထိုင်သည့် ရေးမြို့နယ်ကို Network မှ သဘောတူ ရွေးချယ်ပြုလုပ်ခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

ဒုတိယအကြိမ် မွန်ဒေသလူမှုဖွံ့ဖြိုးရေး နှီးနှောဖလှယ်ပွဲတွင် လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေများ၊ အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ကိစ္စရပ်များ၊ ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် မွန်လူမျိုးတို့၏ အခြေအနေ၊ မွန်အမျိုးသားပညာရေး၊ အမျိုးသားပညာရေး ဥပဒေကြမ်းနှင့် မိခင်ဘာသာစကားသင်ကြားခွင့်၊ ယနေ့ မွန်လူငယ်များ၏ အခြေအနေနှင့် လူငယ်များ ကြုံတွေ့နေရသည့် ပြဿနာများ၊ မူယစ်ဆေးဝါး တားဆီး နှိမ်နှင်းရေးနှင့် ကာကွယ်ရမည့် နည်းလမ်းများ၊ ဖွံ့ဖြိုးရေးနှင့် ပတ်သက်သည့် Workshop ပြုလုပ်ခြင်း၊ Globalization၊ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုနှင့် သဘာဝပတ်ဝန်ကျင်းကိစ္စရပ်များ၊ မြေယာကိစ္စများ၊ ဒေသဖွံ့ဖြိုးရေးနှင့် မွန်လူမှုအဖွဲ့အစည်းများ၏ အခြေအနေများ၊ မွန်လူမှုအဖွဲ့အစည်းများ၏ မဟာဗျူဟာများရေးဆွဲခြင်း တို့ကို ဆွေးနွေးသွာမည် ဖြစ်သည်။

နိုင်အောင်သန်းလွင်က “ဒီနှီးနှောဖလှယ်ပွဲကို တက်ရောက်လာတဲ့လူတွေအတွက် ကိုယ်ပြောချင်တဲ့ ဆွေးနွေးချင်တဲ့ အချက်တွေကို လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်ဖို့ရယ်၊ ဘာသာစကားနဲ့ ပတ်သက်ပြီးတော့လည်း အနှိမ်ခံထားရတဲ့အတွက် မပြောရဲတာလည်း ရှိနေတယ်၊ ဒါကြောင့် ဒီနှီးနှောဖလှယ်ပွဲမှာ ဆိုရင် ကိုယ့်ရဲ့ မိခင်ဘာသာစကားတွေကို ပြောဆိုဖော်ထုတ်ဖို့၊ အနာဂါတ်ပြည်နယ်အစိုးရမှာ မွန်တွေ ပိုပြီးပါဝင်လာစေဖို့အတွက် ဒီမှာဆွေးနွေးသွားမှာဖြစ်ပါတယ်” ဟု ဆိုသည်။

ယခုပြုလုပ်မည့် နှီးနှောဖလှယ်ပွဲတွင် မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသအသီးသီးရှိ မွန်စာပေနှင့် ယဉ်ကျေးမှုအဖွဲ့၊ မွန်လူငယ်အဖွဲ့များ၊ မွန်လူမှုအဖွဲ့အစည်းများ၊ မွန်နိုင်ငံရေးပါတီများဖြစ်သည့် မွန်ပြည်သစ်ပါတီ၊ မွန်အမျိုးသားပါတီ၊ မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီ၊ ဒေသအတွင်းရှိ လူမှုအခြေပြုအဖွဲ့အစည်းများကို ဖိတ်ကြားသွားမည်ဖြစ်ပြီး တက်ရောက်သူ ၁၅၀ ခန့် ခန့်မှန်းထားကြောင်း သိရသည်။

ပထမအကြိမ် မွန်ဒေသလူမှုဖွံ့ဖြိုးရေး နှီးနှောဖလှယ်ပွဲကို မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်ကျေးရွာ (ယခု ကမာဝက်မြို့) ၌ လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်တွင် ပြုလုပ်ခဲ့စဉ် မွန်လူမှုအဖွဲ့အစည်းများကွန်ယက် (Mon Civil Society Network) ကို ဖွဲ့စည်းနိုင်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts