Friday, March 13, 2026
More
    spot_img
    Homeသတင်းရန်ကုန် နွေရာသီ မွန်စာနှင့်မွန်စကားသင်တန်းသား ၅၀ဝ ကျော် သင်ကြားနိုင်ခဲ့

    ရန်ကုန် နွေရာသီ မွန်စာနှင့်မွန်စကားသင်တန်းသား ၅၀ဝ ကျော် သင်ကြားနိုင်ခဲ့

    -

    မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ(ရန်ကုန်) ဦးစီးပြုလုပ်ခဲ့သည့် နွေရာသီ မွန်စာနှင့် မွန်စကား သင်တန်းတွင် ရန်ကုန်မြို့မှ ကျောင်းသား လူငယ် ၅၀ဝ အား မွန်စာနှင့် မွန်စကား တတ်မြောက်အောင် သင်ကြားပေးနိုင်ခဲ့ကြောင်း ဧပြီလ ၆ ရက်နေ့တွင် ပြုလုပ်ခဲ့သည့် မွန်စာနှင့်မွန်စကား သင်တန်းဆင်းပွဲမှ သိရသည်။

    အဆိုပါ ကျောင်းသားလူငယ် ၅၀ဝ ကျော်အား မြို့နယ် ၁၅ မြို့နယ်တွင် သင်တန်းကျောင်း ၂၂ ခုဖွင့်၍ သင်ကြားခဲ့ကြောင်း မွန်စာပေနှင့်ယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူးနှင့် သင်တန်းဆရာဖြစ်သူ နိုင်စဟိုင်းက ပြောသည်။

    “ကျွန်တော်တို့ က တစ်နှစ်ပတ်လုံး ပေးချင်တယ်၊ ဒါပေမဲ့ ကျောင်းတွေရှိတယ် တချို့ကျတော့ အင်္ဂလိပ်စာသင်တန်းတွေရှိတယ်၊ ဒါကြောင့် ကျောင်းသားရဖို့တော့ အခက်အခဲရှိတယ်”ဟု နိုင်စဟိုင်းက ပြောသည်။

    ရန်ကုန်တွင် မွန်စာနှင့် မွန်စကား သင်တန်းအား ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့ မှ စကာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဧပြီလ ၄ ရက်နေ့တွင် စာမေးပွဲစစ်ကာ ဧပြီလ ၆ ရက်နေ့ တွင် သင်တန်းဆင်းခဲ့သည်။

    ထိုသို့ မွန်စာပေနှင့် စကားအား မွန်လူမျိူးများသင်ကြားနိုင်ခြင်းသည် အသက်ရှင်ဆေး တစ်လက်ဖြစ်ကြောင်း မွန်စာပေနှင့် ယဉ်ကျေးမှု ကော်မတီဥက္ကဌ နိုင်စိုးအောင်က ပြောသည်။

    “ပြည်ထောင်စု အတွင်း အနာဂတ်ကို ပိုင်ဆိုင်ကြသော မွန်လူငယ်များမှ ငြိမ်းချမ်းရေးကို ရှေးရှုပြီး မိမိလူမျိူးအတွက် ရပိုင်ခွင့်များကို ကြိုးစားစေချင်ပါတယ်။မိဘတွေက လည်း မိမိတို့ လူမျိူးမပျောက်အောင် ကာကွယ်ဖို့ ကာကွယ်ဆေးထိုးကြပါလို့ ပြောချင်ပါတယ်”ဟု နိုင်စိုးအောင်က ပြောသည်။

    ရန်ကုန်မြို့တွင် မွန်စာပေနှင့် စကား သင်တန်းများ အား လွန်ခဲ့သော အနှစ် ၃၀ ခန့်က စ၍ သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ်တွင် မွန်စာနှင့်စကား သင်တန်းသားများ ၃၅၀ ဦး သင်တန်း ၁၉ ခုသာရှိခဲ့ရာ ယခုနှစ်တွင် သင်တန်းသား ၅၀ဝ ဦး သင်တန်း ၂၂ အထိ ရှိခဲ့သည်။

    အလားတူ မွန်ပြည်နယ်၊ မုဒုံမြို့နယ် နွေရာသီမွန်စာပေသင်တန်းတွင် တစ်မြို့နယ်အတွင်း စုစုပေါင်း သင်တန်းသား ၈၁၅၀ ဦး၊ ဆရာ ၃၇၀ ဦးပါဝင်ခဲ့ပြီး သင်တန်းဆင်းပွဲကို ဧပြီလ ၁၀ ရက်နေ့တွင် မွန်တေးဂီတဖြင့် ကော့ခပုံကျေးရွာတွင် ကျင်းပမည်ဟုသိရသည်။

    ၁၈ မြို့နယ်ပါဝင်မွန်စာပေနှင့်ဗုဒ္ဓဘာသာ ယဉ်ကျေးမှု သင်ကြားရေးအဖွဲ့(မွန်ဒေသလုံးဆိုင်ရာ)၏ ယခုနှစ်နွေရာသီမွန်စာပေသင်ကြားရေးတွင် သင်တန်းသား ၆၅၀ဝ၀ ဦးကျော်တက်ရောက်လျက်ရှိကြောင်း အထွေထွေအတွင်းရေးမှူး နိုင်မွန်ရာဇာက လွတ်လပ်သောမွန်သတင်းအေဂျင်စီသို့ ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks