spot_img
Sunday, February 1, 2026
More
    spot_img
    Homeသတင်းကဗျာဝကမ်းခြေ အပန်းဖြေစခန်း စီမံကိန်းကြောင့် အိမ်ခြံမြေ အဆ ၅၀ ကျော် တက်

    ကဗျာဝကမ်းခြေ အပန်းဖြေစခန်း စီမံကိန်းကြောင့် အိမ်ခြံမြေ အဆ ၅၀ ကျော် တက်

    -

    ကဗျာဝ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်း စီမံကိန်းကြောင့် မွန်ပြည်နယ်၊ ရေးမြို့နယ် တောင်ပိုင်း၊ ကဗျာဝကျေးရွာရှိ အချက်အချာကျသည့် နေရာများတွင် နှစ်နှစ်အတွင်း အိမ်ခြံမြေဈေးများ အဆ ၅၀ ခန့် မြင့်တက်လာခဲ့သည်ဟု ဒေသခံများ၏ ပြောသည်။

    “လွန်ခဲ့တဲ့ ၂ နှစ်လောက်က ရွာထဲမှာ ပေ ၄၀ x ၁၀ဝ လောက် ရှိတဲ့ မြေကွက်တစ်ကွက်ဟာ ၂ သိန်းကျော်ပဲ ရှိတယ်။ အခု သိန်းရာကျော်နေပြီ” ဟု ကဗျာဝ ကျေးရွာမှ အိမ်ခြံမြေ ရောင်းဝယ်ရေး အကျိုးဆောင် ဦးအောင်ယဉ်ဦး က ပြောသည်။

    ရွာနှင့် အလှမ်းဝေးသည့် နေရာများတွင် ယခင်က တစ်ဧက သိန်း ၃၀ ဝန်းကျင် ရှိရာမှ သိန်း ၁၂၀ ခန့် ဈေးတက်သွားပြီး၊ ဖေဖော်ဝါရီလအတွင်း မွန်ပြည်နယ်နှင့် ရန်ကုန်မှ စီးပွားရေးလုပ်ငန်းရှင် အများအပြား လာရောက်ဝယ်ယူခဲ့သည်ဟုလည်း သူက ပြောသည်။

    “ပြီးခဲ့တဲ့လက အတော်အရောင်းအဝယ် ဖြစ်ခဲ့တယ်။ ဒီရွာက ငွေကြေးချမ်းသာတဲ့ လူတွေလည်း မြေတွေကို ဝယ်ထားတယ်။ ဆင်းရဲတဲ့ လူတွေက ရောင်းပြီး၊ အခြားဈေးနိမ့်တဲ့နေရာမှာ ပြန်ဝယ်ကြတယ်” ဟု သူက ပြောသည်။

    ကဗျာဝကျေးရွာအနီး ရင်းရယ်ရွာမှ ရပ်မိရပ်ဖ ဦးညွန့် ကလည်း “လွန်ခဲ့တဲ့ ငါးနှစ်လောက်ကဆို ကဗျာဝမှာ အိမ်မြေတစ်ကွက် သောင်းဂဏန်းလောက်ပဲ ရှိတယ်။ ကျွန်တော်တို့ဆို အလကားပေးတောင် မယူဘူး။ ခုဆို တံတားလည်းပြီး၊ အပန်းဖြေစခန်းလည်း ဆောက်မယ်ကြားလို့ ခုလို သိန်းရာချီ တက်သွားတာ” ဟု ပြောသည်။

    ရေးမြို့ တောင်ဘက် ၁၇ မိုင်ခန့် အကွာ၊ ခေါဇာမြို့ အနောက်ဘက် ကဗျာဝကျေးရွာအနီးမှ တောင်ဘက် မန်ကျည်းချောင်းဝထိ အရှည် ၈ မိုင်ခန့်ရှိ ပင်လယ်ကမ်းခြေတစ်လျှောက်တွင် ပင်လယ်ကမ်းခြေ အပန်းဖြေစခန်း တည်ဆောက်ရန်အတွက် ရန်ကုန်အခြေစိုက် Aurum Company Limited ကုမ္ပဏီက မွန်ပြည်နယ် အစိုးရနှင့် ညှိနှိုင်းသဘောတူညီမှု ရရှိထားပြီး၊ ကနဦး အမေရိကန်ဒေါ်လာ ၁၂ သန်း ရင်းနှီးကာ ၂၀၁၅ ခုနှစ်အတွင် စတင်အကောင်အထည်ဖော်မည် ဖြစ်သည်။

    စီးပွားရေး လုပ်ငန်းရှင်များက စီမံကိန်း အကောင်အထည်ဖော်ရန် လျာထားသည့် မြေယာများကို ခြံရှင်များထံမှ ဈေးကောင်းပေး လက်ဦးမှု ယူပြီး ဝယ်ယူထားခြင်းကြောင့် ကုမ္ပဏီအနေနှင့် စီမံကိန်းမြေနေရာ ရရှိရေးသည် အဓိက ပြဿနာတစ်ရပ် ဖြစ်သည်ဟု ကုမ္ပဏီ၏ မန်နေးဂျင်း ဒါရိုက်တာ ဦးဌေးသွင် က ပြောသည်။

    မြေဈေးကြီးမြင့်မှုနှင့် ပတ်သက်၍ ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီမှ တာဝန်ရှိသူများက သက်ဆိုင်ရာ ပြည်နယ်အစိုးရအဖွဲ့၊ မြို့နယ် တာဝန်ရှိသူများ၊ ဒေသခံများနှင့် ညှိနှိုင်းလုပ်ဆောင်သွားမည်ဟုလည်း သူက ပြောသည်။

    ဟိုတယ်ဇုန်နှင့် ခရီးသွားလုပ်ငန်းကို အခြေခံသည့် အဆိုပါ ပင်လယ်အပန်းဖြေစခန်း စီမံကိန်းတွင် အဆင့်မြင့် အခန်း ၁၂၀ အပါအဝင် ဘန်ဂလိုများ၊ ဧည့်ခန်း၊ စားသောက်ခန်းများ၊ ရေကူးကန်များ၊ ဟိုတယ်ရုံးခန်းများ၊ ဝန်ထမ်းအိမ်ရာများနှင့် ကားရပ်နားရန် နေရာများ ပါဝင်မည်ဟု ကုမ္ပဏီ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

    ကုမ္ပဏီအနေနှင့် မွန်ပြည်နယ် အစိုးရ ခွင့်ပြုချက်ဖြင့် ၂၀၁၄ ခုနှစ်၊ ဧပြီလမှ စတင်ကာ စီမံကိန်းဒေသသို့ သွားရောက်စမ်းသပ်လေ့လာမှုများ ပြုလုပ်ခဲ့ပြီး၊ ဇူလိုင်လတွင် ပြည်နယ်အစိုးရသို့ အစီရင်ခံစာ တင်သွင်းကာ သက်ဆိုင်ရာဝန်ကြီးများနှင့်လည်း ဆွေးနွေးခဲ့သည် ဆိုသည်။

    စီမံကိန်းနှင့်အတူ ဒေသဖွံ့ဖြိုးရေးအတွက် ကျေးရွာချင်းဆက် လမ်းများ အဆင့်မြှင့်တင်ရေး၊ အဆင့်မီ ကျန်းမာရေးဌာန၊ ကျေးလက်စာကြည့်တိုက်၊ ဒေသခံများ ပါဝင်ရောင်းချနိုင်မည့် အဆင့်မြင့်ဈေးနှင့် ဒေသတွင်း ခရီးသည်တင် ယာဉ်လိုင်းငယ် ပြေးဆွဲနိုင်ရေး စသည်တို့ကိုလည်း ဆောင်ရွက်သွားမည်ဟုလည်း သူက ပြောသည်။

    ကုမ္ပဏီအနေနှင့် ရေရှည်မျှော်မှန်းချက်ထားက ပြည်တွင်းပြည်ပရှိ ရင်းနှီးမြှုပ်နှံသူများအား ဖိတ်ခေါ်ပြီး ရလဒ်ကောင်းများ ရရှိလာပါက အထပ်မြင့် အဆောက်အဦများ၊ သဘာဝ ခရီးသွားလုပ်ငန်းများ၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ပင်လယ်ကမ်းခြေ သုတေသနလုပ်ငန်းများ၊ မီးခိုးတိတ် အစိမ်းရောင်စက်ရုံ အလုပ်ရုံ အစုအဖွဲ့ဇုန်များနှင့် ဒေသခံ တိုင်းရင်းသားများ၏ စာပေ ယဉ်ကျေးမှု ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားရန် စီစဉ်ထားသည်ဟု ကုမ္ပဏီ တာဝန်ရှိသူများက ပြောသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks