Homeသတင်းနှစ်ကရင်ကျေးရွာဈေးဆိုင် မီးလောင်မှုဖြစ်ပွား

နှစ်ကရင်ကျေးရွာဈေးဆိုင် မီးလောင်မှုဖြစ်ပွား

-

ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ၊ နှစ်ကရင်ကျေးရွာတွင် ဖေဖော်ဝါရီလ ၂၁ ရက်နေ့ညက မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ရာမှ ကိုယ်ထူကိုယ်ထဈေးရှိ ဆိုင်ခန်း ၂၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ရွာခံများ၏ ပြောပြချက်အရ သိရသည်။

“အထည်ဆိုင်တွေ၊ စက်ဘီးဆိုင်တွေ ပါသွားတယ်။ နှစ်ကရင်နဲ့ ရေး၊ မော့ကနင်၊ အနင်းရွာက မီးသတ်ကားတွေ ဝိုင်းသတ်ကြလို့ အားလုံး မလောင်တာ” ဟု ရွာရပ်မိရပ်ဖ ဦးစံရ က ပြောသည်။

ရေးမြို့နယ်၊ မီးသတ်ဦးစီးဌာန၏ အဆိုအရ ဆိုင်ခန်း ပိုင်ရှင်တစ်ဦး ဖြစ်သည့် ဒေါ်ချောလှ (ခ) ဒေါ်တင်လှ ၏ ဆိုင်ခန်းမှ ည ၈ နာရီ ၃၅ မိနစ်တွင် စတင်လောင်ကျွမ်းခဲ့ပြီး၊ ၉ နာရီ ၅ မိနစ်တွင် မီးညွန့် ကျိုးကာ၊ ည ၉ နာရီ ၂၀ မိနစ်တွင် ငြိမ်းသတ်နိုင်ခဲ့သည်။

ရေးမြို့နယ်၊ မီးသတ်ဦးစီးမှူး ဦးသန်းထိုက် က “မီးဖို မီးကြွင်းမီးကျန်က စလောင်တာပါ” ဟု ပြောသည်။

မီးလောင်ကျွမ်းမှုကြောင့် ဈေးအတွင်းရှိ ဆိုင်ခန်းပေါင်း ၄၀ အနက် ၂၂ ခန်းမှာ ပျက်စီးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၁,၉၃၆,ဝ၀ဝ ကျပ် (တစ်ဆယ့်ကိုးသိန်းကျော်) ရှိသည်ဟု မီးသတ်ဦးစီးဌာနက တွက်ချက်ထားသော်လည်း ရွာခံများကမူ သိန်း ၇၀ ကျော် ဆုံးရှုံးမှု ရှိသည်ဟု ဆိုသည်။

မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲတို့က မီးလောင်ရာသို့ သွားကာ အနီးကပ်ကြီးကြပ်ခဲ့ပြီး၊ သန္ဓေတပ်ဖွဲ့ဝင် ၁၀ ဦး၊ အရန်မီးသတ် ၃၅ ဦးဖြင့် စုပေါင်း ငြိမ်းသတ်ခဲ့သည်ဟု မီးသတ်ဦးစီးဌာနက ပြောသည်။

မီးလောင်မှုနှင့် ပတ်သက်ပြီး ဒေါ်ချောလှ (ခ) ဒေါ်တင်လှ (၅၁) နှစ်အား ပ – ၃/၂၀၁၅ ပြစ်မှုပုဒ်မ ၂၈၅ အရ လမိုင်းမြို့ ရဲစခန်းမှ အမှုဖွင့်ကာ စစ်ဆေးလျက် ရှိကြောင်း သိရသည်။

အလားတူ ဇန်နဝါရီလ ၁၂ ရက် ညသန်းခေါင်အချိန်တွင်လည်း ရေးမြို့၊ အဏ္ဏဝါရပ်ကွက်၊ တနင်္သာရီလမ်းမကြီးပေါ်ရှိ ဘုရင်မ စားသောက်ဆိုင်မှ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၉,၁၂၅,ဝ၀ဝ ကျပ် (သိန်းကိုးဆယ်ကျော်) ရှိသည်ဟု မြို့နယ်ရဲတပ်ဖွဲ့မှ ခန့်မှန်းတွက်ချက်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts