Homeသတင်းUPWC နှင့် NCCT တို့ ချင်းမိုင်မြို့တွင် အလွတ်သဘောတွေ့ဆုံ

UPWC နှင့် NCCT တို့ ချင်းမိုင်မြို့တွင် အလွတ်သဘောတွေ့ဆုံ

-

ဝန်ကြီးဦးအောင်မင်း ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီအဖွဲ့ UPWC နှင့် နိုင်ဟံသာ ဦးဆောင်သည့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ NCCT တို့ ယမန်နေ့တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ အလွတ်သဘော တွေ့ဆုံခဲ့သည်။

ထိုတွေ့ဆုံမှုတွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ၏ လာမည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်သည့် ၆၈ နှစ်မြောက် ပြည်ထောင်စုနေ့တွင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး သဘောတူညီချက်တရပ် လက်မှတ်ရေးထိုးရေး တောင်းဆိုမှုနှင့် ပတ်သက်၍ အစိုးရဘက်မှ တစ်စုံတရာ အကြောင်းပြန်ခြင်း မရှိသေးကြောင်း NCCT ခေါင်းဆောင် နိုင်ဟံသာက ပြောသည်။

နိုင်ဟံသာက “မနေ့ကတွေ့တဲ့နေရာမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး လက်ခံတယ် လက်မခံဘူးဆိုတာ UPWC က အဆုံးအဖြတ် မပေးနိုင်ဘူး၊ အစိုးရဘက်ကလည်း အပစ်အခတ်ရပ်စဲရေးနဲ့ပတ်သက်ပြီး သဘောတူမှု ရထားတဲ့ ချက်တွေကိုအခြေခံပြီး ငြိမ်းချမ်းရေးရရှိသည့်အထိ အတူတကွကြိုးစားသွားမည်ဆိုသည့် သံန္ဓိဌာန်ချမှတ်တဲ့ လက်မှတ်ရေးထိုးမှု တောင်းဆိုချက် တစ်ခုကို တောင်ဆိုထားပါတယ်၊ ဒါကိုလည်း ကျနော်တို့ဘက်က လက်မခံရသေးပါဘူး” ဟု ဆိုသည်။

ယခုတွေ့ဆုံမှုသည် အလွတ်သဘောတွေ့ဆုံမှုသာဖြစ်ကြောင်း၊ UPWC ဘက်မှလည်း လာမည့် ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်သည့် ပြည်ထောင်စုနေ့ အခမ်းအနား တက်ရောက်နိုင်ရန် ဖိတ်ကြားလွှာပေးပို့ခြင်း၊ ပြည်ထောင်စုနေ့တွင် သဘောတူညီမှု တစုံတရာ လက်မှတ်ရေးထိုးနိုင်ရန် မျှော်လင့်ကြောင်းနှင့် ပြည်ထောင်စုနေ့ နောက်ပိုင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ ပြန်လည်စတင်နိုင်ရန် နည်းလမ်းများရှာဖွေဆွေးနွေးမှုများ ရှိခဲ့ကြောင်း နိုင်ဟံသာက ဆက်ပြောသည်။

ယင်းသို့ အလွတ်သဘောတွေ့ဆုံမှုတွင် UPWC အား ပြည်ထောင်စုဝန်ကြီးဦးအောင်မင်း ၊ဦးခင်မောင်စိုး၊ ဦးခင်ရီနှင် MPC အလုပ်အဖွဲ့ ဦးဆောင်၍ NCCT အဖွဲ့အား နိုင်ဟံသာနှင့် ဖဒိုကွယ်ထူးဝင်းတို့မှဦးဆောင်ကာ ဗိုလ်မှူးစောလုံလုံ၊ ဦးထွန်းဇော်၊ ဗိုလ်မှုးကြီးဆော်မွန်တို့ ဆွေးနွေးခဲ့သည်။

ပြည်ထောင်စုနေ့တွင် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး သဘောတူညီချက် လက်မှတ်ရေးထိုးရန် UNFC ၏ တောင်းဆိုချက်နှင့် ပတ်သက်၍ UPWC အဖွဲ့ ခေါင်းဆောင် ဝန်ကြီး ဦးအောင်မင်းက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၆ ဖွဲ့တို့၏ သဘောဆန္ဒများသည် ထပ်တူထပ်မျှ မဖြစ်ကြောင်း မိမိတို့ အစိုးရဘက်တွင် အဖွဲ့ ၃ ဖွဲ့သာရှိသည့်အတွက် ညှိနှိုင်းရလွယ်ကူကြောင်း အဖွဲ့အစည်းများသည့် တိုင်းရင်းသားဘက်တွင် ညှိနှိုင်းရ ခက်ခဲမှုရှိကြောင်း DVB သတင်းဌာနတွင် ဖော်ပြထားသည်။

UPWC နှင့် NCCT တို့ဆွေးနွေးစဉ်(Nyo Ohn Myint)
UPWC နှင့် NCCT တို့ဆွေးနွေးစဉ်(Nyo Ohn Myint)
နိုင်ဟံသာက “ ကျနော်တို့က တိုင်းရင်းသားများစုဆိုတော့ တစ်ချို့တလေတော့ မတူညီတဲ့ အချက် အနည်းအကျဉ်း တော့ ရှိမှာပဲ၊ အစိုးရဘက်ကလည်း ဒီလိုပဲ လွှတ်တော်ကတမျိုး၊ စစ်တပ်ကတစ်မျိုး မညီညွတ်ကြပါဘူး၊ ကျနော်တို့ဘက်က အခက်အခဲကိုပဲ ဖော်ပြနေလို့မရပါဘူး၊ သူတို့မှာလည်း အလားတူအခက်အခဲတွေရှိနေတာပဲ” ဟု ဆိုသည်။

ထိုသို့ အခက်အခဲများရှိသော်လည်း လာမည့် ပြည်ထောင်စုနေ့ နောက်ပိုင်းတွင် UPWC အဖွဲ့နှင့် NCCT အဖွဲ့တို့ အလွတ် သဘော ထပ်မံတွေ့ဆုံမှုတရပ် ပြုလုပ်သွားမည်ဖြစ်ကြောင်း ထိုမှသာလျှင် ၇ ကြိမ်မြောက် ဆွေးနွေးပွဲ ရက်အတိအကျကို ချမှတ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အလားတူ ဝန်ကြီးဦးအောင်မင်း ဦးဆောင်သော UPWC အဖွဲ့နှင့် RCSS ဥက္ကဌ ဒုတိယဗိုလ်ချုပ်ကြီး ယွက်ဆစ်တို့ ယမန်နေ့ တွင် ချင်းမိုင်မြို့၌ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts