Sunday, April 12, 2026
More
    spot_img
    Homeသတင်းTOYO Thai ထောက်ပံ့ငွေ မွန်အမျိုးသားနေ့ဗဟို လက်မခံ

    TOYO Thai ထောက်ပံ့ငွေ မွန်အမျိုးသားနေ့ဗဟို လက်မခံ

    -

    ဖေဖေါ်ဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် ၆၈ ကြိမ်မြောက်မွန်အမျိုးသားနေ့(ဗဟို) အခမ်းအနားကို ယခုနှစ်တွင် မွန်ပြည်နယ်၊ ရေးမြို့၌ ကျင်းပမည်ဖြစ်ရာ TOYO Thai တိုယိုထိုင်း ကုမ္ပဏီက ငွေကျပ်သိန်း ၁၅၀ ထောက်ပံ့မည်ဟု ကမ်းလှမ်းခဲ့ရာ မွန်အမျိုးသားနေ့ဖြစ်မြောက်ရေးကော်မတီက လက်မခံကြောင်း ကျင်းပရေးကော်မတီဥက္ကဌ ဒေါက်တာမင်းစိုးလင်းက IMNA သို့ပြောသည်။

    ဒေါက်တာမင်းစိုးလင်း က” ကျောက်မီးသွေးသုံးလျှပ်စစ်စက်ရုံကို အံဒင် ဒေသမှာ ဆောက်လုပ်မယ်ဆိုတော့ ဒီဒေသမှာရှိတဲ့ မွန်ပြည်သူတွေအတွက် ရိုက်ခတ်မှုတွေအများရှိလာနိုင်တယ်၊ တိုယိုထိုင်း ကုမ္ပဏီက ငွေသိန်း ၁၅၀ ထောက်ပံ့မယ့်ကိစ္စကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၁ ရက်နေ့က ကော်မတီအဖွဲ့ဝင်တွေအားလုံးနဲ့ တွေ့ဆုံပြီးတော့ ဒီထောက်ပံ့ငွေကိုလက်မခံဘူးဆိုတာ ဆုံးဖြတ်ချက်ချထားပြီးသားပါ ” ဟု ဆိုသည်။

    ထို့ကြောင့် သံဃာတော်များ အံဒင်ဒေသခံများက တိုယိုထိုင်း ကုမ္ပဏီ ထောက်ပံ့ငွေ လက်မခံခဲ့သည့် မွန်အမျိူးသားနေ့(ဗဟို)ဖြစ်မြောက်ရေးကော်မတီအား ဒေသခံပြည်သူများ၏အကျိုးကို စောင့်ရှောက်သည့် ကော်မတီဖြစ်ကြောင်း ဇန်နဝါရီလ ၈ ရက်နေ့က ကျေးဇူးတင်ကြောင်းစာလွှာ ရေးသားပို့ခဲ့သည်ကို လူမှုကွန်ယက် Facebook တွင် ဖတ်ရှုရသည်။

    ထို့အပြင် ပြီးခဲ့တဲ့ဒီဇင်ဘာ ၁၅ ရက်နေ့တွင်လည်း အဆိုပါစက်ရုံစီမံကိန်း ရုပ်ဆိုင်းရေးအတွက် အံဒင်ဒေသခံသံဃာတော်များက မွန်ပြည်နယ်လွှတ်တော်ဥက္က ဌ၊မွန်ပြည်နယ်လျှပ်စစ်စွမ်းအားဝန်ကြီး၊ စီမံကိန်းနှင့်စီးပွားရေးဝန်ကြိးတို့ထံ သွားရောက်တွေ့ဆုံပြီး စီမံကိန်းရပ်တန့်ပေးရန် တောင်းဆိုခဲ့သည်။

    ၆၈ ကြိမ်မြောက်၊ မွန်အမျိူးသားနေ့(ဗဟို) ကျင်းပရေး အထွေထွေအတွင်းရေးမှူး မင်းတင်ရှိန်က” ထောက်ပံငွေပေးမယ်ဆိုတဲ့ကိစ္စကို ပြည်နယ်လျှပ်စစ်စွမ်းအားဝန်ကြီး နိုင်လဝီအောင်ကနေတဆင့် ကျနော်တို့ကို ကမ်းလှမ်းခဲ့တာပါ။ ဒီငွေတွေက ကုမ္ပဏီငွေမဟုတ်ဘူး၊ ဝန်ထမ်းတွေရဲ့ငွေလို့ဆိုတယ်” ဟု ပြောသည်။

    မွန်အမျိုးသားနေ့ကျင်းပနိုင်ရန် လိုအပ်သောရံပုံငွေများကို စီးပွားရေးလုပ်ငန်းရှင်များ၏ စပွန်စာထောက်ပံ့မှုများအပြင် ဒေသခံမွန်တိုင်းရင်းသားတို့၏ အလှူငွေများဖြင့် ပါဝင်ထည့်လှူခဲ့ခြင်း ဖြစ်သည်။

    “အခုလိုထောက်ပံ့ငွေပေးတာဟာ ကျနော်တို့မွန်ပြည်သူတွေအပေါ်မှာတစ်ခုခုကို အမြတ်ထုတ်လိမ့်မယ်လို့ ကျနော်မြင်ပါတယ်၊ ဥပမာ သူတို့ဆီက အလှူထောက်ပံ့ငွေတွေကိုယူမယ်ဆိုရင် ကျနော်တို့က သူတို့ရဲ့အစီအစဉ်ကို ထောက်ခံသလိုဖြစ်နေမှာပေါ့” ဟု ဒေါက်တာမင်းစိုးလင်းက ပြောသည်။

    မွန်အမျိုးသားနေ့ ဗဟိုစင်မြင့်ကို တစ်နှစ်လျှင်မြို့နယ်တစ်ခုစီ အလှည့်ကျကျင်းပခဲ့ရာ ယမန်နှစ် ၆၇ ကြိမ်မြောက် မွန်အမျိူးသားနေ့(ဗဟို) ကို မုဒုံမြို့နယ်၊ ကမာဝက်မြို့၌ကျင်းပခဲ့ပြီး ယခုနှစ် ၆၈ ကြိမ် မြောက်မွန်အမျိူးသားနေ့(ဗဟို) ကို ရေးမြို့၌ ကျင်းပခြင်း ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks