spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းမွန်ကျောင်းဆရာများအား လစာပံ့ပိုးမည့် ဝင်ငွေတိုးအစီအစဉ် အောင်မြင်မှုရှိ

    မွန်ကျောင်းဆရာများအား လစာပံ့ပိုးမည့် ဝင်ငွေတိုးအစီအစဉ် အောင်မြင်မှုရှိ

    -

    မွန်ဒေသလူမှုဖွံ့ဖြိုးရေးကွန်ရက် (MSDN) နှင့် မွန်အမျိုးသားပညာရေးကော်မတီ MNEC တို့က မွန်အမျိုးသားကျောင်း ဆရာ/ဆရာမများ၏ လစာထောက်ပံ့ရေးအတွက် တစ်ဖက်တလမ်းမှ ဝင်ငွေတိုးလုပ်ငန်းများ အကောင်အထည်ဖော်ခဲ့ရာ အောင်မြင်မှု ရရှိလာကြောင်း ၎င်းအဖွဲ့မှ တာဝန်ရှိသူများက ပြောသည်။

    “မနှစ်က ကျွန်တော်တို့ ကျောင်း ၁၉ ကျောင်းအတွက် ကျပ်သိန်း သုံးရာကျော် မတည်ပေးပြီး
    အစပျိုးစမ်းသပ်လုပ်လာတာ၊ ၁၈ လအကြာမှာ အသားတင်အမြတ်ငွေ သိန်းတစ်ရာ ဝန်းကျင်ရတယ်။ ဆရာဆရာမ ၉၆ ဦးကို လစာပိုပြီး ထောက်ပံ့နိုင်ခဲ့တယ်” ဟု MSDN အတွင်းရေးမှူး နိုင်မင်းမင်းက ပြောသည်။

    ၂၀၁၃ ခုနှစ်တွင် ရေးမြို့နယ်၊ ဖာလိန်ဒေသရှိ အံဒင်ကျေးရွာ အခြေပြု စာသင်ကျောင်းပေါင်း ၇ ကျောင်း အတွက် ငွေကျပ် သိန်း ၁၀ဝ၊ လမိုင်းမြို့နယ်ခွဲ ကော့ဒွတ်ကျေးရွာ အခြေပြု ကျောင်းပေါင်း ၃ ကျောင်း အတွက် သိန်း ၅၀၊ သံဖြူဇရပ်မြို့နယ်ပငကျေးရွာ အခြေပြုကျောင်းပေါင်း ၅ ကျောင်းအတွက် သိန်း ၆၀၊ မုဒုံမြို့နယ် ကမာဝက်မြို့ အခြေပြုကျောင်းပေါင်း ၃ ကျောင်းအတွက် သိန်း ၆၀ နှင့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝင်္ကဘာ အခြေခံပညာ အထက်တန်းကျောင်းအတွက် သိန်း ၅၀မတည်ကာ အစပျိုးလုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။

    ဝင်ငွေတိုးလုပ်ငန်း အစီအစဉ် အကောင်အထည်ဖော်ရေး ကော်မတီ အတွင်းရေးမှူး မင်စံနီ က “ကျွန်တော်တို့က အထောက်အပံ့လိုချင်တဲ့ဒေသက ကျောင်းတွေကို ကွင်းဆင်းလေ့လာတယ်။ သူတို့ လုပ်လိုတဲ့အလုပ်သူတို့ဒေသနဲ့ ကိုက်ညီတဲ့ အလုပ်တွေကို သူတို့ တင်ပြတယ်။ ဖြစ်နိုင်ခြေရှိ မရှိ ကျွန်တော်တို့ သုံးသပ်တယ် ဖြစ်နိုင်တာကို အလှူရှင်တွေဆီ တင်ပေးတယ်” ဟု ပြောသည်။

    ရန်ကုန်မြို့၊ ဗြိတိသျှကောင်စီ၌ အခြေစိုက်သည့် “ပျိုးပင်” နိုင်ငံတကာ ဖွံ့ဖြိုးရေးအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် ဝင်ငွေတိုးလုပ်ငန်းကို စတင်ခဲ့ခြင်း ဖြစ်သည်။

    ယင်းအစီအစဉ်တွင် မတည်ငွေကို ရင်းနှီးကာ ဝင်ငွေရလုပ်ငန်းမှ ဖြစ်ထွန်းလာသည့် အမြတ်အစွန်းကိုသာ သက်ဆိုင်ရာ ကျောင်းများရှိ ဆရာ/ဆရာမများအတွက် သက်ဆိုင်ရာ ကျောင်းကော်မတီက
    ထောက်ပံ့ပေးခြင်း ဖြစ်သည်။

    သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာ ကျောင်းအကျိုးတော်ဆောင် ဥက္ကဋ္ဌ က “မတည်ငွေကို ရင်းပြီးတော့ မနှစ်က သြဂုတ်လကနေ စပြီး ကျွန်တော်တို့ရွာမှာစားပွဲခုံ၊ ကုလားထိုင်တို့ကို အလှူအိမ်၊ မင်္ဂလာဆောင်၊ ရှင်ပြုအိမ်နဲ့ ပွဲလမ်းသဘင်တွေမှာ ငှားရမ်းပေးတယ်။ ဒီနှစ်နိုဝင်ဘာလမှာ စာရင်းချုပ်လိုက်တော့ ဝင်ငွေကျပ်သိန်း ၂၀ ကျော်ရတယ်” ဟု ပြောသည်။

    အလားတူ မုဒုံမြို့နယ်၊ ကမာဝက်ကျေးရွာတွင်လည်း အသားတင် အမြတ်ငွေ ကျပ်သိန်း ၃၀ ဝန်းကျင် ရရှိခဲ့ကြောင်း ကျောင်းကော်မတီအတွင်းရေးမှူး မင်းဘုန်းမြင့် က ပြောသည်။

    သူက “ကျွန်တော်တို့ စာသင်ကျောင်း သုံးကျောင်းက ဆရာ/ဆရာမ ၁၆ ယောက်အတွက် တစ်ယောက်ကို တစ်သိန်းကျော် ကော်မတီကပံ့ပိုးနိုင်ခဲ့တယ်” ဟု ပြောသည်။

    ယခုနှစ် ဒီဇင်ဘာလ ၅ ရက်နေ့တွင်လည်း ထားဝယ်ခရိုင် ရေးချောင်းဖျားရှိ ဝင်ဇင်ကျေးရွာ အခြေပြုကျောင်းပေါင်း ၈ကျောင်းအတွက် ဝင်ငွေတိုးလုပ်ငန်း တိုးချဲ့လုပ်နိုင်ရန် မတည်ငွေ ၁၅၀ သိန်း ထောက်ပံ့ပေးသွားမည်ဟု နိုင်မင်းမင်း က ပြောသည်။

    ယခုနှစ်တွင်လည်း ပင အခြေပြုကျောင်းများအတွက် ၁၇ သိန်း၊ ကမာဝက် အခြေပြုကျောင်းများအတွက် သိန်း ၃၀၊ အံဒင် အခြေပြုကျောင်းများအတွက် သိန်း ၁၀ဝ ထပ်မံပံ့ပိုးပေးခဲ့သည်ဟု သူက ပြောသည်။

    မွန်အမျိုးသား ကျောင်းဆရာများ မြို့နယ်အသင်းကို ၁၉၇၂ ခုနှစ်တွင် ဖွဲ့စည်းခဲ့ပြီး မွန်စာပေကို အတန်းတင်ပညာရေးစနစ်ဖြင့် အဓိက သင်ကြားလာခဲ့ရာမှ ၁၉၈၄-၅၈ ခုနှစ်တွင် ဗဟိုပညာရေးအဖွဲ့ငယ်ကို ဖွဲ့စည်းခဲ့ကာ၁၉၉၃ ခုနှစ်တွင်မွန်ပညာရေးကော်မတီကို ဖွဲ့စည်းခဲ့သည်။

    မွန်အမျိုးသား ပညာရေးဌာန၏ စာရင်းဇယားအရ ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တွင် မွန်အမျိုးသားကျောင်း ၁၄၂ ကျောင်း၊ အစိုးရကျောင်းနှင့် တွဲဖက်သင်ကြားသည့် ကျောင်း ၁၀၇ ကျောင်း၊ ဆရာ/ဆရာမပေါင်း ၈၀ဝ ကျော်နှင့် ကျောင်းသူ/သား ဦးရေသုံးသောင်းကျော် ရှိကြောင်း သိရသည်။

    မွန်အမျိးသားကျောင်းမှ ဆရာ/ဆရာမသည် အလွန်နည်းပါးသည့် လစာဖြင့် ပညာသင်ကြားပေးလျက် ရှိပြီး လက်ရှိတွင် ၎င်းတို့၏လစာငွေမှာ သုံးသောင်းခန့်သာ ရှိကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks