spot_img
Monday, December 15, 2025
More
    spot_img
    Homeသတင်းအခြေခံဥပဒေအခက်အခဲများကိုဖြေရှင်းရန် ၆ ပွင့်ဆိုင် ဆွေးနွေးပွဲကျင်းပမည်

    အခြေခံဥပဒေအခက်အခဲများကိုဖြေရှင်းရန် ၆ ပွင့်ဆိုင် ဆွေးနွေးပွဲကျင်းပမည်

    -

    ဖွဲ့စည်းပုံအခြေအခံဥပဒေပြင်ဆင်ရာ၌ အခက်အခဲဖြစ်နေသည့်အချက်များကို ဖြေရှင်းနိုင်ရန် နိုင်ငံတော် သမ္မတအပါအဝင် ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲကို မကြာမီကျင်းပမည်ဟု မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇) အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဗညားအောင်မိုးက ပြောသည်။

    ကြီး ၆ ကြီး(Internet)
    ကြီး ၆ ကြီး(Internet)
    သူက “ဖွဲ့စည်းပုံဥပဒေပြင်ဆင်ရေးက အထစ်အငေါ့တွေကို ဖြေရှင်းရာမှာ အဆင်ပြေအောင် ညှိနှိုင်းဖို့ပါပဲ၊ လွှတ်တော်မှာရှိတဲ့ တိုင်းရင်းသားများကိုယ်စားလှယ်တွေအားလုံးအထဲမှာမှ ကြီး ၆ ကြီးမှာ ပါဝင်ဆွေးနွေးမယ့် တိုင်းရင်းသားကိုယ်စားနေရာကို ရခိုင်အမျိုးသားပါတီ ဥက္ကဌ ဒေါက်တာအေးမောင်ကို ဒီကနေ့ မနက်ပိုင်းကပဲ လှို့ဝှက်မဲစနစ်နဲ့ ရွေးချယ်လိုက်တာပါ” ဟု လွှတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

    ယင်း ၆ ပွင့်ဆိုင်ဆွေးနွေးပွဲသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်၊ အမျိုးသားဒီမို ကရေစီအဖွဲ့ချူပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရဦးရွှေမန်း၊ အမျိုးသားလွှတ်တော်ဥက္ကဌ ဦးခင်အောင်မြင့်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်နှင့် တိုင်းရင်းသားများအားလုံး၏ကိုယ်စားလှယ် ဒေါက်တာအေးမောင်တို့ ပါဝင် ဆွေးနွေးကြမည် ဖြစ်သည်။

    မွန်အမျိုးသားပါတီ MNP ဥက္ကဌ နိုင်ငွေသိမ်းက “အခုလို ၆ ပွင့်ဆိုင်ဆွေးနွေးပွဲကြီးဖြစ် လာတာဟာ ကောင်းတဲ့လက္ခဏာတစ်ရပ်ဖြစ်တယ်၊ အခုလိုတိုင်းရင်းသားကိုယ်စားလှယ်တွေ လျှို့ဝှက်မဲပေးပြီး ရွေးချယ်တာကလည်း ဖြစ်သင့်ပါတယ်၊ အစိုးရ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နိုင်ငံရေးပါတီတွေပါဝင်တဲ့ သုံးပွင့် ဆိုင်ဆွေးနွေးပွဲလုပ်ဖို့တောင်းတာကလည်း သူတို့ လက်မခံခဲ့ပါဘူး၊ အခုလို ၆ ပွင့်ဆိုင်ဆွေးနွေးပွဲကြီး ကျင်းပဖြစ်လာတဲ့ အတွက် အခြေအနေက တိုးတက်လာတယ်လို့ ပြောလို့ရပါတယ်” ဟု ပြောသည်။

    ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် လွှတ်တော်၊ နိုင်ငံတော်အစိုးရ၊ တပ်မတော်တို့နှင့် တိုင်းပြည်၏ ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် ၄ ပွင့်ဆိုင်ဆွေးနွေးရေးကို လွန်ခဲ့သည့် ၁ နှစ်ကျော်လောက်ကတည်းက တောင်းဆိုလာခဲ့သော်လည်း ထူးခြားမှုမတွေ့ရှိခဲ့ဟု သူက ဆက်ပြောသည်။

    ညီညွှတ်သော တိုင်းရင်းသားလူမျိူးများမဟာမိတ် အဖွဲ့ UNA သဘာပတိအဖွဲ့ဝင် ရခိုင်အမျိုးသားခေါင်းဆောင် ဦးအေးသာအောင်က ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရေးအပါအဝင် ပြည်တွင်းစစ်ရပ်စဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး တိုင်ရင်းသားပြဿနာများအား ထည့်သွင်းဆွေးနွေးမည့် ဆွေးနွေးပွဲဖြစ်သင့်သည်ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA နှင့် ယမန်နေ့ တွေ့ဆုံမေးမြန်းမှုတွင် ပြောကြားခဲ့သည်။

    ဦးအေးသာအောင်က “၆ ပွင့်ဆိုင်ထက်စာရင် တိုင်းရင်းသားတွေဘက်က အရေအတွက်ပိုပြီးတော့ များစေချင်တယ်၊ ဘာကြောင့်လည်း ဆိုတော့ တိုင်ရင်းသားလူမျိူးတွေ နေထိုင်တာ ရ ပြည်နယ်ရှိတယ်၊ ဆိုတော့ ဒီပြဿနာတွေ အားလုံးကိုဖြေရှင်းမယ်ဆိုရင် တစ်ဦးထပ်မက ပါသင့်တယ်၊ နောက်တစ်ချက်က တကယ်ဘဲ တိုင်းရင်းသား ပြဿနာတွေကို ဖြေရှင်းဖို့လိုမယ်၊ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး အပါအဝင် တိုင်းရင်းသားပြဿနာတွေကိုပါ ဖြေရှင်းဖို့လိုမယ်” ဟု ဆက်ပြောသည်။

    သို့ရာတွင် ပြီးခဲ့သည့် အောက်တိုဘာလ ၃၁ ရက်နေ့က နိုင်ငံတော်သမ္မတ၊ လွှတ်တော်ဥက္ကဌ နှစ်ဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချူပ်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တိုင်းရင်းသားပါတီခေါင်းဆောင်အချို့ပါဝင်သည့် ၁၄ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးတစ်ရပ်ပြုလုပ်ခဲ့ရာ ထူးခြားသည်ရလာဒ်များ မတွေ့ရှိခဲ့ရပေ။

    ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးမင်္ဂလာခန်းမ၌ နို၀င်ဘာ ၂၆ ရက် မွန်းလွဲပိုင်းကပြုလုပ်သော ပြည်ထောင်စုအစိုးရအဖွဲ့နှင့် နိုင်ငံရေးပါတီခေါင်းဆောင်များတွေ့ ဆုံပွဲတွင် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ အားလုံးတွင်တာဝန်ရှိကြောင်း သမ္မတဦးသိန်းစိန် အဖွင့်မိန့်ခွန်း၌ ပြောကြားခဲ့သည်ကို သတင်းမီဒီယာများက ဖေါ်ပြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts