Friday, March 13, 2026
More
    spot_img
    Homeသတင်းမွန်လူမျိုးများအကြောင်းစာအုပ်ကို ပြည်နယ်လွှတ်တော်မှ ပြန်လည်ထုတ်ဝေမည်

    မွန်လူမျိုးများအကြောင်းစာအုပ်ကို ပြည်နယ်လွှတ်တော်မှ ပြန်လည်ထုတ်ဝေမည်

    -

    တိုင်းရင်းသား မွန်လူမျိုးများအကြောင်း  စာအုပ်(Copy)
    တိုင်းရင်းသား မွန်လူမျိုးများအကြောင်း စာအုပ်(Copy)
    တိုင်းရင်းသား မွန်လူမျိုးများအကြောင်း သမိုင်းကောက်နုက်ချက်ဆောင်းပါးစာတမ်း စာအုပ်ကို မွန်ပြည်နယ်နေ့နှင့် မွန်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် မွန်ပြည်နယ်လွှတ်တော်မှ ပြန်လည်ထုတ်ဝေသွားမည်ဟု လွှတ်တော်ဥက္ကဋ္ဌ ဦးကျင်ဖေ က ပြောသည်။

    လာမည့် ၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် မွန်အမျိုးသားနေ့နှင့် မတ်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် မွန်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသွားမည် ဖြစ်သည့်အတွက် ပြင်ဆင်မှုများ စတင်ပြုလုပ်နေပြီဖြစ်သည်။

    ဦးကျင်ဖေက “အထိမ်းအမှတ် နှစ်ခုစလုံး အနေနဲ့ ထုတ်မယ်၊ အခုစရိုက်နေပြီ စာအုပ်တွေလည်း လိုက်စုနေတယ်” ဟု ပြောသည်။

    ပြန်လည် ထုတ်ဝေမည့် မွန်လူမျိုးများအကြောင်း စာအုပ်တွင် တိုင်းရင်းသား မွန်လူမျိုးများအကြောင်း သမိုင်းကောက်နုတ်ချက်များ၊ ဆောင်းပါးပေါင်းချုပ်အပြင် မွန်အကြောင်းနှင့် ပတ်သက်သည့် စာတမ်းဖတ်ပွဲများမှ စာတမ်းများ၊ သုဝဏ္ဏဘူမိ စာတမ်းဖတ်ပွဲမှ စာတမ်းများ၊ ၀ါခရူမြို့ဟောင်း စာတမ်းဖတ်ပွဲမှ စာတမ်းများ စသည်တို့ကို ထပ်မံဖြည့်စွက်သွားမည်ဟု သိရသည်။

    လွှတ်တော်ဥက္ကဋ္ဌ ဦးကျင်ဖေ က “ဥပမာ- မွန် မြန်မာ စာပေပေါင်းကူးစာအုပ်က စာအုပ်တစ်အုပ်လုံးကို ကျနော်တို့ မထည့်နိုင်ဘူး စာအုပ်ရဲ့အကြောင်းအရာအချို့တွေကိုတော့ ထည့်မယ်” ဟု ပြောသည်။

    စာအုပ်ပြန်လည် ထုတ်ဝေခြင်းနှင့် ပတ်သက်၍ မွန်တိုင်းရင်းသား ယဉ်ကျေးမှု ဆိုကရေးတီး ပြိုင်ပွဲ ကျင်းပရေး ကော်မတီဥက္ကဋ္ဌ နိုင်ထောပိုင် က “အခု ပြန်ထုတ်မယ်ဆိုတာတော့ ကြားတယ်၊ ဒီလိုမျိုးပြန်လုပ်တာ တော်တော်လေးကို ကောင်းပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ record ဖြစ်တာပေါ့၊ record ဖြစ်သွားတော့ မြင်ရ၊ တွေ့ရ၊ ဖတ်ရတယ်ဆိုရင် ကလေးတွေ နားလည်လာမယ်လို့ ထင်တယ်” ဟု ပြောသည်။

    မွန်ပြည်နယ်လွှတ်တော်လက်အောက်ရှိ တိုင်းရင်းသားရေးရာဌာနမှ မွန်ကျောက်စာပေါင်းချုပ် စာအုပ်ကိုလည်း ထုတ်ဝေခဲ့ပြီး ဖြစ်သည်။

    မွန်စာပေယဉ်ကျေးမှုပူးပေါင်းအဖွဲ့များ ဥက္ကဌ ဒေါက်တာမင်းကြည်ဝင်းက “ကျနော်တော့ အဲစာအုပ်ကို မတွေ့ရသေးဘူး၊ သူ့ရေးရာကောမတီက ထုတ်ပိုင်ခွင့်ရှိပါတယ်၊ မဆလခေတ်က ထုတ်ထားတာတဲ့ မွန်ပြည်နယ်မဂ္ဂဇင်းတွေထဲက ကောင်းနိုးရာရာ သမိုင်းအချက်အလက်တွေလို့ သိထားတယ်၊ စာအုပ်ထွက် ထွက်လာရင် သူ့အချက်အလက်တွေက ကောင်းတာ ရှိချင်ရှိမယ်၊ မကောင်းတာရှိကောင်းရှိနိုင်ပါတယ်” ဟု ပြောသည်။

    ယခုထုတ်ဝေမည့် စာအုပ်ကို မြို့နယ်စာကြည့်တိုက်များ၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနများသို့ အခမဲ့ ဖြန့်ဝေသွားမည်ဟု လွှတ်တော်ဥက္ကဋ္ဌ က ပြောသည်။

    အဆိုပါ တိုင်းရင်းသား မွန်လူမျိုးများအကြောင်း သမိုင်းကောက်နုက်ချက်ဆောင်းပါးစာတမ်း စာအုပ်ကို ၂၀၀၀ ခုနှစ်ခန့်တွင် ပထမအကြိမ်ထုတ်ဝေခဲ့သည်ကို တွေ့ရှိခဲ့ရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks