Homeသတင်းအခြေခံဥပဒေမပြင်သေးလည်း အပစ်ရပ်ဆွေးနွေးပွဲ မထိခိုက်နိုင်ဟု နိုင်ဟံသာပြော

အခြေခံဥပဒေမပြင်သေးလည်း အပစ်ရပ်ဆွေးနွေးပွဲ မထိခိုက်နိုင်ဟု နိုင်ဟံသာပြော

-

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ရေး၊ မပြင်ရေးသည် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှုနှင့် ပတ်သက်၍ တစ်စုံတရာ ထိခိုက်နိုင်မည် မဟုတ်ကြောင်း တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနှိုင်ရေး NCCT အဖွဲ့ခေါင်းဆောင် နိုင်ဟံသာက လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ယနေ့တွင် ပြောသည်။

“အမှန်က နအဖ အစိုးရလက်ထက်က ရေးဆွဲထားတဲ့ ဥပဒေပဲ၊ စစ်အစိုးရကရေးဆွဲထားတာဆိုတော့ စစ်တပ်က ဒါကိုမပြုပြင်လိုဘူး၊ ကျနော်တို့ကလည်း အခုအချိန်မှာ တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ဖို့အတွက်ကို အရင်ဆွေးနွေးနေတယ်၊ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဖို့အတွက်ကို မဆွေးနွေး နိုင်သေးဘူး၊ လက်မှတ်ရေးထိုးပြီးလို့ နိုင်ငံရေးဆွေးနွေးပွဲ လုပ်တဲ့အချိန်မှာမှ ဒီဖွဲ့စည်းပုံကို ပြန်ဆွေးနွေးသွားမယ်၊ ဒါကြောင့်ပဲ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးဖို့အတွက် ဆွေးနွေးမှုတွေကို ဘာမှတော့ မထိခိုက်နိုင်ပါဘူး” ဟု နိုင်ဟံသာက ဆိုသည်။

Nai Hong Sar(NMSP)
Nai Hong Sar(NMSP)

သို့သော်လည်း ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍ အရေးကြီးသည့် အချက်များကို ပြင်ဆင်ရန် ပြည်သူများ တောင်းဆိုမှုများရှိကြောင်း၊ ယခုကဲ့သို့ပြင်ဆင်မှုမရှိပဲ ၂၀၁၅ ရွေးကောက်ပွဲပြီးမှ ပြင်ဆင်မည့်လုပ်ရပ်အပေါ် ပြည်သူများ နှစ်သက်မည်မဟုတ်ကြောင်း၊ တိုင်းရင်းသားဒေသများတွင်လည်း မိမိတို့ပြည်နယ်အတွင်း ဝန်ကြီးနေရာရွေးချယ်မှုများတွင် တိုင်းရင်းသားများအခွင့်အရေး ရရှိရန်အတွက် ဥပဒေပြင်ဆင်မှုမရှိသည့်အတွက် ၎င်းတို့သဘောကျမည်မဟုတ်ကြောင်း၊ ယခုကဲ့သို့ ပြုလုပ်ခြင်းသည် အချိန်ဆွဲသည့် နည်းတစ်မျိုးဖြစ်ကြောင်း ဆက်ပြောသည်။

၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော် ဥက္ကဌသူရရွှေမန်း က ၂၀၁၅ ရွေးကောက်ပွဲပြီးနောက် အသစ်ပေါ်ပေါက်လာမည့် လွှတ်တော်မှ ဆက်လက်ပြင်ဆင်သွားမည်ဟု ယမန်နေ့က နေပြည်တော်တွင်ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ထုတ်ဖော်ပြောကြားထားသည်။

၂၀၁၅ ရွေးကောက်ပွဲ မကျင်းပမီ မေလတွင် အခြေခံဥပဒေပြင်ဆင်ရေး လူထုဆန္ဒခံယူပွဲကို ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ရလဒ်များကို ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာမည့် လွှတ်တော်က ဆက်လက်ဆောင်ရွက်သွားမည်ဟု ဦးရွေမန်းက ဆိုသည်။

၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ရန်အတွက် လွှတ်တော်မှ ကော်မတီတစ်ရပ်ဖွဲ့စည်းထားသော်လည်း ထိုကော်မတီ၏ ဥပဒေပြင်ဆင်ရေး အဆိုတင်သွင်းမှုကို ပြည်ထောင်စုလွှတ်တော်မှ ပယ်ဖျက်ခဲ့ပြီး ၂၀၁၅ ရွေးကောက်ပွဲကို ၂၀၀၈ အခြေခံဥပဒေနှင့်အညီ ကျင်းပသွားမည်ဟု ဆိုသည်။

ဆက်လက်၍ နိုင်ဟံသာက “၂၀၀၈ ဖွဲ့စည်းပုံမှာ ပြင်ရမယ့်အချက်တွေက အများကြီးပါ၊ အဓိကအချက်ကတော့ ၂၀၀၈ အခြေခံဥပဒေအတိုင်းဆိုရင် စစ်တပ်ကပဲ နေရာရယူထားတယ်၊ ဒီမိုကရေစီစနစ်မဖြစ်ဘူး ဒါကတစ်ချက်၊ နောက်တစ်ချက်ကတော့ ဒီဥပဒေက ပြည်ထောင်စုနိုင်ငံတော်လို့အမည်ခံထားယုံသက်သက်ပဲ၊ တိုင်းနဲ့ပြည်နယ်တွေမှာ ဖွဲ့စည်းပုံအရ ဘာမှအဏာမရှိဘူး ဒါတွေပြင်ရမယ်” ဟု ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်နိုင်ရန် တစ်နိုင်ငံအတိုင်းအတာအပစ်အခတ်ရပ်စဲမှုလက်မှတ်ရေးထိုးပြီး အမျိုးသားအဆင့် ညီလာခံကြီးတစ်ရပ်ပြုလုပ်၍ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဆွေးနွေးသုံးသပ်အဖြေရှာ ပြင်ဆင်သွားရမည်ဖြစ်ကြောင်း နိုင်ဟံသာက ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts