spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းထိုင်းနိုင်ငံရောက် မွန်ရွေ့ပြောင်းအလုပ်သမားများထံ မွန်အမျိုးသားပါတီစည်းရုံးရေးခရီးဆင်း

    ထိုင်းနိုင်ငံရောက် မွန်ရွေ့ပြောင်းအလုပ်သမားများထံ မွန်အမျိုးသားပါတီစည်းရုံးရေးခရီးဆင်း

    -

    မွန်အမျိုးသားပါတီ(ဥက္ကဌ) ထိုင်းနိုင်ငံစည်းရုံးရေး(Facebook)
    မွန်အမျိုးသားပါတီ(ဥက္ကဌ) ထိုင်းနိုင်ငံစည်းရုံးရေး(Facebook)
    မွန်အမျိုးသားပါတီ MNP က ထိုင်းနိုင်ငံရောက် မွန်တိုင်းရင်းသား ရွေ့ပြောင်းအလုပ်သမားများ နေထိုင်ရာ ခရိုင် ၁၅ နေရာသို့ သွားရောက်ပြီးတွေ့ဆုံပွဲများပြုလုပ်ကာ စည်းရုံးရေးခရီးဆင်းနေကြောင်း MNP ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် နိုင်စိုးမြင့်က လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

    မွန်ရွေ့ပြောင်းအလုပ်သမားများ အများဆုံးအလုပ်လုပ်ကိုင်နေသော ဘန်ကောက်မြို့နှင့်အနီးတဝိုက်၊ မဟာချိုင်၊ ချွန်ပူရီ၊ စူရတ်ဌာနီ၊ ဖန်းငါး၊ ဖူးကက်နှင့် ကန်ချနပူရီခရိုင်များသို့ နိုဝင်ဘာလ ၉ ရက်မှ ၃၀ ရက်နေ့အထိ တွေ့ဆုံပွဲများပြုလုပ်နေသည်ဟု ဆိုသည်။

    နိုင်စိုးမြင့်က “ထိုင်းနိုင်ငံမှာ တရားဝင်အလုပ်လုပ်နေတဲ့ မွန်လူဦးစာရင်းတွေ စုဆောင်းနိုင်ဖို့နဲ့ လာမယ့် ၂၀၁၅ မှာ ထိုင်းနိုင်ငံကနေပြီး ယာယီပတ်စပို့ကိုင်ထားတဲ့ ရွေ့ပြောင်းအလုပ်သမားတွေ မဲဘယ်လိုပေးရမလဲဆိုတာ ရွေးကောက်ပွဲကော်မရှင်ထံ နည်းလမ်းရှာပြီး တင်ပြသွားမယ်” ဟုပြောသည်။

    ယခုစည်းရုံးရေးခရီးစဉ်တွင် လက်ရှိဖြစ်ပေါ်နေသော ပြည်တွင်းနိုင်ငံရေး အခြေအနေ၊ မွန်ပြည်တွင်းရှိ နိုင်ငံရေးပါတီများ၊ MNP ပါတီအနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် အနေအထားများနှင့် မွန်အမျိုးသားပါတီဝင်သစ် စုဆောင်းရေးကိုလည်း အဓိကထား ရှင်းလင်းသွားသည်ဟု နိုင်စိုးမြင့်က ဆိုသည်။

    နိုင်စိုးမြင့်က “ ကျနော်တို့ အခုသွားရောက်ခဲ့တာက မွန်တိုင်းရင်းသားတွေရှိတဲ့နေရာ အားလုံးမနှံ့သေးပါဘူး၊ ထိုင်းနိုင်ငံတွင်းမှာ မွန်တွေအင်အားဘယ်လောက်ရှိသလဲ ဆိုတာလည်း တိတိကျကျ မသိရသေးဘူး၊ အင်အားဘယ်လောက်ရှိရှိ၊ မဲထည့်ခွင့် တစ်ယောက်ရလည်း ကျနော်တို့ အင်အားပဲဖြစ်တယ်” ဟု ပြောသည်။

    ယင်းတွေ့ဆုံပွဲများတက်ရောက်သူများက မွန် ၂ ပါတီပေါင်းစည်းရေးအခြေအနေနှင့် အစိုးရစာသင်ကျောင်းများတွင် မွန်စာပေသင်ကြားနေမှုအနေအထားများအား ဆွေးနွေးမေးမြန်းမှုများ တွေ့ရှိရကြောင်း ထိုင်းနိုင်ငံမွန်အဖွဲ့အစည်းများပေါင်းချုပ် Mon Association of Thailand- MAT သဘာပတိ နိုင်မွန်အေးက IMNA သို့ ပြောသည်။

    သူက “ပြည်တွင်းကနေ မွန်ပါတီအနေနဲ့အခုလို ကိုယ်တိုင်လာရောက်ရှင်းပြတာပေးတဲ့အတွက် အကျိုးများစွာဖြစ်ထွန်းပါတယ်၊ ကျနော်တို့အနေနဲ့လည်း ထိုင်းနိုင်ငံကနေ ဘယ်လိုကူညီပံ့ပိုးမှုတွေ ပေးရမလဲဆိုတာ နည်းလမ်းတွေလည်း ရသွားတာပေါ့” ဟု ဆိုသည်။

    ထိုင်းနိုင်ငံမွန်အဖွဲ့အစည်းများပေါင်းချုပ် MAT က အဆိုပါ မွန်အမျိုးသားပါတီ၏ ထိုင်းနိုင်ငံစည်းရုံးရေးခရီးစဉ်များ ခရီးသွားလာရေးနှင့် ဆက်သွယ်ရေးကိစ္စရပ်များကို ကူညီပေးအပ်ခဲ့သည်ဟု သိရသည်။

    အလားတူ မွန်အမျိုးသားပါတီ၏ လူထုတွေ့ဆုံ ရှင်းလင်းပွဲများကို ဇွန်လမှစတင်ကာ မုတ္တမ၊ ပေါင်၊ ပဲခူး၊ မော်လမြိုင်၊ မုဒုံ၊ ကျိုက္ကရော၊ ချောင်းဆုံ၊ ဖားအံ၊ မြဝတီ၊ ကော့ကရိ်တ်၊ ကြာအင်းဆိပ်ကြီး၊ ဘုရားသုံးဆူ၊ သံဖြူဇရပ်၊ ရေး၊ လမိုင်း၊ ရေဖြူ စသောမြို့နယ်များတွင် စည်းရုံးရေးခရီးစဉ်များ ပြီးဆုံးခဲ့သည်ကို တွေ့ရှိသည်။

    ယင်းကဲ့သို့ လူထုတွေ့ဆုံရှင်းလင်းပွဲများကို မွန်အမျိုးသားပါတီအနေဖြင့် ဒီဇင်ဘာလတွင် အပြီးသတ်လုပ်ဆောင်မည်ဟု သိရပြီး ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလ ပထမအပတ်တွင် MNP မွန်အမျိုးသား ပါတီ ညီလာခံကျင်းပမည်ဟု သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks