spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းအမျိုးသားမြေအသုံးချမှုမူဝါဒ (မူကြမ်း) ပြန်လည်ရေးဆွဲရန် တောင်းဆို

    အမျိုးသားမြေအသုံးချမှုမူဝါဒ (မူကြမ်း) ပြန်လည်ရေးဆွဲရန် တောင်းဆို

    -

    တိုင်းရင်းသားလူမျိုးများ လူထုဖွံ့ဖြိုးရေးဆုံရပ်နှင့် တိုင်းရင်းသားများ၏ ရိုးရာဓလေ့ မြေယာကာကွယ်ရေး ကော်မတီ ECDF &TCLPC မှ မြန်မာနိုင်ငံ အမျိုးသားမြေအသုံးချမှု မူဝါဒ (မူကြမ်း) သည် ပွင့်လင်းမြင်သားမှုမရှိ သည့်အတွက် ထိုမူဝါဒ (မူကြမ်း) ပြန်လည်းရေးဆွဲရန်တောင်းဆိုထားကြောင်း သိရသည်။

    “ဒီမူကြမ်းကို အဓိက ကန့်ကွက်ရတာက တောင်သူ လယ်သမားတွေအတွက် အကျိုးပြုတဲ့ အခန်းကဏ္ဍတွေမပါဘူး၊ တစ်ချို့အခန်းကဏ္ဍ တွေဆိုရင် အာဏာနဲ့ ဆုံးဖြတ်ချက် ချရမဲ့ အပိုင်းတွေပါနေတော့ အရင်ပုံစံအတိုင်းပဲ ဖြစ်နေတယ်” ဟု ECDF &TCLPC မှ ပြောရေးဆိုခွင့်ရှိသူ စိုင်းခမ်းဆိုင်က ပြောသည်။

    ဆက်လက်၍ ပွင့်လင်းမြင်သာမှုရှိရန်နှင့် အဓိပ္ပါယ်ပြည့်ဝသည့် မူဝါဒသည် လူထု၊ အသေးစားစိုက်ပျိုးရေး လုပ်ကိုင်နေသော တောင်သူ လယ်သမားများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ လူထုအခြေပြု အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ အမျိုးသမီးအဖွဲ့များ၊ လူငယ် ကိုယ်စားလှယ်များ၊ လွတ်လပ်ပြီး ဘက်မလိုက်သည့် ဥပဒေပညာရှင်များနှင့် ပါဝင်ထိုက်သူပုဂ္ဂိုလ်များဖြင့် ပြန်လည်ရေးဆွဲသွားသင့်ကြောင်း စိုင်းခမ်းဆိုင်က ရှင်းပြသည်။

    “အခန်း (၅) ထဲမှာ ကြည့်လိုက်ရင် ဒီမူဝါဒက နိုင်ငံခြားရင်းနှီးမြှပ်နှံမှုကို ပိုပြီးဦးစားပေးထားတယ်၊ မြို့ပြဆိုင်ရာ ဖွံ့ဖြိုးရေးတို့၊ ကျေးရွာဆိုင်ရာဖွံ့ဖြိုးရေး၊ စီးပွားရေး ဖွံ့ဖြိုးရေးအတွက်ဆိုရင် ရင်းနှီးမြှပ်နှံမှုကိုပဲ ပေးထားတယ်၊ လယ်သမားတွေရဲ့ အကျိုးစီးပွားကို ဘယ်လိုကာကွယ်မလည်း ဆိုတာမပါဘူး” ဟု ၎င်းက ဆက်ပြောသည်။

    အလားတူ အမျိုးသားမြေအသုံးချမှု မူဝါဒ (မူကြမ်း) တွင် ဖော်ပြထားသည့် မြေလွတ်မြေလပ်နှင့် မြေရိုင်း ရှိနေသည့်နှင့် ECDF &TCLPC ၏ နိုဝင်ဘာလ ၆ ရက်နေ့ ထုတ်ပြန်ချက်တွင် တိုင်းရင်းသားဒေသတွင် မြေလွတ် မြေလပ်နှင့် မြေရိုင်းမရှိကြောင်း ဖော်ပြထားသည်။

    မြေလွတ် မြေလပ် မြေရိုင်းနှင့်ပတ်သက်၍ မွန်ပြည်လူ့အခွင့်အရေးဖောင်ဒေရှင်း အချက်အလက် မှတ်တမ်းတင်ခြင်းနှင့် ဖြန့်ချိရေး ဌာနမှ နိုင်အဲမွန်က “မြေလွတ်မြေရိုင်းဆိုတာ ဥပမာ မြစ်ဝကျွန်းပေါ် ဒေသတွေမှာ မြေနုကျွန်ထွန်းလာတယ် မြေအသစ်ဖြစ်လာတယ် အဲဒါလွတ်နေတယ် ပိုင်ရှင်မရှိဘူး၊ ကျနော်တို့ဘက်မှာက အဲဒီလိုပိုင်းရှင်မဲ့တဲ့မြေတွေမရှိဘူး၊ စားကျက်မြေတောင်မှ ပိုင်ရှင်ရှိတယ်၊ Community ပိုင်မြေတွေရှိတယ်၊ အခု သူတို့ပြောနေတဲ့ မြေလွတ်မြေရိုင်းဖော်ဆောင်တယ် ဆိုတာက မွန်ပြည်နယ်မှာ တစ်နေရာမှ မရှိဘူး၊ ဂရမ်မရှိလို့၊ မြေခွန်မရှိလို့ မြေလွတ်မြေရိုင်းစာရင်းသွင်းလိုက်လို့ တရားဝင် စာရင်းဖြစ်သွားတာ၊ အမှန်က ဒါတွေအားလုံးက ပိုင်ရှင်ရှိနေပြီးသားပါ” ဟု ပြောသည်။

    ထိုသို့ မြေလွတ်မြေရိုင်း စရင်းသွင်းလိုက်သည့်အတွက် ဓလေ့ထုံးတမ်းဆိုင်ရာ ဥပဒေနှင့် ငြိစွမ်းနိုင်ကြောင်း၊ ဓလေ့ထုံးတမ်းဆိုင်ရာ ဥပဒေသည် ယခင်ကတည်က အသုံးပြုလာသည့်အတွက် ထိုဥပဒေကို လျှစ်လျူရှု့၍ မရကြောင်း၊ ထိုဥပဒေကိုလည်း အသိအမှတ်ပြုသင့် ကြောင်း နိုင်အဲမွန်က ဆက်ပြောသည်။

    ထိုအမျိုးသားမြေအသုံးချမှု မူဝါဒ (မူကြမ်း) ကို ECDF & TCLPC တို့မှ ပြည်သူလူထုအများ သိရှိနားလည်းရန်အတွက် ပညာပေးခြင်း အစီအစဉ်များ၊ ဆွေးနွေးပွဲများ သဘောထားဆန္ဒ ကောက်ယူမှုများကို ဆက်လက်ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

    မြန်မာနိုင်ငံ အမျိုးသားမြေအသုံးချမှု မူဝါဒ (မူကြမ်း)နှင့် ပတ်သက်၍ သုံးသပ်ဆန်းစစ်သည့် အလုပ်ရုံဆွေးနွေးပွဲကို ယခုလ ၁ – ၂ ရက်နေ့တွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင်ပြုလုပ်ခဲ့ပြီး ပြည်နယ်နှင့်တိုင်းဒေသ အသီးသီးမှ တောင်သူလယ်သမားကွန်ယက်မှ ကိုယ်စားလှယ်များ၊ လူထုအခြေပြုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ အရပ်ဖက်အဖွဲ့အစည်း ၃၀ ကျော်မှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့သည်။

    လယ်ယာမြေဥပဒေကို ၂၀၁၂ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၁ အဖြစ် နိုင်ငံတော်သမ္မတမှ ၂၀၁၂ ခုနှစ် မတ်လတွင် ၃၀ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီး သြဂုတ်လ ၃၁ ရက်နေ့မှစ၍ လယ်ယာမြေ ဥပဒေပုဒ်မ ၂ အရ စတင်အာဏာတည်သည်ဟု သတ်မှတ်ခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks