spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းရေးမြို့နယ်မှသေဆုံးမိကျောင်းတစ်ကောင်ကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့လွှဲပြောင်း

    ရေးမြို့နယ်မှသေဆုံးမိကျောင်းတစ်ကောင်ကို ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့လွှဲပြောင်း

    -

    ရေးမြို့နယ်အတွင်း ဖမ်းဆီးရမိသည့် ဒဏ်ရာရ မိကျောင်းတစ်ကောင်ကို ရေးမြို့၊ သစ်တောဦးစီးဌာနသို့ လွှဲအပ်ပြီး ၆ ရက်အကြာ သေဆုံးသွားသည့်အတွက် ရန်ကုန် တိရစ္ဆာန်ဥယျာဉ်၌ ရုပ်လုံးသွင်း၍အများပြည်သူများ ကြည့်ရှုစေရန် အောက်တိုဘာလ ၂၇ ရက်နေ့တွင် လွှဲပြောင်းပေးအပ်လိုက်ပြီ ဖြစ်ကြောင်း ရေးမြို့၊ သစ်တောဦးစီးဌာနက ပြောသည်။

    “မိကျောင်းက အရောင်နဲ့အကွက်လည်း တအားလှတယ်။ အဝါနဲ့ အနက်၊ အမှောင်ထဲမှာ ဓါတ်ပုံရိုက်ရင် ခရမ်းရောင်ထွက်တယ်။ သေသွားတာ ကျွန်တော် သိပ်ကို နှမြောမိတယ်” ဟု ရေးမြို့နယ်၊ သစ်တော ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးအောင်ခိုင် က ပြောသည်။

    အလျား ၆ ပေ ၃ လက်မ၊ လုံးပတ် ၂ ပေရှိ ၎င်းမိကျောင်းမကို အောက်တိုဘာလ ၂၂ ရက်နေ့တွင် ရေးမြို့နယ်၊ လမိုင်းမြို့နယ်ခွဲ၊ မော့ကနင်ကျေးရွာ၊ ဝဲဒုံချောင်းအတွင်း တံငါသည် ဦးစန်းလွင်၏ ငါးဖမ်းပိုက်ကွန်အတွင်း ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

    ၎င်းမိကျောင်းကို လမိုင်းမြို့နယ်ခွဲ၊ သစ်တောရုံး တာဝန်ခံမှတဆင့် ရေးမြို့၊ သစ်တောဦးစီးဌာနသို့ လွှဲအပ်ခဲ့ပြီး ဟေဂစနစ်ကို ထိန်းသိမ်းရန်အတွက် မူရင်းနေရာသို့ ပြန်လွှတ်ရန် နေပြည်တော်ရုံးချုပ်၏ ညွှန်ကြားချက်ကြောင့် ပြန်လွှတ်နိုင်ရန်အတွက် အောက်တိုဘာလ ၂၅ ရက်နေ့တွင် ဒေသအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ ဒေသခံများနှင့် ညှိနှိုင်းဆွေးနွေးခဲ့သည်ဟု ဦးအောင်ခိုင်က ပြောသည်။

    မူရင်းနေရာတွင် ပြန်လွှတ်ရန် ဒေသခံတို့၏ ကန့်ကွက်ချက်ကြောင့် ၎င်းမိကျောင်းကို ရေးမြို့နယ်၊ သစ်တောဦးစီးဌာနတွင် ပြန်လည်ထိန်းသိမ်းစောင့်ရှောက်ထားရာမှ ရန်ကုန် တိရစ္ဆာန်ဥယျာဉ်သို့ လွှဲပြောင်းအပ်နှံရန် စီစဉ်ဆောင်ရွက်နေစဉ် အောက်တိုဘာလ ၂၇ ရက်နေ့ နံနက်ပိုင်းတွင် သေဆုံးသွားခြင်း ဖြစ်သည်ဟု ဆိုသည်။

    တံငါသည် ဦးစန်းလွင်၏ ပြောပြချက်အရ ငါးဖမ်းပိုက်ကွန်အတွင်း မိကျောင်း ညိနေစဉ်တွင် အမြီးနှင့် ၎င်းကို လှမ်းရိုက်ခဲ့ကြောင်း၊ အကူအညီတောင်းရန် အခြားသူများ မရှိသည့်အတွက် လှော်တက်ပြားဖြင့် မိကျောင်း၏ ဦးခေါင်းကို တစ်ချက်ရိုက်လိုက်ပြီး မိချောင်းမှာ သတိလစ်သွားသည်ဟု ဆိုသည်။

    ရန်ကုန် တိရစ္ဆာန်ဥယျာဉ်၊ ထိန်းသိမ်းဆေးကုသုတေသနဌာနမှ ဒေါက်တာထွန်းမြင့်၏ စစ်ဆေးတွေ့ရှိချက်အရ မိကျောင်း၏ ဦးခေါင်းတွင် အလျား ၂ လက်မ၊ အနက် ၁ လက်မခန့်ရှိ အနာဟောင်း တွေ့ရှိရပြီး ၎င်းအနာမှ သွေးဆိပ်တက်ခြင်း (Septicemia) ကြောင့် သေဆုံးရခြင်း ဖြစ်သည်ဟု ဆိုသည်။

    အထက်ပါမိကျောင်း ဖမ်းဆီးရမိပြီး နောက်ပိုင်းတွင်လည်း မော့ကနင်ဒေသတဝိုက်တွင် အခြားမိကျောင်းကို မြင်တွေ့နေရခြင်းကြောင့် တံငါသည်များမှာ ချောင်းအတွင်း သတိနှင့် သွားလာငါးဖမ်းနေရသည်ဟု ဒေသခံများက ပြောသည်။

    ရေးမြို့ မြောက်ဘက်ရှိ မော့ကနင်ကျေးရွာအနီးတွင် အထက်ပါ မိကျောင်းကို ဖမ်းဆီးရမိခြင်း မဖြစ်ပွားမီကလည်း ရေးမြို့ အရှေ့ဘက် ကျုံလောင်းကျေးရွာအနီးတွင် ရံဖန်ရံခါ မိကျောင်းနှစ်ကောင်ကို မြင်တွေ့ခဲ့သေးသည်ဟု ဒေသခံတံငါသည်များက ပြောသည်။

    သို့ရာတွင် ရေးမြို့နယ်ဒေသတဝိုက်အတွင်း ဆယ်စုနှစ်နှင့်ချီပြီး မိကျောင်းများလူကိုအန္တရာယ်ပြုသည့်သတင်း မကြားသိရပေ။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks