spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းအလွတ်တန်းသတင်းထောက် ကိုပါကြီးသေဆုံးမှု စုံစမ်းရေးကော်မရှင်ဖွဲ့စည်းပေးရန်တောင်းဆို

    အလွတ်တန်းသတင်းထောက် ကိုပါကြီးသေဆုံးမှု စုံစမ်းရေးကော်မရှင်ဖွဲ့စည်းပေးရန်တောင်းဆို

    -

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့အခြေစိုက် ခမရ ၂၀၈ တပ်ဖွဲ့ပစ်ခတ်သေဆုံးခဲ့သော အလွတ်တန်းသတင်းထောက် ကိုပါကြီး၏ကိစ္စအား လွတ်လပ်သောစုံစမ်းရေး ကော်မရှင်တစ်ရပ်ဖွဲ့စည်းပြီးစုံစမ်းစစ်ဆေး ပေးရန် ဇနီးသည်ဖြစ်သူ မသန္တာတောင်းဆိုလိုက်သည်။

    မသန္တာက “ ကျမတို့မိသားစုဆန္ဒကတော့ ကိုပါကြီးအလောင်းပြန်လိုချင်တယ်၊ လွတ်လပ်တဲ့ ဘက်မလိုက်တဲ့ စုံစမ်းရေး ကော်မရှင် တစ်ရပ်ဖွဲ့စည်းပြီး ကျမတို့ကိုစစ်ဆေးပေးပါ၊ အမှုကျူးလွန်တဲ့သူတွေကို တရားဥပဒေအရ ထိထိရောက်ရောက် အရေးယူပေးပါ” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ယနေ့တွင် ပြောကြားလိုက်သည်။

    ထိုသို့တောင်းဆိုသည်မှာ အာဃာတ တရားကြောင့်မဟုတ်ဘဲ အမှန်တရားအတွက်တောင်းဆိုခြင်းသာ ဖြစ်ကြောင်း၊ ကျန်ရစ်သူမိသားစု အား အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ ကူညီထောက်ပံ့မည့်ကမ်းလှမ်းချက်ကိုလည်း မိမိတို့လက်မခံငြင်းပယ်ကြောင်း မသန္တာက ပြောသည်။

    “ကိုပါကြီးသေဆုံးမှုက ကျမတို့မိသားတစ်ခုတည်းပြဿနာတစ်ခုမဟုတ်တော့ဘဲနဲ့ အလားတူ ကိုပါကြီးလိုမထင်မရှား အသတ်ခံရတဲ့သူ အားလုံးအတွက် တရားမျှတမှုရှိအောင် ကျမတို့လုပ်ဆောင်သွားမယ်” ဟု သူမက ဆက်ပြောသည်။

    ကာကွယ်ရေးဦးစီးဌာန၏ အောက်တိုဘာ ၂၃ ရက်နေ့ သတင်းထုတ်ပြန်ရာတွင် ကိုပါကြီးသည် ကလို့ထူးဘော ကရင်အစည်းအရုံး KKO အဖွဲ့ဝင် ဗိုလ်ကြီးအဆင့် ပြန်ကြားရေး တာဝန်ခံတစ်ဦးဖြစ်ပြီး တပ်မတော်မှ ဖမ်းဆီးထားစဉ် ကင်းစောင့်စစ်သားထံမှ လက်နက်လုယူ ထွက်ပြေးသောကြောင့် ပစ်ခတ်ဖမ်းဆီးရာတွင် သေနတ်ဒဏ်ရာဖြင့် သေဆုံးသွားခဲ့သည်ဟု ဖေါ်ပြခဲ့သည်။

    ကျိုက်မရောမြို့နယ်တွင် ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်နေ့၌ အစိုးရတပ်ဖွဲ့နှင့် DKBA တို့၏ တိုက်ပွဲဖြစ်စဉ်အချို့ သတင်းရယူ အပြီးပြန်လာစဉ် စက်တင်ဘာ ၃၀ ၌ ကိုပါကြီးအား ကျိုက်မရောမြို့ လှေဆိပ်တွင် ဖမ်းဆီးခဲ့သော်လည်း ရဲစခန်းတွင် အမှုမဖွင့်ခြင်း၊ တရားရုံးတွင် ဖမ်းဆီးခွင့် ရမန်မယူခြင်း၊ အောက်တိုဘာ ၄ ရက်တွင်သေဆုံးခဲ့သော်လည်း သတင်းထုတ်ပြန်ခဲ့ခြင်းမရှိဘဲ ၃ ပတ်ကျော် ကြာမြင့်မှာ သတင်းထုတ်ပြန်ခြင်းသည် သံသယဖြစ်စရာများရှိနေကြောင်း နိုင်ငံရေး အသိုင်းအဝိုင်းနှင့် ဥပဒေပညာရှင်များက ဝေဖန် ပြောဆိုကြသည်။

    သို့ရာတွင် DKBA စစ်ဌာနချုပ်၊ ဗျူဟာမှူး ဗိုလ်မှူးကြီး စောထွန်းထွန်းက ကိုပါကြီးသည် ကလို့ထူးဘော ကရင်အစည်းအရုံး KKO အဖွဲ့ဝင်မဟုတ်သလို ၎င်းတို့၏ မည်သည့်အဖွဲ့များနှင့်လည်း သက်ဆိုင်ခြင်းမရှိကြောင်း ငြင်းဆိုသည်။

    ကိုပါကြီး (ခေါ်) ကိုအောင်ကျော်နိုင် သေဆုံးခဲ့ရခြင်းအတွက် တရားမျှတမှုရရှိရေး စုပေါင်းဆန္ဒသဘောထားထုတ်ဖော်ပွဲကို ရန်ကုန်မြို့၊ မြို့တော်ခန်းမ ရှေ့တွင် အောက်တိုဘာ ၂၆ ရက်၊ ညနေ ၄:ဝ၀ နာရီအချိန်က ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်း) အပါအဝင် နိုင်ငံရေးအင်အားစုများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ တိုင်းရင်းသားအဖွဲ့အစည်း စုစုပေါင်း (၄၆)ဖွဲ့စုပေါင်း၍ ၂ နာရီနီးပါး ကြာခန့် ပြုလုပ်ခဲ့သည်။

    ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က “လက်ရှိအခြေခံဥပဒေမှာ ဘယ်လိုပြဌာန်းထားလဲဆိုတော့ တပ်မတော်သားကနေ ကာကွယ်ရေးဦးစီးချုပ်အထိ ဘယ်လိုပြစ်မှုမျိုးကိုကျူးလွန်ကျူးလွန် အရပ်ဖက် တရားရုံးက ဆုံးဖြတ် စီရင်ခံပိုင်ခွင့် မရှိဘူးဆိုတာဟာ အခွင့်ထူးခံရုံမက အင်မတန် အနိုင်ကျင့်တဲ့ တောရိုင်းဥပဒေပဲ” ဟု စုပေါင်းဆန္ဒသဘောထားထုတ်ဖော်ပွဲတွင် မိန့်ခွန်းပြောကြားခဲ့သည်။

    စစ်တပ်၏ ပစ်ခတ်ဖမ်းဆီးမှုကြောင့် အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင်(ခ) ကိုပါကြီး သေဆုံးခဲ့မှု အမှုမှန်ပေါ်ပေါက်စေရန် လွတ်လပ်ပြီး ကျွမ်းကျင် သည့် ပညာရှင်များပါဝင်သော စုံစမ်းစစ်ဆေးရေးကော်မရှင် တစ်ရပ်ဖွဲ့စည်းဖော်ထုတ်ပေး ရန်နှင့် ပြစ်မှု ကျူးလွန် သူများအား တရားဥပဒေနှင့်အညီ အရေးယူရန် ၈၈မျိုးဆက်အပါအဝင် အဖွဲ့အစည်းပေါင်း ၄၆ ဖွဲ့က အောက်တိုဘာ ၂၆ နေ့စွဲဖြင့် ကြေငြာချက် ထုတ်ပြန်ခဲ့သည်။

    ကွယ်လွန်ချိန် အသက်(၄၉) နှစ်ရှိသော ကိုပါကြီးသည် ၁၉၈၈ခုနှစ်၊ နိုဝင်ဘာလတွင် ဖွဲ့စည်းခဲ့သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လူငယ်) ၏ ပထမဦးဆုံး ဗဟိုလူငယ် ၁၉ ဦးတွင် ပါဝင်ခဲ့ပြီး ကရင်ပြည်နယ် တာဝန်ခံအဖြစ် ၁၉၈၉ခုနှစ် မေလအထိ တာဝန်ယူခဲ့ ကြောင်း၊ နောက်ပိုင်းတွင် သုံးရောင်ခြယ်အဖွဲ့ဝင်အဖြစ် တပ်ဦးတာဝန်များကို ထမ်းဆောင်ခဲ့ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ အနီးကပ် လုံခြုံရေးကိုတာဝန်ယူခဲ့ဖူးသူ ဖြစ်ကြောင်း၊ ၂၀၁၀ခုနှစ်ခန့်တွင် အလွတ်သတင်းထောက်အဖြစ် စတင် လုပ်ကိုင်ခဲ့ပြီး ရန်ကုန်တိုင်းမ်ဂျာနယ်တွင် အောင်ကြီးအမည်ဖြင့်လည်းကောင်း သတင်းရေးသားခဲ့သူဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts