spot_img
Tuesday, March 3, 2026
More
    spot_img
    Homeသတင်းပငဆားကွင်း လုပ်သားရှားပါးမှုဖြစ်နေ

    ပငဆားကွင်း လုပ်သားရှားပါးမှုဖြစ်နေ

    -

    မွန်ပြည်နယ်တွင် ဆားလုပ်ငန်းအများဆုံးလုပ်ကိုင်သော သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာရှိ နေလှန်းဆားကွင်းလုပ်ငန်းများ ယခုနှစ်ပွင့်လင်းရာသီလုပ်ငန်းစချိန်၌ လုပ်သားရှားပါးမှု ပြဿနာနှင့်ကြုံတွေ့ နေရကြောင်း ဆားလုပ်ငန်းရှင်များကလွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

    ဆားလုပ်ငန်းရှင် ဒေါ်နှင်းညွန့်က “ အလုပ်သမား ရှာလို့မရသလောက် ဖြစ်နေတယ်၊ ဒေသခံအလုပ်သမားတွေအနေနဲ့ အလုပ်ပိုပြီး အဆင်ပြေတဲ့ ထိုင်းနိုင်ငံထဲဝင်ပြီး အလုပ်သွားလုပ်ကြတယ်၊ ဒါကြောင့်ရပ်ဝေးကအလုပ်သမားတွေ သွားခေါ်ရတယ်၊ ဒေသခံ အလုပ်သမားတွေ မရှိတော့ဘူး” ဟု ဆိုသည်။

    ရပ်ဝေးအလုပ်သမားအများစုမှာ ပဲခူးတိုင်း၊ ဧရာဝတ႘တိုင်းတို့မှဖြစ်ကြပြီး မွန်ပြည်နယ်အတွင်း ရာဘာခြံနှင့် ဆားလုပ်ငန်းလုပ်ကိုင်ရန် မိသားစုအလိုက် ပြောင်းရွှေ့နေထိုင်မှုများရှိလာသည်ကို တွေ့ရသည်။

    သို့ရာတွင် လုပ်ငန်းရှင်များအနေဖြင့် ဆားဈေးနှုန်းများ ကျဆင်းနေသောကြောင့် လုပ်အားခမြှင့်တင်ပေးရန် မဖြစ်နိုင်ကြောင်း၊ လုပ်အားခနည်းပါးမှုကြောင့်လည်း လုပ်သားများရှာမရဖြစ်ကာ ဆားကွင်းအချို့ကို အလုပ်ပိတ်ထားရသည်ဟု သိရသည် ။

    ပငဆားကုန်သည် ဦးခင်မောင်ထွန်းက “ ဆားလုပ်သားတွေကို ဦးဆောင်တဲ့ ဖိုသူကြီးတစ်ယာက်အတွက် တစ်နှစ်ကို ဆားပိဿာချိန် ၃ သောင်းကနေ ၅ သောင်းအထိ အခပေးငှားရပါတယ်၊ ဆားကြမ်းဈေးက တစ်ပိဿာ ၅၀ ဝန်းကျင်မှာဘဲ ဖြစ်နေတယ်၊ အလုပ်သမားခနဲ့ လက်ရှိဆားဈေးတွေက တွက်ခြေမကိုက်တော့ဘူး” ဟု လွတ်လပ်သောမွန်သတင်း အေဂျင်စီ IMNA သို့ပြောသည်။

    နေလှန်းဆားလုပ်ငန်းသည် မိုးနှောင်းကာလအောက်တိုဘာလဆန်းပိုင်း၌ ဆားကွင်းတွင်လုပ်ငန်းပြန်လည်စတင်၍ မိုးဦးကျချိန်မေလ အထိ တစ်နှစ်လျှင် နေလှန်းဆား ၁၂ ကြိမ်ခန့်ထွက်ရှိရာ တစ်ပိဿာအတွက်ထုတ်လုပ်မှုစရိတ် ၃၅ မှ ၆ဝ ကျပ်အကြား ရှိသည်ဟု ဆိုသည်။

    ပငကျေးရွာ၌ဆားကွင်းဧကတစ်ထောင်ကျော်ရှိရာတွင် ပုဂ္ဂလိကဆားဖို (၄၀) ခန့်နှင့် အစိုးရပိုင်ဆားလုပ်ငန်းများလည်းရှိသည့်အတွက် မွန်ပြည်နယ်တွင်း ဆားလုပ်ငန်းအများဆုံး ထုတ်လုပ်သည့်နေရာ ဖြစ်သည်။

    ၄င်းအပြင် သံဖြူဇရပ်မြို့နယ်၌ ကရုပ္ပိ၊ ဝဲဂလောင်း၊ စက်စဲကျေးရွာ၊ ကျိုက္ခမီမြို့၊ ပေါင်မြို့နယ်ရှိ ထန်းပင်ချောင်း ကျေးရွာ၊ ရေးမြို့နယ်ရှိ နှစ်ကရင်၊ ပလိုင်ကီးကျေးရွာတို့တွင်လည်း နေလှန်းဆားထုတ်လုပ်လျှက်ရှိရာ မွန်ပြည်နယ်ထွက်ဆားသည် တစ်နိုင်ငံလုံး၏ ၂ဝ ရာနှုန်းခန့် ရှိသည်ဟု ခန့်မှန်းထားကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks