spot_img
Wednesday, February 11, 2026
More
    spot_img
    Homeသတင်းပြည်တွင်းငြိမ်းချမ်းရေးကိစ္စအပေါ် UNFC သံသယဖြစ်

    ပြည်တွင်းငြိမ်းချမ်းရေးကိစ္စအပေါ် UNFC သံသယဖြစ်

    -

    တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲများ ပြုလုပ်နေချိန်တွင် မြန်မာ့ တပ်မတော် တိုင်းရင်းသားဒေသများ၌ စစ်ပွဲများဆင်နွဲနေသည့်အပေါ် ပြည်တွင်းငြိမ်းချမ်းရေးကို အမှန်တကယ်လိုလားမှု ရှိ၊ မရှိ သံသယဖြစ်စရာရှိနေသည်ဟုတိုင်းရင်းသားလူမျိုးများဖက်ဒရယ်ကောင်စီ UNFC အထွေထွေအတွင်းရေးမှူး ခူဦးရယ်က ပြောသည်။

    ခူဦးရယ် က “ဒီနောက်ဆုံး NCCT နဲ့ UPWC ရဲ့တွေ့ဆုံပွဲ မရှေးမနှောင်းမှာပဲ တိုက်ပွဲတွေဖြစ်လာတယ်၊ UNFC ရဲ့ ရပ်တည်ချက်အပေါ် ထုတ်ပြန်ချက်အနေနဲ့ရော၊ ပြောဆိုတဲ့အပေါ်မှာပါ ဒါကတိုက်ဆိုင်မှုတွေ ဖြစ်နေသလား ဆိုပြီးတော့ ကျနော်တို့ သံသယဖြစ်တာပေါ့၊ အားလုံးက ချိန်ကိုက်ပြီး လုပ်နေသလားဆိုတဲ့ သဘောလိုဖြစ်နေတယ်” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီ IMNA သို့ ပြောသည်။

    UNFC ၏ ပထမအကြိမ် ကောင်စီများမျက်နှာစုံညီ အစည်းအဝေးကို အောက်တိုဘာလ ၂၀ မှ ၂၂ ရက်နေ့အထိ ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ တွင် ကျင်းပခဲ့အပြီး ထုတ်ပြန်သည့် ကြေညာချက်တွင် “မြန်မာ့တပ်မတော်မှ ကချင်၊ ရှမ်း၊ ကရင်ပြည်နယ်များတွင် စစ်ဆင်ရေးများ စဉ်ဆက်မပြတ်ပြုလုပ်နေပြီး တိုက်ပွဲများဖြစ်ပွားနေခြင်းနှင့် တခြားသောတိုင်းရင်းသားပြည်နယ်များတွင်လည်း စစ်ရေးပြင်ဆင်မှုများကို အသာစီးလုပ်ဆောင်နေသောကြောင့် ပြည်တွင်းငြိမ်ချမ်းရေးကို အမှန်တကယ်လိုလားမှုရှိ၊မရှိ သံသယဖြစ်မိသည်” ဟု ဖော်ပြထားသည်။

    ဆက်လက်၍ ခူဦးရယ်က “ဒီလှုပ်ရှားမှုတွေက ကျနော်တို့ဘက်က သဘောရိုးနဲ့ တွေ့ဆုံနေတဲ့အပေါ်မှာ စစ်တပ်ဘက်က သဘောရိုးနဲ့ တွေ့ဆုံနေတာ ဟုတ်ရဲ့လား ဆိုတဲ့ အနေအထားမျိုးကို ဖြစ်ပေါ်စေတယ်၊ ဒါက စွပ်စွဲတာတော့ မဟုတ်ဘူး၊ ကျနော်တို့ကို သံသယစိတ် တွေ ဖြစ်စေတဲ့အတွက်ကြောင့်ပါ” ဟု ဆက်ပြောသည်။

    ထိုမျှမက အစိုးရအနေဖြင့် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှု လုပ်ဆောင်နေသည်ဟု ပြောသော်လည်း လက်တွေ့ အကောင်အထည် ဖော်ရာတွင် တန်းတူမှု၊ တရားမျှတမှု မရှိသည့်အပြင် နောက်ပြန်ဆုတ်သော လုပ်ဆောင်ချက်များကြောင့် ဆွေးနွေးပွဲများ မတင်မကျ ဖြစ်စေကြောင်း UNFC ၏ အောက်တိုဘာ ၂၂ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    ဆက်လက်၍ NCCT နှင့် UPWC တို့၏ သတ္တမအကြိမ်ထပ်မံတွေ့ဆုံရေးနှင့် ပတ်သက်၍ “ဒါက အစိုးရဘက်ကပဲ ဆုံးဖြတ်ရမယ့် သဘောမျိုးဖြစ်နေပါတယ်၊ ကျနော်တို့ UNFC က NCCT ကို ဝန်းရံတဲ့သဘောမျိုးပဲ ဆက်သွားမှာပါ၊ တွေ့ဆုံဖို့က MPC က ဆောင်ရွက်နေတော့ အစိုးရဘက်က အဆင်သင့်ဖြစ်တဲ့အချိန် သူတို့ပြောမှပဲ ကျနော်တို့ သိနိုင်မယ်” ဟု ခူဦးရယ်က ဆက်ပြောသည်။

    ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ် အောင်မြင်ရေးအတွက် မိမိတို့ UNFC အဖွဲ့ဝင်မဟုတ်သည့် ညီနောင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ ဒီမိုကရေစီအင်အားစုများနှင့် လက်တွဲသွားနိုင်ရန်အတွက် နည်းလမ်းရှာသွားမည်ဟုလည်း သူကဆိုသည်။

    မြန်မာငြိမ်းချမ်းရေးစင်တာ MPC အကြီးတန်းအရာရှိ ဦးလှမောင်ရွှေက “ကျနော်တို့ ဒီအောက်တိုဘာလ ကုန်ခါနီးမှာ အန်စီစီတီနဲ့ ယူပီဒဗလျူစီ တွေ့နိုင်ဖို့ မျှော်လင့်တယ်။ အဲဒါပြီးသွားရင်တော့ ကျနော်တို့ လက်မှတ်ရေးထိုးနိုင်တဲ့ ကိစ္စတွေရှိလာမယ်” ဟု ပြောသည်။

    ၄င်းအနေဖြင့် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ၊ ဖေဖော်ဝါရီလများတွင် နိုင်ငံရေးဆွေးနွေးပွဲများစတင်နိုင်ပါက တစ်နိုင်ငံလုံးမှပါဝင်မည့် State holder များအတွက် အကောင်းမွန်ဆုံးအနေအထားယူဆသည်ဟု ဆိုသည်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က “တစ်ဖက်က အပစ်အခတ်ရပ်စဲရေးကိုပြောနေပြီး တစ်ဖက်က ပြန်လည်တိုက်ခိုက်နေတယ်ဆိုတော့ ဒီလုပ်ရပ်တွေအပေါ်မှာ တစ်ခုခုတော့ ပြုပြင်ဖို့လိုနေပြီလို့ သတ်မှတ်ရမှာပဲ” ဟု နေပြည်တော် ပြည်သူ့လွှတ်တော်၌ အောက်တိုဘာ ၂၀ ရက်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

    အစိုးရ၏ ငြိမ်းချမ်းရေးဖော် ဆောင်ရေးကိုယ်စားလှယ်အဖွဲ UPWC နှင့် တိုင်းရင်းသားလက်နက်ကိုင်တို့၏ တစ်နိုင်ငံလုံးအပစ်အခတ် ရပ်စဲရေးဆိုင်ရာညှိနှိုင်းရေးအဖွဲ့ NCCT တို့ ပထမဆုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ၂၀၁၃၊ နိုဝင်ဘာ ၄-၅ ရက်များတွင် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ စတင်ပြုလုပ်ခဲ့ရာ တစ်နှစ်တာအတွင်း NCA မူကြမ်း ဆွေးနွေးပွဲတရားဝင် (၆) ကြိမ်ပြုလုပ်ခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,800SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks