spot_img
Monday, December 15, 2025
More
    spot_img
    Homeသတင်းသေမင်းတမန် မီးရထားလမ်းပြတိုက်တည်ဆောက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူ

    သေမင်းတမန် မီးရထားလမ်းပြတိုက်တည်ဆောက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူ

    -

    မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့ရှိ သေမင်းတမန် မီးရထားလမ်းပြတိုက်နှင့် ပန်းခြံ တည်ဆောက်ရန် အောက်တိုဘာ ၁၅ ရက်နေ့မှစတင်ပြီး အိတ်ဖွင့်တင်ဒါ တင်သွင်းနိုင်ပြီးကြောင်း မွန်ပြည်နယ်စည်ပင် သာယာရေး ကော်မတီ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးခိုင်က ပြောသည်။

    ဒေါ်အေးခိုင်က “တင်ဒါစခေါ်နေပါပြီး၊ မနေ့ကစပြီး ၂၁ ရက်နေ့အထိ တင်ဒါတင်လို့ရတယ်၊ သတင်းစာတွေ မှာလည်း ကြေညာထား ပါတယ်၊ စည်ပင်အနေနဲ့ ရှယ်ယာထည့်ဝင်ဖို့ကိုလည်း ရှိပါတယ်” ဟု လွတ်လပ်သောမွန်သတင်းအေဂျင်စီIMNA သို့ ပြောသည်။

    တင်ဒါတင်သွင်းမည့် ကုမ္ပဏီများအနေနှင့် ယခုလ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ မွန်ပြည်နယ် ပြည်နယ်စည်ပင်သာယာရေးကော်မတီ အိတ်ဖွင့်တင်ဒါစိစစ်ရေးအဖွဲ့သို့ တင်သွင်းရမည်ဖြစ်ပြီး၊ တင်သွင်းမည့် ကုမ္ပဏီ၏ Profile၊ တည်ဆောက်မည့် လုပ်ငန်းတစ်ခုချင်း ပုံစံ၊ ခန့်မှန်းတွက်ချက်မှု၊ အသေးစိတ်စီမံချက်၊ လုပ်ငန်းအချိန်ဇယာ (Work Schedule) တို့ကို အသေးစိတ် တင်သွင်းရမည် ဖြစ်သည်။

    “ကုမ္ပဏီ ဘယ်နှစ်ခုလောက် တင်မလည်းဆိုတာတော့ မပြောနိုင်သေးဘူး၊ လျှောက်လွှာစုံမှ စီစစ်ရေးအဖွဲ့က ရွေးချယ်သွားမှာပါ၊ အဲဒါပြီးမှ တင်ဒါအောင်မြင်တဲ့ကုမ္ပဏီနဲ့ အသေးစိတ် ညှိနှိုင်းမှုတွေ ဆက်လက်လုပ်ဆောင်သွားဦးမယ်” ဟု ၎င်းက ဆက်ပြောသည်။

    အဆိုပါတင်ဒါတင်သွင်းရာတွင် သတ်မှတ်ရက်ထက်ကျော်လွန်သည့် လျှောက်လွှာများကို ထည်းသွင်းစဉ်း စားမည်မဟုတ်ကြောင်း ဒေါ်အေးခိုင်က ဆက်ပြောသည်။

    တင်ဒါတင်သွင်းမည့် တလမန်ကုမ္ပဏီမှ ဒါရိုက်တာ မင်းဗညာစန်းက “ဒီစီမံကိန်းနဲ့ပတ်သက်ပြီး ကျနော်တို့ တင်ဒါတင်မှာပါ၊ အသေးစိတ် အချက်အလက်တွေကို တွက်ချက်ပြီးတော့မှ တင်မှာပါ” ဟု ပြောသည်။

    တလမန်ကုမ္ပဏီအနေဖြင့် အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်ရန် ယခင်က မွန်ပြည်နယ်အစိုးရသို့တင်ပြထားသော်လည်း ယခုအခါ အိတ်ဖွင့်တင်ဒါခေါ်ယူသည့်အတွက် ပြန်လည်တင်ရမည်ဖြစ်ကြောင်း၊ မိမိတို့ ကုမ္ပဏီလုပ်ဆောင်ခွင့်ရရှိရန် များစွာ မျှော်လင့်ထားကြောင်း မင်းဗညာစန်းက ဆက်ပြောသည်။

    သေမင်းတမန် မီးရထားလမ်းပြတိုက် ပြန်လည်တည်ဆောက်ရခြင်းမှာ နိုင်ငံခြားခရီးသွား ဧည့်သည်များ လာရောက် လည်ပတ်နိုင်စေရန် ရည်ရွယ်ထားကြောင်း သိရသည်။

    အဆိုပါသေမင်းတမန်ပြတိုက်၌ မြေဧရိယာ အကျယ်အဝန်း (၆.၆၁) ဧကရှိပြီး မီးရထားလမ်းပြတိုက် တည်ဆောက်ခြင်း၊ အမှတ်တရ ပစ္စည်း အရောင်ဆိုင်များ၊ စားသောက်ဆိုင်များ၊ ကာရပ်နားရန်နေရာများ၊ ဟိုတယ်၊ ရေကူးကန်နှင့် မင်္ဂလာခန်းမများ တည်ဆောက်မည် ဖြစ်ကြောင်း သိရသည်။

    အဆိုပါ သေမင်းတမန် မီးရထားလမ်းသည် ဒုတိယကမ္ဘာစစ်တွင် ထိုင်း (ယိုးဒယား) – မြန်မာ နှစ်နိုင်ငံကို ဆက်သွယ်ရန် ဂျပန်စစ်တပ်မှ ဖောက်လုပ်ခဲ့ရာ လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရသည့်အတွက် သေမင်းတမန် ရထားလမ်းအဖြစ် ထင်ရှားခဲ့သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,200SubscribersSubscribe
    spot_img

    Latest posts