spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းရေး-ရန်ကုန် ရွှေမြိုင်သူယာဉ်လိုင်း ပြေးဆွဲခွင့်မရ

    ရေး-ရန်ကုန် ရွှေမြိုင်သူယာဉ်လိုင်း ပြေးဆွဲခွင့်မရ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်အုပ်ချုပ်ရေးမှူး၏ ခွင့်ပြုချက် မရရှိသည့်အတွက် ရေးမြို့ မှ ရန်ကုန်သို့ စက်တင်ဘာလ ၂၄ ရက်နေ့တွင် စတင်ပြေးဆွဲရန် စီစဉ်ထားသည့် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက်ပိုင် ဗန္ဓုလ သယ်ယူပို့ဆောင်ရေးကုမ္ပဏီမှ ရွှေမြိုင်သူယာဉ်များ ရန်ကုန်သို့ ပြန်သွားကြပြီ ဖြစ်ကြောင်း ရေးမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ နာယက ဦးကျော်နိုင် က ပြောသည်။

    သူက “အဝေးပြေးကွင်း ပီပီပြင်ပြင် မရှိတဲ့အတွက် အဝေးပြေးယာဉ်တွေ မြို့ထဲမှာ ရပ်ပြီး ခရီးသည်အတင်အချလုပ်နေလို့ ယာဉ်ကြော ပိတ်ဆို့မှုတွေ ဖြစ်နေတဲ့အတွက် မြို့နယ်ကော်မတီရဲ့ ဆုံးဖြတ်ချက်အရ ပြေးဆွဲခွင့် မပြုတာလို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောတယ်” ဟု ပြောသည်။

    ယာဉ်လိုင်းဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်မည့် ဗန္ဓလသယ်ယူပို့ဆောင်ရေး လုပ်ငန်းကုမ္ပဏီမှ MD နှင့် ဒါရိုက်တာအဖွဲ့များနှင့် တွေ့ဆုံစဉ် စက်တင်ဘာလ ၂၃ ရက်နေ့တွင် ရေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးမိုးဇော်နိုင်က တားမြစ်ခဲ့ခြင်း ဖြစ်သည်။

    ဗန္ဓုလ သယ်ယူပို့ဆောင်ရေးဘက်ကမူ ပြေးဆွဲခွင့်ရရန် လွန်ခဲ့သည့် ၁၀ ရက်ခန့်က ရေးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ တင်ပြခဲ့ပြီး၊ ကန့်ကွက်ရန် မရှိကြောင်း ထုတ်ပြန်ပေးခဲ့သည်ဟု ပြောသော်လည်း မြို့နယ်ယထက ဘက်ကမူ ယာဉ်ပြေးဆွဲခွင့်ရရန် တင်ပြထားခြင်း မရှိဟု ဆိုသည်။

    မြို့နယ် ယထက ဥက္ကဋ္ဌ ဦးအောင်အေးမြင့် က “ပြေးဆွဲခွင့် မတင်ထားလို့ အုပ်ချုပ်ရေးမှူးက ခွင့်မပြုတာ၊ လုပ်ထုံးလုပ်နည်းနဲ့အညီ လုပ်ရင် ခွင့်ပြုပေးဖို့ ရှိတယ်” ဟု ပြောသည်။

    ယာဉ်လိုင်းပြေးဆွဲခွင့် ရရှိရေးအတွက် အမြန်ဆုံး ဆောင်ရွက်ပြေးဆွဲသွားမည် ဖြစ်ကြောင်းနှင့် ဒေသဖွံ့ဖြိုးရေး လိုအပ်သည့်အတွက် မိမိတို့ယာဉ်လိုင်းအနေဖြင့် လာရောက်ပြေးဆွဲရခြင်း ဖြစ်ကြောင်း ဗန္ဓုလ သယ်ယူပို့ဆောင်ရေးမှ တာဝန်ရှိသူတစ်ဦးက စက်တင်ဘာလ ၂၄ ရက်နေ့ ရေးမြို့နယ် စစ်မှုထမ်းဟောင်းရုံး၌ ပြုလုပ်သည့် ယာဉ်လိုင်းသစ်ဖွင့်ပွဲတွင် ပြောသည်။

    ရေးမြို့ပေါ်တွင်မော်တော်ယာဉ်အဝေးပြေးကွင်း ပီပြင်မှု မရှိခြင်းကြောင့် ရေးမှ ရန်ကုန်သို့ ပြေးဆွဲနေသည့် ယာဉ်လိုင်း ၅ လိုင်း၊ ရေးမှ မော်လမြိုင်သို့ ပြေးဆွဲနေသည့် ယာဉ်လိုင်း ၂ လိုင်းမှာ မြို့တွင်း ရပ်တန့်ကာ ခရီးသည်အတင်အချ ပြုလုပ်နေခြင်းနှင့် ကုန်တင်ကားများ၊ ဟိုင်းလတ်ယာဉ်များ၊ ဒေသတွင်း ပြေးဆွဲနေသည့် ယာဉ်လိုင်းများဖြင့် ရေးမြို့မအတွင်း ယာဉ်ကြောပိတ်ဆို့နေမှုများ ဖြစ်ပွားလျက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts