Homeသတင်းအစိုးရကျောင်း မူလတန်းပညာရေး မွန်သင်ရိုးညွန်းတမ်းပြန်လည်ရေးဆွဲ

အစိုးရကျောင်း မူလတန်းပညာရေး မွန်သင်ရိုးညွန်းတမ်းပြန်လည်ရေးဆွဲ

-

မွန်ဒေသရှိအစိုးရကျောင်းများတွင် ယခင်အစိုးရလက်ထက် သင်ရိုးညွန်းတမ်းဖြင့် မွန်စာပေသင်ကြားလျက်ရှိရာ လာမည့်နှစ်များအတွက် သင်ရိုးညွန်းတမ်းသစ်ကို စက်တင်ဘာလမှ စတင်ရေးဆွဲသွားမည်ဟု သိရသည်။

“သင်ရိုးညွန်းတမ်းအဟောင်းတော့ ရှိတယ်။ ရှိပေမယ့် ကျောင်းသားတွေအတွက်က လေးနေတယ်။ ပေါ့ပေါ့ပါးပါးမဖြစ်နေဘူး။ ဝန်ထုတ်ဝန်ပိုးဖြစ်နေတယ်။ အခုရှိနေတဲ့သင်ရိုးညွန်းတမ်းကလည်း သူငယ်တန်းကနေ ဒုတိယတန်းထိပဲရှိတယ်” ဟု သင်ရိုးညွန်းတမ်းရေးဆွဲရေးအဖွဲ့ဝင် ဆရာဇေက ပြောသည်။

မွန်ပြည်နယ်အစိုးရမှ မူလတန်းအဆင့် မွန်စာသင်ကြားခွင့်ပြုလိုက်သည့်အတွက် ကျန်ရှိနေသည့် တတိယတန်းနှင့် စတုတ္ထတန်းများအတွက် သင်ရိုးထပ်မံလိုအပ်နေသည်ဟု ဆရာဇေက ဆိုသည်။

မွန်ဘာသာစာသင်ရိုးညွန်းတမ်းရေးဆွဲရန်အတွက် ပညာရေးဌာန၊ တက္ကသိုလ်ဆရာ/မများ၊ အငြိမ်စားပညာရေးဝန်ထမ်းများ၊ သင်ရိုးညွန်းတမ်းရေးဆွဲသည့်အတွေ့အကြုံရှိသူများကို ဖိတ်ခေါ်ပြီး သင်ရိုးညွန်းတမ်းရေးဆွဲရေးကော်မတီတစ်ရပ်ကို မွန်ပြည်နယ်အစိုးရမှ ဖွဲ့စည်းပေးခဲ့ရာ သင်ရိုးညွန်းတမ်းများ၊ ဆရာလက်ကိုင်စာအုပ်နှင့် သင်ကြားနည်းစနစ်များကို လာမည့်ပညာသင်နှစ်အမီ ရေးဆွဲမည်ဟု ဆိုသည်။

“ကျနော်တို့ ရည်မှန်းချက်က စာဖတ်တတ်ဖို့ရယ်။ နောက်ပြီတော့ ကလေးတွေမှာ ဗမာစာသင်တဲ့ကလေးတွေလိုမျိုးပဲ ဘာ skills တွေထည့်မလဲပေါ့။ ဒီ skills တွေကို ပါအောင် child psychological စတာတွေကိုလည်း ကျနော်တို့ အကုန်ထည့်မယ်။ ဒါကိုအခြေခံပြီးတော့ ပြဋ္ဌာန်းစာအုပ်တွေ ထွက်လာမယ်။ ကျနော်တို့က မူကြိုအပါအဝင် စတုတ္ထတန်းအထိ သင်ရမယ့် ပြဋ္ဌာန်းစာအုပ်တွေ ထွက်လာမယ်။ ထွက်လာတဲ့အခါ သင်မယ့်ဆရာအတွက် လက်စွဲစာအုပ် ကျနော်တို့ ထုတ်ရအုံးမယ်။ သင်နည်းကိုလည်း ကျနော်တို့ သင်တန်းပေးမယ်။ သင်တန်းပေးဖို့လိုမယ်” ဟု မွန်ပြည်နယ်အစိုးရ စီမံ/စီးပွားရေးဝန်ကြီး ဒေါက်တာမင်းနွယ်စိုးက ပြောသည်။

“တစ်နေ့ကို စာသင်ချိန် ၈ ချိန်ပဲရှိတယ်။ မွန်စာကို တစ်နေ့တစ်ချိန်သင်ခြင်းအားဖြင့် ကလေးတွေအတွက်လည်း သူတို့ရဲ့ academic subject ကို ဘာမှအနှောက်အယှက်ဖြစ်မှာ မဟုတ်ဘူးလို့ ထင်တယ်” ဟု ဆရာဇေက ဆိုသည်။

မွန်ပြည်နယ်ရှိ ပေါင်မြို့နယ်၊ သထုံမြို့နယ်၊ ချောင်းဆုံမြို့နယ်၊ ကျိုက်မရောမြို့နယ်၊ မော်လမြိုင်မြို့နယ်၊ မုဒုံမြို့နယ်၊ သံဖြူဇရပ်မြို့နယ်နှင့် ရေမြို့နယ်ရှိ အစိုးရစာသင်ကျောင်းများတွင် မွန်စာပေသင်ကြားနိုင်မည့်ကျောင်း ၃၈၂ ကျောင်း၌ ကျောင်းသား ၄၈၀ဝ၀ ကျော်ခန့် သင်ကြားနိုင်မည်ဟု သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts